စာနယ်ဇင်း, စာပေ, ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, သမ္မတ, အစိုးရအဖွဲ့, ရွေးကောက်ပွဲ, နိုင်ငံရေး, နိုင်ငံရေးပါတီများ

သမ္မတသတင်းစာရှင်းလင်းပွဲလုပ်ရန် စာနယ်ဇင်းလောကသားများ တောင်းဆို


အံ့ဘုန်းမြတ် ၈ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)

တိုင်းပြည်ကို နှစ်နှစ်ဆယ်ကျော် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ အမွေကို ဆက်ခံလာတဲ့ သမ္မတသစ် ဖြစ်လာတဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်အနေနဲ့ အစိုးရတို့ရဲ့ ထုံးစံတွေနဲ့အညီ သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ဖို့ စာနယ်ဇင်းလောကသားတွေက တောင်းဆိုလိုက်ကြပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပြီး ၁၀ ရက်ကြာတဲ့အချိန်အထိ ပြည် ထောင်စုအစိုးရ အဆင့်နဲ့ ၀န်ကြီးတွေကို ပြောကြားတဲ့ မိန့်ခွန်းတွေကလွဲလို့ သမ္မတဦးသိန်းစိန် အနေနဲ့ သတင်း စာရှင်းလင်းပွဲ မပြုလုပ်သေးတဲ့အပေါ်ကို ပြည်တွင်း ထုတ်ဂျာနယ် အယ်ဒီတာအချို့နဲ့ နိုင်ငံခြားသတင်း ထောက်တွေက တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

သမ္မတအနေနဲ့ သတင်းစာရှင်းလင်းပွဲကို နေပြည်တော်မှာ ရှိတဲ့ သမ္မတအိမ်တော်မှာ မကြာခင်မှာ ကျင်းပပြုလုပ်ဖို့ ရှိတယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေတဲ့ အချိန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ တောင်းဆိုလိုက် ကြတာလည်း ဖြစ်ပါတယ်။

ပြည်သူ့ခေတ်ဂျာနယ်ရဲ့ အတိုင်ပင်ခံအယ်ဒီတာ ၀ါရင့်သတင်းစာဆရာ ဆရာမောင်ဝံသကတော့ ဂျာနယ်ကနေတဆင့် တွေ့ဆုံခွင့်ရဖို့နဲ့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ တောင်းဆိုဖို့ရှိနေတယ်လို့ဆိုပါတယ်။

“သတင်းစာ ရှင်းလင်းပွဲကတော့ဗျာ နိုင်ငံအကြီးအကဲအနေနဲ့ နိုင်ငံခြားခေါင်းဆောင်တွေလည်း ဒီလိုပဲ လုပ်လေ့လုပ်ထ ရှိတာပဲ။ ကျနော်တို့ ဆိုရင်လည်း ကျနော်တို့ ပြည်သူ့ခေတ်ဂျာနယ်က သမ္မတနဲ့ တွေ့ဆုံပြီးတော့ပေါ့ဗျာ မေးခွန်းတွေပေါ့ တိုင်းပြည်နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ မေးခွန်းတွေ ပေးဖို့တောင် ကျနော်တို့ ပြင်ဆင်ထားပါတယ်။ တွေ့ခွင့် တောင်းတာပေါ့ဗျာ။ တွေ့ပြီးတော့ အင်တာဗျူးလုပ်ခွင့် တောင်းတာလေ။ အဲဒီတော့ အဲဒါကို ဘယ်လို တုံ့ပြန်မယ်ဆိုတာ ကတော့ မသိသေးဘူးပေါ့။”

ဘာကြောင့်အခုလို တောင်းဆိုရတယ်ဆိုတာကိုလည်း ဆရာမောင်ဝံသက အခုလို ရှင်းပြပါတယ်။

“သတင်းစာ ရှင်းလင်းပွဲလုပ်တယ်၊ သတင်းစာဆရာတွေ မေးတာကို ပြန်ဖြေမယ်။ နောက် သမ္မတအနေနဲ့ နိုင်ငံတော် အကြီးအကဲအနေနဲ့လည်း သူ့အနေနဲ့ တိုင်းပြည်ကို ပြောစရာရှိတာတွေ ပြောမယ်ဆိုတာ သတင်းစာဆရာတွေက ပေါင်းကူးတံ တားပါပဲ။ ပြည်သူလူထုကို ရုပ်မြင်သံကြားကနေ တိုက်ရိုက်ပြောတဲ့ နည်းလည်းရှိတယ်။ နောက်တခါ သတင်းစာ ဆရာတွေနဲ့တွေ့ပြီးတော့ သတင်းစာဆရာတွေ မေးတာကို ဖြေတာရှိမယ်၊ သမ္မတအနေနဲ့ ရှင်းလင်းသင့်တာတွေ ပြန်ရှင်းလင်းပြောပြတာပေါ့ဗျာ အဲဒါမျိုးတွေရှိတယ်။”

“အဲဒီ ၂ ခုထဲမှာ ရုပ်မြင်သံကြားကနေပြီးတော တိုက်ရိုက် တိုင်းပြည်ကို အသံလွှင့်ပြီေးတာ့ ပြောတာမျိုးကျတော့လည်း သူက တော်တော် အရေးကြီးမှပဲ ပြောဖို့ လိုအပ်တော့မှပဲ ပြောရတာကိုး။ သတင်းစာဆရာတွေနဲ့ ပုံမှန်တွေ့တာကတော့ဗျာ ဥပမာ တလတကြိမ် တွေ့တယ်။ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ ကာလ တခုပေါ့။ အဲဒီအချိန်မှာ သမ္မတ ကိုယ်တိုင်တွေ့မယ်၊ ပြီးတော့ မေးချင်တာတွေ မေးတာမျိုးပေါ့။ မေးတယ်ဆိုတာက သတင်းစာဆရာတွေ မေးတယ်ဆိုတာကလည်း ပြည်သူလူထု သိချင်တဲ့ ဒါမှမဟုတ် ပြည်သူလူထု သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို သူတို့ က မေးတာကိုး။ သီးခြား ကိုယ့်ဖာ့ကို ကိုယ်သိချင်တာကို မေးတာမှ မဟုတ်တာ။ တိုင်းပြည်နဲ့ ပတ်သက်တဲ့ရေးရာတွေကို မေးခွန်းတွေ ထုတ်မယ်၊ ပြီးတော့ ဖြေကြားတာတွေကို ကျနော်တို့က ပြန်ပြီးတော့ တိုင်းပြည်ကို ပြန်တင်ပြမယ် အဲဒီ သဘောဖြစ်ပါတယ်။ ဒီအလေ့အကျင့်က အင်မတန် ကောင်းပါတယ်။ အင်မတန်ကောင်းတယ် ဆိုတာက နိုင်ငံတော် အစိုးရအနေနဲ့လည်း သူဘက်က ကြည့်ရင်လည်း ကောင်းတယ်။ တိုင်းပြည်ဘက်က ကြည့်ရင်လည်း ကောင်းတယ်။ နောက် ကျနော်တို့ မီဒီယာတွေဘက်က ကြည့်ရင်လည်း ဒါ ပြည်သူလူထုကို ကျနော်တို့ အလုပ်အကျွေး ပြုရာ ရတာပေါ့ဗျာ ပိုကောင်းသွားတာပေါ့။”

အခြား သတင်းဂျာနယ်အချို့က အယ်ဒီတာတွေကလည်း အစိုးရနဲ့ သမ္မတအနေနဲ့ တာဝန်ခံ တာဝန်ယူမှုရှိတဲ့ သတင်းစာ ရှင်းလင်းပွဲတွေ ပုံမှန်လုပ်ဖို့ တိုက်တွန်းရေးသားတာမျိုးတွေကို စာပေစိစစ်ရေးက ခွင့်ပြု မပြုနဲ့ တကယ်လုပ်မလုပ်ဆိုတာတွေ ကို စောင့်ကြည့်ရမယ်လို့လည်း ပြောကြားတာမျိုးတွေ ရှိပါတယ်။

ဒီရက်ပိုင်းအတွင်း သမ္မတက သူ့ရဲ့အိမ်မှာ သတင်းစာရှင်းလင်းပွဲ လုပ်လိမ့်မယ်လို့ ကောလာဟလ သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ဂျပန်သတင်းဌာနတခုဖြစ်တဲ့ ဆန်းကေးရှင်ဘွန်းက ဒေါက်တာဇော်သန်းက အခုလို ပြောပါတယ်။

“ဧပြီလဆန်းလောက်က သမ္မတဂုဏ်ပြုထမင်းစားပွဲကို နိုင်ငံခြားသတင်းထောက်တွေ ဖိတ်ပါတယ်ဆိုပြီးတော့ နိုင်ငံခြား သတင်းထောက်အသင်းကို ဖုန်းဆက်လာတယ် တယောက်က။ အဲဒါနဲ့ ပြန်ကြားရေးဝန်ကြီဌာနကို မေးကြည့်တော့ မဟုတ်ပါဘူးတဲ့။ အခုလည်း အဲဒီလို ဖြစ်နေဦးမယ်ဗျ။ အခုချိန်ထိတော့လေ ဘာမှ ကျနော်တို့ကိုတော့ ခင်ဗျားပြောတဲ့ ကိစ္စနဲ့ ပတ်သက်လို့တော့ ပြောတာတော့ ဘာမှ မရှိသေးဘူး။ ပြောတော့ မပြောနိုင်ဘူးပေါ့လေ ခေါ်မယ်ဆိုရင်တော့ ကျနော်တို့က သွားရမှာပေါ့လေ။ ဘာမှ မကြားသေးလို့ပါ။”

လက်ရှိအခြေနေမှာတော့ သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေထဲမှာတော့ တိုင်းပြည်ရဲ့ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ စာနယ်ဇင်းတွေကို အလေးထားဖို့ ပြောကြား ထားပေမယ့်လည်း အခုအထိ အစိုးရပိုင်ရုပ်မြင်သံကြားလိုင်းတွေ၊ နေ့စဉ်သတင်းစာတွေ၊ ပုဂ္ဂလိက ဂျာနယ်တွေမှာ နအဖစစ်ကောင်စီလက်ထက်က ၀ါဒဖြန့်ချိရေး ဆောင်ပုဒ်တွေ၊ ကြွေးကြော်သံတွေကို ဆက်လက် ဖော်ပြနေတဲ့အပေါ် ဝေဖန်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: