လူမှုရေး, သတင်း

လူမှုရေးလုပ်ငန်းတွေကို အစိုးရကိုယ်တိုင် လုပ်ဆောင်ဖို့လို


အံ့ဘုန်းမြတ် ၂၃ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)

ပြည်သူတွေအတွက် လိုအပ်နေတဲ့ လူမှုရေးလုပ်ငန်းတွေကို အစိုးရကိုယ်တိုင်က အစစအရာရာ တာဝန်ယူ လုပ်ဆောင်ပေးဖို့ ကိုကျော်သူကတိုက်တွန်း ပြောကြားလိုက်ပါတယ်။ ဒီလိုသာလုပ်ကိုင်လာမယ်ဆိုရင် လူမှုရေးလုပ်ငန်းတွေကို လူပုဂ္ဂိုလ်တွေက ၀င်ရောက်လုပ်ကိုင်စရာ မလိုတော့ဘူးလို့လည်း ကိုကျော်သူက ပြောပါတယ်။ ဒီကနေ့မှာပြုလုပ်တဲ့ နာရေးကူညီမှုအသင်းရန်ကုန်ရဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားအပြီးမှာ အသင်းရဲ့ ဥက္ကဌအဖြစ်တဲ့ ကိုကျော်သူက ပြောကြား လိုက်တာပါ။

“အမှန်တော့ ပြည်ပတိုင်းပြည်တွေမှာ ပံ့ပိုးမှုတွေအတိုင်း လုပ်ပေးနိုင်ရင် အကောင်ဆုံးပေါ့။ ကျနော့်အနေနဲ့ လူမှုရေးတောင် မလုပ်ချင်တော့ဘူး။ ပြည်သူကို လှည့်မကြည့်ချင်လို့ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ လူမှုရေးသမားတွေရှိတဲ့ နိုင်ငံ၊ လူမှုရေး အဖွဲ့အစည်းတွေရှိတဲ့နိုင်ငံဟာ ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေဖြစ်တဲ့အတွက် ကျနော်တိုင်းပြည်ကို အမြန်ဆုံး ချမ်းသာ စေချင်လှပါပြီ ဒါကြောင့် ကျနော် လူမှုရေး မလုပ်ချင်တော့ဘူးလို့ ပြောတာပါ။ ကျနော်တို့နိုင်ငံ သမ္မတကြီးဦးသိန်းစိန် ပြောတဲ့အတိုင်း လာဘ်ပေးလာဘ်ယူ ပပျောက်ဖို့၊ တိုင်းပြည်သာယာအေးချမ်းဖို့၊ လူသားချင်း စာနာစိတ်မွေးဖို့ အဲဒီကိစ္စကို ပြည်သူပြည်သားအားလုံးနဲ့ လက်တွဲပြီးတော့ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေလို့ ကျနော် ဆန္ဒပြုပါတယ်”

ဒါ့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်) အနေနဲ့ ၁၀ နှစ်တာ သက်တမ်းအတွင်း အစိုးရပိုင်းရဲ့ ဖိအားပေးတာတွေ၊ အစိုးရကိုယ်တိုင် ထူထောင်ထားတဲ့ လူမှုရေးအသင်းအဖွဲ့တွေရဲ့ တရားနည်းလမ်းမကျတဲ့ ယှဉ်ပြိုင်မှုတွေကို ကြုံတွေ့ခဲ့ရတဲ့ အပေါ်ကိုလည်း ကိုကျော်သူက

“ဘယ်အလုပ်ပဲ ဖြစ်ဖြစ် ကိုယ့်လမ်းကိုယ်သွားပြီး ကိုယ့်အလုပ်ကိုယ်လုပ်ဖို့ ကောင်းပါတယ်။ ဒီလူမှုရေးလုပ်တယ်ဆိုရင် တကယ့်ကို ပြည်သူကို ကူညီပံ့ပိုးမယ်ဆိုတဲ့ ခံယူချက်နဲ့ လုပ်ဖို့ ကောင်းပါတယ်။ ဘယ်အသင်းအဖွဲ့ကို တိုက်ခိုက်ဖို့ ဘယ်ပုဂ္ဂိုလ်ကို စော်ကားဖို့၊ ရှုတ်ချဖို့ ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ လုပ်ရင် ဒါအကုန်လုံး မှားပါလိမ့်မယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။”

ဒီကနေ့မှာ ပြုလုပ်တဲ့ ၁၀ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကိုလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး အလှူငွေတွေကိုလည်း ထည့်ဝင် လှူဒါန်းခဲ့ပါတယ်။ ဒီအခမ်းအနား အစီ အစဉ်တွေကိုလည်း ကိုကျော်သူက အခုလို ပြောပြပြန်ပါတယ်။

“ဒီပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သုခကုသိုလ် ဖြစ်ဆေးခန်း မျက်စိခွဲခန်းအတွက် ဒေါ်လာတသောင်းခွဲ လှူတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်း တက်ရောက်တယ်။ ဘဘဦးသုခ ကျောက်ရုပ်ကို ဒေါ် အောင်ဆန်းစုကြည်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တယ်။ ဒါတော့ ထူးခြားတာပေါ့လေ။ တခြားအစီအစဉ်က ကျနော်တို့ ဈေးရောင်းပွဲရယ် နောက် လာတဲ့အလှူရှင်တွေ၊ ဧည့်သည်တော်တွေကို ကျနော်တို့ လိုက်ပြီးတော့ လုပ်ဆောင်ချက်တွေကို ပြသတယ်။ နောက် အပေါ်ထပ်မှာ ဖျော်ဖြေရေးပေါ့။ ဆောင်ဦးလှိုင်တို့၊ ကိုရဲလွင်တို့နောက် ကျနော်တို့နာရေးအသင်းတွက် ဂီတဘက်ကနေ ပံ့ပိုးကူညီပေးတဲ့ ဂီတပညာရှင်တွေ အားလုံးလိုလို လာကြတယ်။”

နာရေးကူညီမှုအသင်း (ရန်ကုန်) ကို ၂၀၀၁ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှာ စတင် ထူထောင်ခဲ့တာဖြစ်ပြီး ဆင်းရဲချမ်းသာမရွေးတို့ရဲ့ နာရေးကိစ္စတွေကို မြန်မာနိုင်ငံအနှံ့က မြို့နယ်ပေါင်း ၅၀ ကျော်မှာ အသင်းခွဲပေါင်း ၅၀ ကျော်အထိ တိုးချဲ့ဖွင့်လှစ်ပြီး ကူညီဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်) ကနေ နာရေးကူညီမှုလုပ်ငန်းတွေ အပြင် သုခကုသိုလ်ဖြစ်ဆေးခန်းကို ဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေသလို ကလေးသူငယ်တွေအတွက် အင်္ဂလိပ်စာ သင်တန်း အပါအ၀င် ပညာရေးလုပ်ငန်းတွေကိုလည်း ပံ့ပိုးဆောင်ရွက်နေတဲ့ လူမှုရေးအဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: