ဆောင်းပါး

ရည်မှန်းချက်နီးရင် သွေးချင်းနီးတာပဲ


Written by လူထုစိန်ဝင်း
Monday, 28 March 2011 13:10

ဟိုတလောက ဂျပန်ငလျင်ကြီးနဲ့ ဆူနာမီ ဒီလှိုင်းကြီး ကြုံတွေ့ခိုက်မှာ ဂျပန်ရောက် မြန်မာတွေချင်း ရိုင်းပင်း ကူညီကြပုံများကို ကြားရပြီး ၀မ်းမြောက်ဂုဏ်ယူမိတဲ့အကြောင်း ရေးခဲ့တယ်။ မရှေးမနှောင်းမှာပဲ မလေးရှားပြန် လူငယ်တစ်ယောက်ရေးတဲ့ ကိုယ်တွေ့အဖြစ်အပျက် စာမူတွေကို အမှာစာရေးဖို့ ဖတ်ရင်းနဲ့ မြန်မာတွေချင်း အရေးကြီးတော့ သွေးနီးကြပုံ အကြောင်းတွေ တွေးပြီး ကြည်နူးပီတိ ဖြစ်ရတယ်။

သွေးမနီးပါဘဲနဲ့ သွေးစည်းကြ
အဲဒီအကြောင်းနှစ်ခုက ဆက်စပ်ပြီး သွေးစည်းမှုနဲ့ သွေးနီးမှု အကြောင်းတွေကို ဆက်တွေးဖြစ်သွားတယ်။ လူမျိုးချင်းတူလို့ ဘာသာအယူဝါဒချင်းတူလို့ သွေးစည်းကြတာမျိုး ရှိသလို၊ လူမျိုးတွေ၊ ဘာသာတွေ မတူပေမယ့်လည်း အတွေးအခေါ် အယူအဆချင်း တူညီလို့ သွေးမနီးပါဘဲနဲ့ သွေးစည်း ကြတာမျိုးတွေလည်း တွေ့ရတတ်တယ်။ တစ်ခါတလေ ကျတော့လည်း ကိုယ်နဲ့လူမျိုးချင်း ဘာသာချင်း တူပါလျက်နဲ့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ သွေးစည်းလို့ မရနိုင် တာမျိုး ရှိသလို၊ လူမျိုးဘာသာ လုံးဝ ကွဲပြားခြားနားနေပါလျက်နဲ့ ဆွေလိုမျိုးလို ရင်းနှီးချစ်ခင်ကြတာမျိုးလည်း ရှိတတ်တယ်။ အကြောင်းရင်းကို သုံးသပ်ကြည့်တော့ အတွေးအခေါ်၊ အယူအဆချင်း ထပ်တူနီးပါး တူညီကြတဲ့အတွက် ဖြစ်တယ်လို့ ကောက်ချက်ချမိတယ်။ အသွေးအရောင် တူညီတဲ့ ငှက်တွေချင်း အုပ်စုဖွဲ့နေကြတယ်။ (Birds of the Same Feather flock together)ဆိုတဲ့ စကားလိုပေါ့။

ဆရာလုပ်ခဲ့လို့
မြန်မာပြည်မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ကျောင်းဆရာ လုပ်ခဲ့လေတော့ ကိုယ်ကသားလို၊ သမီးလို သဘောထားခဲ့တဲ့ ကျောင်းသူကျောင်းသားတွေ အများအပြား ရှိခဲ့သလို၊ ကိုယ့်ကိုအဖေတို့၊ အဖေကြီးတို့ခေါ်တဲ့ တပည့်တွေလည်း ရှိခဲ့တယ်။ မြန်မာလူမျိုးတွေကြားမှာတော့ ဒီကိစ္စဟာ သိပ်ထူးဆန်းလှတာ မဟုတ်ပါဘူး။ ဆရာသမားကို မိဘနဲ့ တစ်တန်းတည်း ထားလေ့ရှိကြတာကိုး။
ထူးဆန်းတဲ့အကျိုးပေးဘ၀အကျိုးပေးကပဲ ထူးဆန်းလို့လားတော့ မသိဘူး။ နိုင်ငံခြားသူ၊ နိုင်ငံခြားသားတွေ ဖြစ်ပါလျက်နဲ့ ကိုယ့်အပေါ် သံယောဇဉ်ဖြစ်ပြီး အဖေလို့ ခေါ်တဲ့သူ၊ အဖေလို သဘောထား ဆက်ဆံသူ လေး၊ ငါးယောက်ထက်မနည်း ရှိခဲ့တယ်။

