Archive for

UMFCCI နှစ်ပတ်လည်တွင် ဥက္ကဌအဖွဲ့သစ်နဲ့ ငွေစာရင်းရှင်းတန်းများ ကြေညာမည်


အံ့ဘုန်းမြတ် ၂၈ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ နှစ်ပတ်လည် သင်းလုံး ကျွတ်အစည်းအဝေးကို လာမယ့်မေလ ၁ ရက်နေ့မှာ ကျင်းပဖို့ရှိနေပြီး အဲ့ဒီအစည်းအဝေးမှာ သက်တမ်း ကာလအတွင်း ပထမဆုံး ပြောင်းလဲလာတဲ့ ဥက္ကဌအဖွဲ့သစ်ကို ကြေညာဖို့ရှိနေသလို အသင်းရဲ့ ငွေစာရင်းရှင်းတမ်းတွေ ကိုလည်း ထုတ်ပြန်ဖို့ ရှိနေပါတယ်။

အသင်းရဲ့အစည်းအဝေးကို နေပြည်တော် အသင်းဌာနချုပ်မှာ ပြုလုပ်မှာဖြစ်ပြီး အခမ်းအနား အစီအစဉ်တွေကို အသင်းရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးတင်ကိုကိုက အခုလို ပြောပြပါတယ်။

“နှစ်ပတ်လည်အစည်းအဝေးကတော့ အမှုဆောင်ရွေးခဲ့တာလေ၊ ကျနော်တို့ မဲစနစ်နဲ့ ရွေးထားတဲ့ဟာကို အဲဒီမှာ ကြေညာမှာ ဖြစ်ပါတယ်။ နောက်နှစ်ပတ်လည် စာရင်းရှင်းတမ်း၊ ငွေစာရင်းရှင်းတမ်းတို့၊ နှစ်ချုပ်အစီရင်ခံစာတို့ ငွေစာရင်း ရှင်းတမ်းတို့။ ရွေးထားတဲ့ လူတွေအကုန်လုံးကို ကြေညာမှာတို့ အဲဒီအပိုင်းတွေ စီစဉ်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ နေပြည်တော်မှာ လုပ်မှာပါ ၀န်ကြီးတွေတော့ တက်မယ်ထင်ပါတယ်။”

ထုတ်ပြန်ကြေညာမယ့် (UMFCCI) ရဲ့ ဥက္ကဌသစ်နဲ့ အလုပ်အမှုဆောင် အဖွဲ့တွေမှာတော့ ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီက ဦးဝင်းအောင်က ဥက္ကဌအဖြစ် မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယဥက္ကဌ ၈ ဦးအဖြစ် ဦးသောင်းတင်  (KMD) ဦးဇော်မင်းဝင်း (Myanmar Industries Holding)၊ ဒေါက်တာမောင်မောင်လေး ((Nilay Naing Company)၊ ဦးမြဟန်  (Fortune International)၊ ဦးအောင်လွင် (Seven Seas Fisheries)။ ဦးလှမောင်ရွှေ (ပြည့်ဖြိုးကျော်ကုမ္ပဏီ) နဲ့ ဦးထွန်းအောင် (တော်ဝင်ထွန်း) တို့ဖြစ်ပြီး အထွေထွေအတွင်းရေးမှူးကတော့ ဒေါက်တာမျိုးသက် (Diamond Wood Company) တို့ကို တင်မြှောက်ထားတာ ဖြစ်ပါတယ်။ အရင်က ဒီအသင်းရဲ့ ဥက္ကဌအဖြစ် ၁၂ နှစ်ကြာ တာဝန်ယူခဲ့တဲ့ ဥက္ကဌဟောင်း ဦးဝင်းမြင့်ကတော့ အစိုးရအဖွဲ့သစ်ရဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ၀န်ကြီးအဖြစ် ရွေးချယ်ခံရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ အစိုးရက တိုက်ရိုက်ချုပ်ကိုင်ခဲ့တဲ့ ကုန်သွယ်မှု မူဝါဒကောင်စီကို ဖျက်သိမ်းပြီး ပြည်ပကုန်သွယ် မှုဆိုင်ရာ သွင်းကုန်ထုတ်ကုန် လိုင်စင်လုပ်ငန်းတွေကို လွယ်လွယ်ကူကူ လျှောက်ထား လာနိုင်ပေမယ့် ပို့ကုန်ပိုင်းတွေမှာတော့ ဆောင်ရွက်ပေးနိုင်တာမျိုး မရှိသေးဘဲ အရင်ပုံစံအတိုင်းပဲ ဆက်ရှိနေဆဲပါ။ ဒီအကြောင်းကိုလည်း ဦးတင်ကိုကိုက

“သွင်းကုန်ကမှာကျတော့ လိုင်စင်က အရင်တုန်းက ၂ ပတ်ကြာတယ်။ အခုဆိုလို့ရှိရင် တပတ်အတွင်းကို လိုင်စင်က ကျပါတယ်။ လိုင်စင်ကျတော့ ကျနော်တို့ သွင်းကုန်စီးဆင်းမှု မှန်ကန်မြန်ဆန်လာတာ့ပေါ့ခင်ဗျ။ ဒါတွေက ကုမ္ပဏီရှိရင် Earnings ရှိလို့ရှိရင် တပတ်အတွင်း ငွေသွင်းလို့ရှိရင် လိုင်စင်ရတဲ့အတွက်ကြောင့် မြန်မြန်ဆန်ဆန် သွင်းနိုင်တဲ့ အနေအထားမှာ ရှိပါတယ်။ နိုင်ငံတော်က အရင်ခွင့်ပြုထားတဲ့ ပစ္စည်းမှန်သမျှကို တပတ်အတွင်း ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ Export ကတော့ သိပ်မသိသာသေးဘူး။ Inport ကို ခွင့်ပြုတဲ့ဟာတွေကတော့ မြန်မြန်ဆန်ဆန် ရတာပေါ့။ Export ကို ခွင့်ပြုမပြုဆိုတာကတော့ သင်္ကြန်ရက်အတွင်းလည်း ပိတ်ထားတဲ့ အခါကျတော့ မသိသေးဘူးခင်ဗျ။”

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ကို ၁၉၉၉ ခုနှစ်မှာ စတင်ထူထောင် ခဲ့တာဖြစ်ပြီး အသင်းဝင် ကုမ္ပဏီပေါင်း ၃၀၀၀ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။

Advertisements

ရွေးကောက်ပွဲတိုင်ကြားမှုများ ၆ လအကြာမှ ပြန်စစ်သည့်အပေါ် ဝေဖန်


အံ့ဘုန်းမြတ် ၂၈ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက်နေ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ်လောင်းတွေ အချင်းချင်း အပြန်အလှန် တိုင်းကြားချက်တွေကို ရွေးကောက်ပွဲကော်မရှင်က ၆ လနီးပါးအကြာမှ ပြန်လည် စစ်ဆေးလာတဲ့အပေါ် ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေမှာ အားနည်းချက်တွေ ရှိနေပြီလို့ တရားရေးဝန်ထမ်းအချို့က ဝေဖန်လိုက်ကြပါတယ်။

ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေ ခေါ်ယူကျင်းပနေတဲ့အချိန်မှာ ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုတွေကို ကော်မရှင်က ကြားနာစစ်ဆေးမှု ရပ်ဆိုင်းထားရာက ၆ လ နီးပါးအကြာ ဒီလကုန်က စပြီး ပြန်လည်စစ်ဆေးနေတာပါ။

ဒီကာလအတွင်း စွပ်စွဲတိုင်ကြားခံထားတဲ့ ပုဂ္ဂိုလ်တွေက အစိုးရအဖွဲ့ဝင် ၀န်ကြီးတွေ ဖြစ်သွားတာမျိုးတွေလည်း ပါဝင်နေသလို ရေးရာကော်မတီဝင်တွေထဲမှာလည်း ပါဝင်မှုတွေရှိလာကြောင့် ဆုံးဖြတ်ချက်တွေ ခက်ခဲနိုင်ပြီး ဒီလို နှစ်ဝက်နီးပါးကြာအောင် ကြံ့ကြာနေတဲ့ ကော်မရှင်ရဲ့ စစ်ဆေးမှုတွေကို တရားရေးဝန်ထမ်းတွေက ဝေဖန်လိုက်ကြတာလည်း ဖြစ်ပါတယ်။

ကောမရှင်ရဲ့ တရားစီရင်ရေမှာ ဒီလိုအားနည်းချက်တွေ ရှိနေတာကြောင့် နောက်ပိုင်းမှာ အလျင်အမြန် စစ်ဆေးနိုင်ဖို့ အတွက် ဥပဒေတွေကို ပြင်ဆင်ဖို့လိုအပ်ပြီလို့ ဒီအမှုတွေမှာ လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးမြင့်သွင်က ဆိုပါတယ်။ လက်ရှိကောင်မရှင်မှာ ကြားနေတဲ့အမှုတွေနဲ့ ပတ်သက်ပြီး ကော်မရှင်ဥပဒေတွေထဲက မရှင်းလင်းတဲ့အချက်ကိုလည်း သူက အခုလို ထောက်ပြလိုက်ပါတယ်။

“အခု အချိန်ကြာမှ ဒီလိုဆွဲပြီး စစ်တာကတော့ နောင်ကျရင်တော့ ပြန်ပြင်ဆင်သင့်တဲ့ အချက်တွေပါပဲ။  အရေးကြီးတာက  ဒီစွတ်စွဲခံရတဲ့ထဲက လွှတ်တော်တက်နေတဲ့ ပုဂ္ဂိုလ်ကို ဖယ်ရှားပြစ်လိုက်ရင်ရော နောက် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြင်ဆင်မှာလား။ ဒါမှ မဟုတ်လို့ရှိရင် အစိုးရအဖွဲ့ထဲမှာ မပါရင်ရော ဖယ်ပြစ်မှာလား။ ပါနေရင် ချန်ထားမှာလား ဆိုတာ ကော်မရှင်ဥဒေရဲ့ အားနည်းချက်တွေပါ။ ဒါတွေကို နောင်ကျရင်တော့ ကော်မရှင်ဥပဒေတွေအကုန်လုံး ပြန်ပြင်ရမယ့် သဘောပါပဲ။”

ဒီကနေ့ အမှုတွေကို ပြန်လည်ပြီး စစ်ဆေးတဲ့အခါမှာတော့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီကနေ ကိုယ်စားပြုပြီး ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ် (၄) က ရွေးကောက်တင်မြှောက်ခံထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးကို ပြိုင်ဘက် ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်လောင်း ဦးမြတ်သူ (ခ) ဦးကျော်ဇင်ညွန့်က ရွေးကောက်ပွဲ ကာလအတွင်း တရားမဲ့ပြုကျင့်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တိုင်ကြားချက်တွေကို ကြားနာခဲ့ တာလည်း ဖြစ်ပါတယ်။ ဒီကနေ့အမှုချိန်း အခြေအနေကိုတော့ စွပ်စွဲခံထားရတဲ့ ဒေါက်တာမြတ်ဉာဏစိုးက အခုလို ရှင်းပြပါတယ်။

“မဲရုံမသမာမှုတွေပေါ့နော် လုပ်ခဲ့တယ်ဆိုတဲ့ အချက်တွေ အားလုံးကို ပြန်ရုတ်သိမ်းသွားပါတယ်။ အဲဒီတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ နိုင်ငံတော်အစိုးရအပေါ်မှာ ကျနော်က ပုတ်ခတ်ဆန့်ကျင်ပြီးတော့ စည်းရုံးမှုတွေ ပြုခဲ့တယ်ဆိုတဲ့ အချက်တချက်ပဲ ကျန်ပါတော့တယ်။ မေလ ၉ ရက်နေ့ကို ပြန်ပြီး ချိန်းဆိုပါတယ်။  ပြီးရင်တော့ အဲဒီမှာ ဆက်တိုက် ကြားနာ မယ်ပေါ့နော် အမြန် မေလ တပတ်အတွင်း အပြီး ကြားနာမယ်လို့ သိခဲ့ရပါတယ်။ နဂိုတုန်းက ခုံအဖွဲ့တွေတော့ ပြောင်းသွားပါတယ်။ အရင် ခုံအဖွဲ့က ၁၆ ပါ။ အခုက ခုံအဖွဲ့ ၄ ဖြစ်သွားပါတယ် အဲဒါ ပြောင်းလဲပါတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲအပြီး နှစ်ဝက်အကြာမှာ တိုင်ကြားထားတဲ့အမှုကို အခုလို ပြန်လည် စစ်ဆေးကြားနာမှုတွေ ပြုလုပ်နေပေမယ့် ဒေသဆိုင်ရာရဲစခန်းတွေမှာ ရာဇ၀တ်ပြစ်မှုတွေနဲ့ တိုင်ကြားထားတဲ့ အမှု တွေကိုတော့ တစုံတရာ ကိုင်တွယ်ဆောင်ရွက်ခြင်း မရှိသေးပါဘူး။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေတွေ အမြန်ဆုံးပြဌာန်းဖို့ အစိုးရသစ်ကို တိုက်တွန်း


အံ့ဘုန်းမြတ် ၂၈ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)

https://sites.google.com/site/ahuntphonemyat/APM-ENVROMENT%26PRESENTNEWS-28042011.mp3?attredirects=0&d=1

ပြီးခဲ့တဲ့ရက်ပိုင်းက ဖွဲ့စည်းထားတဲ့ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ သုတေသနအဖွဲ့မှာ ပါဝင်လာတဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်ဦးအုန်းက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေတွေ အမြန်ဆုံးပြဌာန်းဖို့ သမ္မတကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ ၁၀ ဦးကျော် လောက် ပါဝင်မယ့် သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ သုတေသနအဖွဲ့ဝင် ဖရီဒါခေါ် “သစ်တောရင်းမြစ် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိမ်းသိမ်း စောင့်ရှောက်ရေးအဖွဲ့” ရဲ့ ဒု-ဥက္ကဋ္ဌ ဦးအုန်းက တိုက်တွန်း ဘပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

ဥပဒေသစ်တရပ်ဖြစ်တဲ့ အထူးစီးပွားရေးဇုံ စီမံကိန်းဥပဒေကို အစိုးရက ပြဌာန်းခဲ့ပြီး ဖြစ်တာကြောင့် ဒီစီမံကိန်းတွေကိုသာ အကောင်အထည်ဖော်လာရင် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ ပိုမိုဖြစ်လာနိုင်တာကြောင့် ထိန်းချုပ်နိုင်ဖို့ အတွက် ဒီဥပဒေတွေကို အမြန်ဆုံးပြဌာန်းဖို့ လိုအပ်နေတာလို့ သူက ဆိုပါတယ်။

“Special Economic Zone Investment law တွေ ထွက်ပေမယ့် Environmental Law မထွက်သေးဘူး။ အဲဒီဥပဒေတွေ ထွက်လာတဲ့အခါကျတော့ ဥပဒေတွေကို ကိုးကား Refer လုပ်တဲ့အခါမှာ Environmental Law မှာ ဘယ်ဥပေဒ၊ ဘယ်အပိုဒ်၊ ဘယ်ကဏ္ဍအရ အရေးယူမယ်ဆိုတဲ့ ဥပဒေမှ မရှိသေးတာ။ ဘယ့်နှယ့်လုပ် အရေးယူမလဲ။ အဲ့ဒါတွေ အမြန်ဆုံး ထုတ်ပေးဖို့လိုတယ်။ ကျနော်ဝေဖန်ရတာ နည်းနည်း အားနာစရာပေါ့လေ။ သမ္မတကြီး မိန့်ခွန်းကတော့ သိပ်ကောင်းတယ်။ သူ့မိန့်ခွန်းအတိုင်း လုပ်နိုင်မယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။ တဖက်ကလည်း ကျွန်တော်တို့ အချိန်တော့ စောင့်ကြည့်ဖို့လိုမယ်လို့ ထင်တယ် တဖြည်းဖြည်းတော့ ဖြစ်လာမှာပေါ့ဗျာ။”

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဥပဒေတွေ၊ ဇီဝဘေးကင်းရေး ဥပဒေတွေနဲ့ မူပိုင်ခွင့်ဥပဒေတွေကို အထူးစီးပွားရေးဇုံဥပဒေထက် အရင် ရေးဆွဲထားပြီးဖြစ်ပေမယ့် အစိုးရအဖွဲ့က မပြဌာန်းသေးတာအပေါ် အခြားပညာရှင် အချို့ကလည်း ဝေဖန်ပြောဆိုနေကြတာတွေရှိပါတယ်။

သမ္မတဦးသိန်စိန်ကတော့ သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဖြည့်စွက်တာ၊ အသစ်ပြဋ္ဌာန်းတာတွေကို အလေးထား လုပ်ဆောင်သွားမယ်လို့ ပြောကြားထား ပေမယ့် သက်တမ်း တလကြာမြင့်လာတဲ့ အခုအချိန်အထိ အကောင်အထည် မဖော်နိုင် သေးတာလည်း ဖြစ်ပါတယ်။ ဒီမိန့်ခွန်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ဦးအုန်းက

“ရည်ရွယ်ချက်ကတော့ ကောင်းတယ်။ ကောင်းအောင်လုပ်ဖို့ သူတို့ ဆန္ဒရှိတယ်။ လုပ်ပုံ လုပ်နည်းကတော့ အမျိုးမျိုး ရှိကြ တာပေါ့ဗျာ။ စိတ်ကူးအမျိုးမျိုး ရှိကြတာပေါနော်။ သမ္မတကြီးကလည်း သမ္မတကြီး စိတ်ကူး ရှိမှာပေါ့။ သူပြောတဲ့ မိန့်ခွန်းကလည်း အရမ်းကောင်းတယ်။ အဲဒီအတိုင်း လုပ်နိုင်ရင်တော့ ဒါ အတိုင်း ထက် အလွန်ပါပဲ။ လုပ်တော့ လုပ်မှာပဲ ဘယ်လောက်အထိ လုပ်နိုင်တယ် မလုပ်နိုင်တယ်တော့ ကျနော်တို့ စောင့်ရမယ်။ လိုအပ်ရင် ပူးပေါင်းဆောင်ရွက်ဖို့ အဆင် သင့်ပါပဲ။ အစိုးရကို ဝေဖန်သင့်တာ ဝေဖန်နေပေမယ့် အစိုးရနဲ့ လက်တွဲမလုပ်လို့လည်း မဖြစ်တော့ အစိုးရနဲ့လည်း ကျနော်တို့ ဖားတာမဟုတ်ဘူးနော်၊ အလုပ်တခုအတွက် လက်တွဲလုပ်ဖို့ကတော့ ကျနော် ၀န်မလေးပါဘူး။”

