အံ့ဘုန်းမြတ် ၂၈ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းတွေ အချင်းချင်း အပြန်အလှန် တိုင်းကြားချက်တွေကို ရွေးကောက်ပွဲကော်မရှင်က ၆ လနီးပါးအကြာမှ ပြန်လည် စစ်ဆေးလာတဲ့အပေါ် ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေမှာ အားနည်းချက်တွေ ရှိနေပြီလို့ တရားရေးဝန်ထမ်းအချို့က ဝေဖန်လိုက်ကြပါတယ်။
ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေ ခေါ်ယူကျင်းပနေတဲ့အချိန်မှာ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုတွေကို ကော်မရှင်က ကြားနာစစ်ဆေးမှု ရပ်ဆိုင်းထားရာက ၆ လ နီးပါးအကြာ ဒီလကုန်က စပြီး ပြန်လည်စစ်ဆေးနေတာပါ။
ဒီကာလအတွင်း စွပ်စွဲတိုင်ကြားခံထားတဲ့ ပုဂ္ဂိုလ်တွေက အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ ဖြစ်သွားတာမျိုးတွေလည်း ပါဝင်နေသလို ရေးရာကော်မတီဝင်တွေထဲမှာလည်း ပါဝင်မှုတွေရှိလာကြောင့် ဆုံးဖြတ်ချက်တွေ ခက်ခဲနိုင်ပြီး ဒီလို နှစ်ဝက်နီးပါးကြာအောင် ကြံ့ကြာနေတဲ့ ကော်မရှင်ရဲ့ စစ်ဆေးမှုတွေကို တရားရေးဝန်ထမ်းတွေက ဝေဖန်လိုက်ကြတာလည်း ဖြစ်ပါတယ်။
ကောမရှင်ရဲ့ တရားစီရင်ရေမှာ ဒီလိုအားနည်းချက်တွေ ရှိနေတာကြောင့် နောက်ပိုင်းမှာ အလျင်အမြန် စစ်ဆေးနိုင်ဖို့ အတွက် ဥပဒေတွေကို ပြင်ဆင်ဖို့လိုအပ်ပြီလို့ ဒီအမှုတွေမှာ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးမြင့်သွင်က ဆိုပါတယ်။ လက်ရှိကောင်မရှင်မှာ ကြားနေတဲ့အမှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဥပဒေတွေထဲက မရှင်းလင်းတဲ့အချက်ကိုလည်း သူက အခုလို ထောက်ပြလိုက်ပါတယ်။
“အခု အချိန်ကြာမှ ဒီလိုဆွဲပြီး စစ်တာကတော့ နောင်ကျရင်တော့ ပြန်ပြင်ဆင်သင့်တဲ့ အချက်တွေပါပဲ။ အရေးကြီးတာက ဒီစွတ်စွဲခံရတဲ့ထဲက လွှတ်တော်တက်နေတဲ့ ပုဂ္ဂိုလ်ကို ဖယ်ရှားပြစ်လိုက်ရင်ရော နောက် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှာလား။ ဒါမှ မဟုတ်လို့ရှိရင် အစိုးရအဖွဲ့ထဲမှာ မပါရင်ရော ဖယ်ပြစ်မှာလား။ ပါနေရင် ချန်ထားမှာလား ဆိုတာ ကော်မရှင်ဥဒေရဲ့ အားနည်းချက်တွေပါ။ ဒါတွေကို နောင်ကျရင်တော့ ကော်မရှင်ဥပဒေတွေအကုန်လုံး ပြန်ပြင်ရမယ့် သဘောပါပဲ။”
ဒီကနေ့ အမှုတွေကို ပြန်လည်ပြီး စစ်ဆေးတဲ့အခါမှာတော့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီကနေ ကိုယ်စားပြုပြီး ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄) က ရွေးကောက်တင်မြှောက်ခံထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကို ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးမြတ်သူ (ခ) ဦးကျော်ဇင်ညွန့်က ရွေးကောက်ပွဲ ကာလအတွင်း တရားမဲ့ပြုကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားချက်တွေကို ကြားနာခဲ့ တာလည်း ဖြစ်ပါတယ်။ ဒီကနေ့အမှုချိန်း အခြေအနေကိုတော့ စွပ်စွဲခံထားရတဲ့ ဒေါက်တာမြတ်ဉာဏစိုးက အခုလို ရှင်းပြပါတယ်။
“မဲရုံမသမာမှုတွေပေါ့နော် လုပ်ခဲ့တယ်ဆိုတဲ့ အချက်တွေ အားလုံးကို ပြန်ရုတ်သိမ်းသွားပါတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ နိုင်ငံတော်အစိုးရအပေါ်မှာ ကျနော်က ပုတ်ခတ်ဆန့်ကျင်ပြီးတော့ စည်းရုံးမှုတွေ ပြုခဲ့တယ်ဆိုတဲ့ အချက်တချက်ပဲ ကျန်ပါတော့တယ်။ မေလ ၉ ရက်နေ့ကို ပြန်ပြီး ချိန်းဆိုပါတယ်။ ပြီးရင်တော့ အဲဒီမှာ ဆက်တိုက် ကြားနာ မယ်ပေါ့နော် အမြန် မေလ တပတ်အတွင်း အပြီး ကြားနာမယ်လို့ သိခဲ့ရပါတယ်။ နဂိုတုန်းက ခုံအဖွဲ့တွေတော့ ပြောင်းသွားပါတယ်။ အရင် ခုံအဖွဲ့က ၁၆ ပါ။ အခုက ခုံအဖွဲ့ ၄ ဖြစ်သွားပါတယ် အဲဒါ ပြောင်းလဲပါတယ်။”
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအပြီး နှစ်ဝက်အကြာမှာ တိုင်ကြားထားတဲ့အမှုကို အခုလို ပြန်လည် စစ်ဆေးကြားနာမှုတွေ ပြုလုပ်နေပေမယ့် ဒေသဆိုင်ရာရဲစခန်းတွေမှာ ရာဇ၀တ်ပြစ်မှုတွေနဲ့ တိုင်ကြားထားတဲ့ အမှု တွေကိုတော့ တစုံတရာ ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိသေးပါဘူး။
Leave a Reply