ဂျပန်လူမျိုး လူငယ် သတင်းထောက်လေးတစ်ယောက်က ဆရာလိုတစ်မျိုး၊ အဖေလိုတစ်မျိုး လေးစားချစ်ခင်ပြီး အမြဲမပြတ် ဆက်သွယ်နေလေ့ ရှိသလို၊ လူမှုရေးနဲ့ ပရဟိတ လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဂျပန်မလေးတစ်ယောက် ဆိုရင်လည်း သူ့အလုပ်တွေနဲ့ ပတ်သက်ပြီး တိုင်ပင်ဆွေးနွေး လုပ်ရုံတင်မက၊ သူ့ကိုယ်ရေးကိုယ်တာကိစ္စ ရင်ဖွင့်စရာတွေ ရှိရင်လည်း မကွယ်မ၀ှက် ရင်ဖွင့်လေ့ရှိတယ်။ ငိုစရာရှိရင်လည်း ငိုပြတယ်။ ဘယ်နိုင်ငံရောက်နေရောက်နေ ခြောက်လတစ်ကြိမ်တော့ ရောက်အောင်လာ တွေ့တယ်။ တစ်ခါတလေ နှစ်လ၊ သုံးလတစ်ခါ ရောက်လာတတ်တယ်။ ပါပါလို့ ခေါ်ပါရစေလို့ ခွင့်တောင်းပြီး အမြဲတမ်းခေါ်တယ်။စာရေးရင်၊ အီးမေးလ်ပို့ရင်လည်း ပါပါလို့ပဲ ရေးတယ်။

မတွေ့ဖူးဘဲနဲ့
မြန်မာပြည်မှာ နှစ်အတော်ကြာအောင် အမှုထမ်းခဲ့တဲ့ အနောက်နိုင်ငံသူတစ်ယောက်ဆိုရင် အဖေတစ်ယောက်ကို ဂရုစိုက်သလိုကို ဂရုစိုက်ခဲ့တယ်။ အခု သူ့နိုင်ငံပြန်သွားတော့လည်း အမြဲမပြတ် အီးမေးလ်ပို့ပြီး ကျန်းမာရေးကို မေးမြန်းတယ်။ ဖတ် သင့်ဖတ်ထိုက်တဲ့ စာအုပ်မှန်သမျှ ပို့ပေးရှာတယ်။ သမီးတစ်ယောက်လိုကို စိတ်ထဲမှာ မှတ်ယူထားခဲ့တယ်။

အခုပြောခဲ့သူအားလုံးက လူချင်းတွေ့ဆုံ ရင်းနှီးခဲ့ကြလို့ သံယောဇဉ် ဖြစ်သွားကြတာ။ အခုတစ်ယောက်ကျတော့ လူချင်းတွေ့ဖူးတာ မဟုတ်ဘဲနဲ့ သတင်းကြားနဲ့ ရင်းနှီးချစ်ချင်ပြီး အဖေလို့ ခေါ်ခွင့်တောင်းခဲ့တာ ဖြစ်တယ်။
သြစတြေးလျနိုင်ငံ ဆစ်ဒနီ တက္ကသိုလ်မှာ မဟာဘွဲ့တစ်ခုအတွက် ကျောင်းတက်နေတဲ့ ကျောင်းသူတစ်ယောက်ဆီက သူကသိသွားခဲ့တာပါ။

ကာတွန်းဆရာမ
သူကလည်း ဆစ်ဒနီတက္ကသိုလ်မှာ မဟာဘွဲ့လာတက်တဲ့ သီရိလင်္ကာနိုင်ငံသူ ဖြစ်တယ်။ သူ့နိုင်ငံမှာ အတော်အသင့် နာမည်ကျော်ကြားတဲ့ ကာတွန်းဆရာမတစ်ယောက် ဖြစ်ပါတယ်။ သူကသတင်းကြားနဲ့ ခင်မင် ရင်းနှီးနေပြီး အဖေလို့ ခေါ်ခွင့်တောင်း ရုံမက မြန်မာလို ဖေဖေလို့ ရေးတာပါ သင်ယူပြီး သူ့လက်ရေးနဲ့ ဖေဖေဆိုပြီး ရေးလိုက်ပါတယ်။ (သူ့လက်ရေး နမူနာနဲ့ သူ့ကာတွန်းလက်ရာကို အကဲခတ်နိုင်အောင် ထည့်သွင်း ဖော်ပြပေးလိုက်ပါတယ်)။

သူက ကာတွန်းဆွဲရုံတင်မက ကဗျာလေးတွေလည်း ရေးပါတယ်။ သူ့ကဗျာလေးတွေနဲ့ ကာတွန်းလက်ရာလေးတွေလည်း ပို့ပေးလိုက်ပါသေးတယ်။ သူကျောင်းပြီးသွားရင် လာဖြစ်အောင်လာပြီး တွေ့မယ်လို့လည်း
ကတိပေးထားပါတယ်။