ဒီ သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာသုတေသနအဖွဲ့မှာတော့ ဦးသိန်းထွန်း (ထွန်းဖောင်ဒေးရှင်း)၊ MCC ဥက္ကဋ္ဌ ဦးတင်ဝင်းအောင်၊ ပါမောက္ခဒေါက် တာအောင်ထွန်းသက်၊ ဒေါက်တာစိန်မြင့်၊ ဒေါ်ရင်ရင်လေးနဲ့ ဦးအုန်းအပါအ၀င် အဖွဲ့ဝင် ၁၂ ဦး ပါဝင်ပြီး ဒီအဖွဲ့ကနေ အစိုးရသစ်နဲ့ သမ္မတကို သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာတွေ အကြံပေး တင်ပြ သွားကြမှာ ဖြစ်ပါတယ်။ သမ္မတကတော့ သူ့မိန့်ခွန်းထဲမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်ရေး လိုအပ်ချက်တွေကို ဟန်ချက်ညီညီနဲ့ ထိန်းညှိဆောင်ရွက်ပေးမယ့် မူဝါဒတရပ်ကို ချမှတ်သွားမယ်လို့လည်း ပြောကြား ထားပါတယ်။

နိုင်ငံရေးပြဿနာများ ပြေလည်လာအောင် အကြံပေးသွားမည် (ဒေါက်တာနေဇင်လတ်)


အံ့ဘုန်းမြတ် ၂၇ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)

https://sites.google.com/site/ahuntphonemyat/APM-ADVISORYGROUPNEWS-27042011.mp3?attredirects=0&d=1

ပြီးခဲ့တဲ့ အပတ်ထဲမှာ စတင်ဖွဲ့စည်းလိုက်တဲ့ သမ္မတရဲ့အကြံပေး အဖွဲ့တွေထဲက နိုင်ငံရေးအကြံပေး အဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို အစိုးရသစ်အနေနဲ့ ဖြေရှင်းနိုင်ဖို့ အကြံပေး သွားမယ်လို့ ပြောကြားလိုက် ပါတယ်။

ဒီလ ၁၉ ရက်ရက်နေ့ ပြည်ထောင်စုအစိုးရအဖွဲ့ အတွင်းရေးမှူး လက်မှတ်ရေးထုတ်ပြန်လိုက်တဲ့ သမ္မတရဲ့ အကြံပေးအဖွဲ့ တွေမှာတော့ စီးပွားရေးကြံပေးအဖွဲ့၊ နိုင်ငံရေးအကြံပေးအဖွဲ့နဲ့ ဥပဒေအကြံပေးအဖွဲ့တွေကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး လာမယ့်လထဲမှာ ဒီအဖွဲ့ဝင်တွေနဲ့ အဖွဲ့ခေါင်း ဆောင်တွေ သမ္မတနဲ့ တွေ့ဆုံကြဖို့လည်း ရှိနေကြတာပါ။

ဒီအကြံပေးအဖွဲ့တွေထဲက နိုင်ငံရေးအကြံပေး အဖွဲ့ဝင် ဒေါက်တာနေဇင်လတ်က နိုင်ငံအတွင်း မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို အစိုးရသစ်အနေနဲ့ ဖြေရှင်းနိုင်ဖို့ အကြံပေးသွားမယ်လို့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းစဉ်မှာ ပြောဆို လိုက်တာလည်း ဖြစ်ပါတယ်။

  • ဆရာနေဇင်လတ် မင်္ဂလာပါခင်ဗျ။ ဆရာတို့ သမ္မတအကြံပေးအဖွဲ့တွေ ဖွဲ့စည်းတာနဲ့ ပတ်သက်ပြီး ဘယ်တုန်းက စသိခဲ့ရလဲဗျ။

ကျနော်တို့ ၂၂ ရက်နေ့လောက်ကတော့ စသိပါတယ်။”

  • ဒီအကြံပေးအဖွဲ့တွေကို ဘယ်လိုတွေဖွဲ့စည်းပြီး ဘယ်သူတွေ ပါဝင်တယ်ဆိုတာလဲ သိချင်ပါတယ် ခင်ဗျ။

သုံးခုဖွဲ့တယ်။ စီးပွားရေးရယ်၊ နိုင်ငံရေးရယ်၊ နောက်ဥပဒေရေးရာရယ်။ စီးပွားရေးမှာတော့ ဒေါက်တာ ဦးမြင့်ပါတယ်။ နောက် ဦးဆက်အောင်ပါတယ်။ ဦးစိန်လှဘို ပါတယ်။ နိုင်ငံရေးမှာတော့ ဦးကိုကိုလှိုင်ပါတယ်၊ ကျနော်ပါတယ်၊ ဆရာ ဦးရဲတင့် ပါတယ်။ ဥပဒေမှာတော့ ရဲမှူးကြီး စစ်အေး (ငြိမ်း) ပါတယ်။ ဒေါ်ခင်မျိုးမြင့် ပါတယ်။ ဦးသန်းကျော် ပါတယ်။

  • ဆရာတို့ အကြံပေးအဖွဲတွေအနေနဲ့ အစိုးရသစ်နဲ့ သမ္မတကို ဘယ်လိုအကြံမျိုးတွေပေးဖို့ ကြိုတင် စီစဉ်ထားတာတွေ ရှိပြီလား။

အဲဒါကတော့ ပြောရမှာ နည်းနည်း စောနေ ပါသေးတယ်။ ကျနော်တို့ သတင်းပို့ပြီးတော့မှပဲ ဘယ်လိုတာဝန်တွေခွဲမလည်း၊ ဘယ်လိုတာဝန်တွေ ပေးမလဲ မသိသေးဘူး။ ကျနော်တို့ အဖွဲ့ချင်းကလည်း အဲဒီကျမှ ပြန်ဆုံမှာပါ။ အခုတော့ ခရီးတွေ ထွက်နေကြတယ်။ မဆုံနိုင်သေးဘူး ဖြစ်နေတယ်။ နောက်လလယ် လောက်တော့ တစုံတရာ ပြောနိုင်ပါတယ်။ အခုတော့ စောနေပါသေးတယ်။”

  • ဆရာတို့ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့အနေနဲ့ရော ဘာတွေအကြံပေးမယ်လို့ ပြောလို့ ရတာမျိုးတွေများ ရှိမလား။

အကြမ်းအားဖြင့်တော့ ကျနော်တို့နိုင်ငံရေးမှာ ရှိနေတဲ့ အခက်အခဲလေးတွေ၊ အဖုအထစ်လေးတွေ၊ အဓိကကတော့ ပြည်တွင်းမှာ ဒါလေးတွေ ပြေလည်ဖို့ ရှိတာပေါ့။ ကျနော်ထင်ပါတယ်။ နိုင်ငံတော်ကလည်း အရင်နဲ့မတူဘူး။ အဲဒါလေးတွေကို ပြေလည်စေချင်တဲ့ အရာလေးတွေလည်း ရှိပါတယ်။ အဲဒီအပေါ်မှာ အဓိကထားပြီးတော့ အကြံဉာဏ်ပေးသွားမှာ ဖြစ်ပါတယ်။”

  • ဟုတ်ကဲ့ ဆရာနေဇင်လတ်ခင်ဗျ။ ဆရာတို့ပါဝင်တဲ့ ဒီအကြံပေးအဖွဲ့တွေဟာ အစိုးရနဲ့ သမ္မတသစ်ရဲ့ အသုံးချခံတွေသာ ဖြစ်လာလိမ့်မယ်လို့ ဝေဖန်ကြတာတွေလည်း ရှိနေပါတယ်။ ဒီအပေါ်ကို ဆရာဘာများ ပြောကြားလိုမလဲဗျ။

အချိန်က အဆုံးအဖြတ် ပေးသွားမှာပါ။ အခုမှ အစိုးရအသစ်ကလည်း တလ မပြည့်သေးဘူး။ တလမပြည့်ခင်ထဲက ဒီအကြံပေးအဖွဲ့တွေ ဘာတွေကို စီစဉ်ထားတယ်ဆိုထဲက ပြောရမယ်ဆိုရင် အလျှင်နှုန်းမြန်တယ်လို့ ပြောလို့ရပါတယ်။ အရင်တုန်းကလည်း အကြံပေးအဖွဲ့တို့ ဘာတို့လည်း အသေအချာလည်း မရှိခဲ့ဘူး။ အခုဒီအစိုးရသစ်မှာမှ ဖွဲ့စည်းပေးခဲ့တယ်ဆိုတော့ ကျနော်ထင်တယ်။ ပြဿနာကို တကယ်ကိုပြေလည်ချင်တဲ့ စိတ်သဘောတွေ သွားတွေ့ရပါတယ်။ ဝေဖန်တယ် ဆိုတာလည်း ဝေဖန်သူတွေရဲ့ လွတ်လပ်ခွင့်ပါ။ အချိန်ကတော့ အဖြေပေးသွား ပါလိမ့် မယ်။”

  • ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဆရာနေဇင်လတ်ခင်ဗျာ။

ဒေါက်တာနေဇင်လတ်ဟာ ရွှေအမြုတေမဂ္ဂဇင်း၊ CEO မဂ္ဂဇင်းတွေအပါအ၀င် အခြားဂျာနယ်မဂ္ဂဇင်းတွေမှာလည်း  စီးပွားလူမှုဆိုင်ရာ၊ ဗဟုသုတဆိုင်ရာ ဆောင်းပါးတွေကို  ရေးသားနေသူ တစ်ယောက်ဖြစ်ပြီး  AMBO Co. Ltd. နဲ့ AMBO Hotel Group ဥက္ကဋ္ဌ အဖြစ်သလို ADAM University မှာ Principal အဖြစ်၊ မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း အထွေထွေ အတွင်းရေးမှူး အဖြစ်လည်း တာဝန်ယူ ဆောင်ရွက်နေသူ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သမ္မတရဲ့ နိုင်ငံရေးအကြံပေးအဖွဲမှာ ခေါင်းဆောင်ဖြစ်တဲ့ ဦးကိုကိုလှိုင်နဲ့အတူ ဦးရဲတင့်နဲ့ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ခေါင်းဆောင် ဦးကိုကိုလှိုင်ကတော့ ပြန့်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှာ အကြံပေးအရာရှိအဖြစ် ၂၀၀၄ ခုနှစ်ကနေ ဒီကနေ့အချိန်အထိ လုပ်ကိုင်နေဆဲ ဖြစ်ပါတယ်။ အဲဒီအရင်ကတော့သူဟာ စစ်ဦးစီး ပထမတန်း (သုတေသနမှူး) အဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံတကာရဲ့ နိုင်ငံရေးကိစ္စတွေ၊ စစ်ရေးကိစ္စတွေကို စုံစမ်းလေ့လာ ပြုစုပြီးတော့ ကက (ကြည်း) ဗိုလ်ချုပ်ကြီးတွေကို လေ့လာတင်ပြတဲ့တာဝန်ကို ယူခဲ့ပြီး တန်ပြန်နိုင်ငံရေးလုပ်ငန်းတွေကို ဦးဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးလည်းဖြစ်ပါတယ်။ သူဟာ ကိုကိုလှိုင်၊ လှိုင်အောင်၊ စည်သူအောင်စတဲ့ ကလောင်အမည်တွေနဲ့လည်း ဆောင်းပါးနဲ့ စာအုပ်တွေကို ရေးသားနေသလို အစိုးရဘလော့ခ် အင်တာ နက်စာမျက်နှာတွေကို ဦးဆောင်ပြုလုပ်ပေးနေသူအဖြစ် သတင်းထွက်ပေါ်နေသူ တယောက် ဖြစ်ပါတယ်။

စီးပွားရေး အကြံပေးအဖွဲ့ကိုတော့ ဒေါက်တာဦးမြင့်က ဦးဆောင်ပြီး ဦးဆက်အောင်နဲ့ ဒေါက်တာတင်လှဗိုလ်တို့ ပါဝင်ထားပါတယ်။ ဒီအဖွဲ့ရဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ဟာ ထင်ရှားတဲ့ စီးပွားရေး သုတေသီ ပညာရှင်တဦးဖြစ်သလို စီးပွားရေး သုတေသန စာတမ်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲတွေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေအတွက် အထောက်အကူပြု စာတမ်းတွေကို ရေးသားပေးလေ့ရှိပါတယ်။ ဒါအပြင် အာရှနှင့် ပစိဖိတ်ဒေသ၏ စီးပွားရေးနဲ့ လူမှုရေးစစ်တမ်းစာစောင်တွေကိုလည်း ပြုစုရေးသားခဲ့ပါတယ်။ ဒေါက်တာဦးမြင့်ဟာ မြန်မာနိုင်ငံ ၀ိဇ္ဇာနှင့်သိပ္ပံပညာရှင် အဖွဲ့ရဲ့ အဖွဲ့ဝင်တဦးဖြစ်ပြီး၊ ပြည်တွင်း စီးပွားရေးကဏ္ဍနဲ့ စပ်လျဉ်းပြီး ဟောပြော ဆွေးနွေးပို့ချမှုတွေနဲ့ အကြံဉာဏ်ပေးတာတွေကို ဆောင်ရွက်နေသူ တယောက် ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ပြည်ပမှာ အနေကြာခဲ့ပြီး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ အဆက်အသွယ်ရှိသလို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့လည်း သိကျွမ်းသူ အဖြစ် လူသိများပါတယ်။ သူပါဝင်လာတဲ့အပေါ် နိုင်ငံရေးအင်အားစုအချို့က အပြုသဘောဆောင် လက်ခံကြတာမျိုးတွေလည်း ရှိနေပါတယ်။

