အံ့ဘုန်းမြတ် ၂၂ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)
သမ္မတဦးသိန်စိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ်ကို ဒေါ်အောင်ဆန်းစုကြည်က အရှိကိုအရှိအတိုင်း လက်ခံကြောင်း ပြောကြားခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့တဲ့အတွက် ဒီကနေ့လုပ်တဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးမှာ ပြန်လည်ရှင်းလင်း ပြောကြားလိုက်ပါတယ်။ အစိုးရအဖွဲ့သစ်ကို အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ဖို့အတွက်သာ အရှိကို အရှိအတိုင်း လက်ခံထားခြင်းသာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ ဒီလို ပြောကြားလိုက်တာနဲ့ပတ်သက်ပြီး အဖွဲ့ချုပ် ဗဟိုပြန့်ကြားရေး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အခုလို ပြန်ပြောပြပါတယ်။
“လက်ရှိအခြေနေတွေနဲ့ပတ်သက်ပြီးတော့ တချို့ ပြောဆို ဝေဖန်တဲ့ လူတွေက ကျတော့ ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်မခံဘူးပြောတယ်။ ရွေးကောက်ပွဲ မ၀င်ဘူးပြောတယ်။ အခုတော့ အစိုးရကို အသိအမှတ်ပြုတယ်လို့ ပြောတယ်ပေါ့။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတာပါ။ အဲဒါက ဘာလဲဆိုတော့ လက်ရှိအားဖြင့် လွှတ်တော်က ဖွဲ့စည်းပေးလိုက်တဲ့ အစိုးရသစ် တရပ်ရှိတယ်။ ဒီအစိုးရသစ်တရပ်ကို အရှိအရှိအတိုင်းတော့ ကျနော်တို့ လက်ခံထားရပါတယ်။ ဒါဘာကြောင့်လဲဆိုရင် ကျနော်တို့ တောက်လျှောက်လည်း ၈၈ ကနေပြီးတော့ အခု လွှတ်တော် ကြားထဲမှာလည်း နအဖ၊ န၀တကို ဒိုင်ယာလော့ လုပ်ပေးပါ တောင်းဆိုခဲ့တယ်။ ဒိုင်ယာလော့ လုပ်ပေးပါ တောင်းဆိုတာ အဲဒီ အစိုးရတွေကို အရှိအတိုင်း လက်ခံတဲ့သဘောပါပဲ။ အခုလည်း ဒီလိုပါပဲလို့ သူက ရှင်းပြတာပါ။”
ဒါ့အပြင် ဒီကနေ့လုပ်တဲ့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ပြီးတဲ့သတင်းပတ် တုန်းက သမ္မတသစ် ဦးသိန်းစိန်ဆီကို ပို့ထားတဲ့စာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့ကြပြီး လာမယ့်အပတ်ထဲမှာ တရားဝင် သတင်းထုတ်ပြန်ဖို့ ရှိနေပါတယ်။ ဒီစာထဲမှာတော့ အစိုးရသစ်လက်ထက် တရားဥပဒေစိုးမိုးရေးတွေနဲ့ ဆိုင်တာတွေကို အဓိကထည့် သွင်းထားတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။
“ကျနော်တို့ ဒီနေ့ စီအီးစီ အစည်းဝေးထိုင်တော့ သမ္မတကြီးဆီကို စာတစောင် ကျနော်တို့ တင်ထားခဲ့ပါတယ်။ အဲဒီ စာတစောင်ကို လာမယ့် အပတ်ထဲမှာ ကျနော်တို့ ထုတ်ပြန်ပေးမယ်။ ဒီနေ့ကတော့ အချိန်မရလို့ပါ။ စာပါ အကြောင်းအရာ အသေးစိတ်ကိုတော့ ကျနော် ခုနေ ပြောလို့ မရသေးပါဘူး။ အခြေခံ ပြောလို့ရှိရင်တော့ တရားဥပဒေ စိုးမိုးရေးကိစ္စပါပဲ။”
Leave a Reply