အသွေးအရောင်တူတဲ့ငှက်
မမြင်ဖူး၊ မတွေ့ဖူးဘဲနဲ့ ရင်းနှီးချစ်ခင်တယ် ဆိုတာ ဖြစ်နိုင်သလား။ လူမျိုးဘာသာမတူ ကွဲပြားခြားနားပါလျက်နဲ့ သွေးသားရင်းချာလို သဘောထားတယ်ဆိုတာ ဖြစ်နိုင်သလား။ အများစုကတော့ မဖြစ်နိုင်ဘူးလို့ ထင်ကြမှာပဲ။
လောကွတ်အနေနဲ့ ပြော တာပဲ ဖြစ်လိမ့်မယ်လို့ ယူဆကြမှာ ဖြစ်တယ်။ ဒါပေမဲ့ လောကွတ်အနေနဲ့ ပြောစရာ ဘာအကြောင်းမှ မရှိပါဘူး။ ကိုယ်ကလည်း ဘာမှအရေးပါ အရာရောက်တဲ့သူ မဟုတ်တော့ ဟန်လုပ်ပြီး ပြောနေဖို့ မလိုပါဘူး။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အကျိုးမျှော်ကိုးစရာလည်း ဘာမှရှိတာ မဟုတ်ဘူး။ ဒီတော့ ဒီလိုချစ်ခင်ရင်းနှီးမှုမျိုး ရှိနိုင်တယ်လို့ ယုံတယ်။ အသွေးအရောင်တူတဲ့ ငှက်တွေချင်း အုပ်ဖွဲ့နေလေ့ ရှိတယ်ဆိုတဲ့ စကားအတိုင်းပေါ့။

ရည်မှန်းချက်တူရင်
နိုင်ငံခြားသားတွေ ဖြစ်ပေမယ့် စိတ်ဓာတ်ချင်း၊ စရိုက်ချင်း၊ ယုံကြည်ချက်ချင်း၊ ရည်မှန်းချက်ချင်း တူညီကြသူတွေ ဖြစ်ကြတော့ သွေးမနီးပေမယ့် သွေးစည်းနိုင်ကြတဲ့ သဘောလို့ပဲ ယူဆမိတယ်။ ဒီသွေးစည်းမှုက ကျွမ်းဝင်ရင်းနှီးမှုနဲ့ ချစ်ခင်လေးစားမှုတို့ ပေါ်ထွန်းလာတာ ဖြစ်တယ်။ အဲဒီကတစ်ဆင့် သံယောဇဉ်တို့၊ တွယ်တာမှုတို့ ဖြစ်လာနိုင်တယ် မဟုတ်ဘူးလား။ အာဂျင်တီးနားနိုင်ငံသား ချေဂွေဗားရားဟာ ကျူးဘားလူမျိုးများရဲ့ လွတ်မြောက်ရေး တိုက်ပွဲအတွက် ကက်စထရိုနဲ့ လက်တွဲ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာ ဘော်လစ်ဗီးယား လွတ်မြောက်ရေးအတွက် ဘော်လစ်ဗီးယား လူမျိုးတွေနဲ့ လက်တွဲတိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါတယ်။ ယုံကြည်ချက်ချင်း၊ ခံယူချက်နဲ့ ရည်မှန်းချက်ချင်း တူရင် လူမျိုးတူမှ မဟုတ်ဘူး၊ ဆွေမျိုးတော်မှ မဟုတ်ဘူး၊ ဘယ်သူနဲ့မဆို သွေးစည်းနိုင်တယ်။ ချစ်ခင်ရင်းနှီးနိုင်တယ်။ သံယောဇဉ် ဖြစ်နိုင်တယ်လို့ ယုံကြည်တယ်။

ဓမ္မတာပဲ
နိုင်ငံခြားရောက် မြန်မာတွေလည်း သာမန်အချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ချင်မှ စိုက်နိုင်ကြလိမ့်မယ်။ ဒါပေမယ့် ဂျပန်ငလျင်ကြီးလို အဖြစ်ဆိုးကြီး ကြုံကြရတဲ့အခါကျတော့ အားလုံးဟာ ဘ၀တူတွေ ဖြစ်သွားကြတယ်။ ဘ၀တူတွေ ဖြစ်တော့ အလိုလိုနေရင်း သွေးစည်းသွားကြတယ်လေ။ ဘ၀ချင်းတူရင်၊ ယုံကြည်ချက်ချင်းတူရင်၊ ရည်မှန်းချက်ချင်းတူရင် အားလုံးဟာ အရေးကြီးတဲ့အခါမှာ အလိုလိုနေရင်း သွေးနီးသွားကြတာဟာ ဓမ္မတာပါပဲ။

( ၀ီးကလီးအလဲဗင်းဝက်ဆိုက် မှ ပြန်လည်ကူးယူဖော်ပြထားပါတယ်။ )

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: