အံ့ဘုန်းမြတ် ၂၁ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)
ရွေးကောက်ပွဲကာလအတွင်းက ပြဿနာတွေနဲ့ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ အခြားပါတီ တွေက ကိုယ်စားလှယ်လောင်းတွေ အပြန်အလှန် တိုင်ကြားထားတဲ့ အမှုတွေကို ၆ လ နီးပါးအကြာ ဒီလကုန်ပိုင်းက စတင်ပြီး နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်မှာ စစ်ဆေးမှုတွေကို ပြန်လည်ပြုလုပ်မယ်လို့ သိရပါတယ်။
ဒီလိုကြားနာဖို့ရှိနေတာနဲ့ ပတ်သက်ပြီး ကိုယ်စား လှယ်တွေရဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင်က အခုလို ပြောပြပါတယ်။
“ဒေါက်တာမြတ်ဉာဏစိုးကို ကန့်ကွက် ခံရတဲ့အမှုက ဒီလ ၂၈ ရက်နေ့မှာ စပြီးတော့ ခေါ်တယ်။ ဒေါ်ဘောက်ဂျာ အမှုကတော့ မေ ၃၀ နဲ့ ၃၁ ကို ချိန်းထားတယ် ကော်မရှင်ရုံးကနေ။ ဒေါ်တင်တင်မာနဲ့ ပတ်သက်တဲ့ အမှုကတော့ မေ ၂ ရက်ရယ်၊ နောက် မေ ၂၅-၂၆-၂၇ မှာ ခေါ်ပြီးပါပြီ။ ကော်မရှင်ရုံးမှာ အမှုတွေ ပြန်စစ်ဖို့ ခေါ်နေပါပြီ။ အကုန်လုံး ပြင်ဆင်ပြီးပါပြီ။ ကော်မရှင်ကလည်း ကိုယ်စားလှယ်တွေ ဆီရော ကျနော့်ဆီရော အကြောင်းကြားပါတယ်။”
ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကို တိုင်ကြားထားတဲ့ အမှု ၂၉ ခု လောက်ရှိနေပြီး ပြီးခဲ့တဲ့ ဇန်န၀ါရီလထဲက စစ်ဆေးနေပေမယ့် လွှတ်တော်အစည်းအဝေးတွေ ကျင်းပနေတာကြောင့် အမှုစစ်ဆေးတာတွေကို ရပ်နားထားရာက အခုလို ပြန်လည်စစ်ဆေးဖို့ ဆင့်ခေါ်ထားတာ ဖြစ်ပါတယ်။
လွှတ်တော်အစည်းအဝေးမှာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင် ဥက္ကဌကို ပြောင်းလဲခန့်ထားတာတွေရှိခဲ့ပြီး ဥက္ကဌသစ်ဖြစ်လာတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး လက်ထက် ဒီအမှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးမြင့်သွင်က အခုလိုပြောပါတယ်။
“ဥက္ကဌ ပြောင်းတဲ့အတွက် ပိုပြီးတော့ သမာသမတ်ကျပြီးတော့ မျှမျှတတ ဆုံးဖြတ်ပေးမယ်လို့တော့ ယုံကြည်ထားပါတယ်။ အဲဒီလို လုပ်နိုင်မယ်ဆိုရင်လည်း ပြည်သူက ပိုပြီးတော့ ယုံကြည်လေးစားမှာပါခင်ဗျ။ ကော်မရှင် ဥပဒေနဲ့ပဲ သူတို့ ဆုံးဖြတ်ပေးမယ်လို့ပဲ ကျနော်ယုံကြည်ထားပါတယ်ခင်ဗျ။”
ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ တိုင်ကြားတဲ့ အမှုတွေထဲမှာ ကြံ့ခိုင်ရေးပါတီက အခြားပါတီ ကိုယ်စားလှယ်တွေကို တိုင်ကြားထားတဲ့အမှုတွေသာ အများဆုံးပါဝင်ထားပါတယ်။ အခြားပါတီက ကိုယ်စားလှယ်လောင်းတွေက ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေကို ရဲစခန်းနဲ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးရုံးတွေမှာ ရာဇ၀တ်ပြစ်မှုတွေနဲ့ တိုင်ကြားထားတဲ့ အမှုတွေကိုတော့ အခုအချိန်ထိ တစုံတရာ ကိုင်တွယ်ဆောင်ရွက်ပေးတာမျိုး မရှိသေးပါဘူး။
Leave a Reply