ဥပဒေအကြံပေးအဖွဲ့ကိုတော့ ရဲမှူးကြီး စစ်အေး (ငြိမ်း) ဦးဆောင်ပြီး ဒေါ်ခင်းမျိုးမြင့်နဲ့ ဦးသန်းကျော်တို့ ပါဝင်ထားပါတယ်။ ရဲမှူးကြီး စစ်အေး (ငြိမ်း) ဟာ ရဲ အရာရှိသင်တန်း အပတ်စဉ် (၁) ဆင်းဖြစ်ပြီး ဥပဒေဘွဲ့ရ တယောက်လည်း ဖြစ်ပါတယ်။ သူဟာ မူးယစ်တိုက်ဖျက်ရေးအပါအ၀င် နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုတိုက် ဖျက်ရေးကော်မတီရဲ့ ညွှန်ကြားရေးမှူးနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းကော်မတီ တွဲဖက်အတွင်းရေးမှူးတွေအဖြစ်လည်း တာဝန်ယူ လုပ်ကိုင်ခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်ပါတယ်။

ဒီပုဂ္ဂိုလ်တွေပါဝင်တဲ့ သမ္မတအကြံပေးအဖွဲ့တွေအနေနဲ့ သမ္မတအပေါ် တိုင်းပြည်အတွက် လိုအပ်နေတဲ့ အကြံဉာဏ်တွေကို အမှန်တကယ် ပေးနိုင်ပါ့မလားဆိုတာနဲ့ သမ္မတကရော ဒီအဖွဲ့တွေကပေးတဲ့ အကြံပေးတာတွေကို အလေးအနက်ထား အကောင်အထည် ဖော်၊ မဖော်ဆိုတာတွေကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် သဘာဝပတ်ဝန်းကျင်၊ ပညာရေး၊ ကျန်းမာရေးစတဲ့ ကဏ္ဍတွေအလိုက် သမ္မတအကြံပေးအဖွဲ့တွေကိုလည်း ထပ်မံဖွဲ့စည်းဖို့ ရှိနေပြီး ပညာရှင်တွေ ထပ်မံပါ ၀င်လာဖို့ ရှိနေပါသေးတယ်။

လူကအုပ်ချုပ်တာမဟုတ်ဘဲ ဥပဒေက အုပ်ချုပ်တာမျိုးဖြစ်ရန်လိုအပ်ဟု တစညပြော


အံ့ဘုန်းမြတ် ၂၄ ဧပြီ ၂၀၁၁ (ဒီဗွီဘီ)

တိုင်းပြည်ရဲ့အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးအာဏာတွေကို လွှဲပြောင်းရယူထားတဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ လူကအုပ်ချုပ်တာ မဟုတ်ဘဲ ဥပဒေက အုပ်ချုပ်တာမျိုး ဖြစ်ဖို့လိုတယ်လို့ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ တစညက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလအတွင်း အာဏာရကြံ့ခိုင်ရေးပါတီပြီးရင် ဒုတိယ အများဆုံးအနိုင် ရရှိခဲ့တဲ့ တစညပါတီလို့ လူသိများတဲ့ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ဦးသိန်စိန်ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ် အာဏာလွှဲပြောင်းပြီး တလနီးပါးအကြာ အစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အခုလို ထောက်ပြလိုက် တာလည်း ဖြစ်ပါတယ်။

“အစိုးရအဖွဲ့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ တနည်းအားဖြင့် ပြောမယ်ဆိုရင် တရားဥပဒေစိုးမိုးမှုကို ကျင့်သုံးဖို့ လိုပါတယ်။ ဆိုလိုတဲ့သဘောကတော့ လူက အုပ်ချုပ်တာမျိုး မဟုတ်ပဲ ဥပဒေက အုပ်ချုပ်တယ် ဆိုတာမျိုးပေါ့။ ဒီဟာအတိုင်း သာ မှန်မှန်ကန်ကန် လက်တွေ့အကောင်အထည်ဖော် လုပ်သွားမယ်ဆိုရင် ဒီမိုကရေစီ ဖော်ဆောင်ဖို့အတွက် အင်မတန် နီးကပ်တဲ့ အခြေအနေ ရှိလာမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ တခုရှိတာကလည်း အဲဒီလုပ်ငန်းတွေကို အစိုးရအနေနဲ့ အကောင်အထည် ဖော်သွားရာမှာ ဥပဒေအရ တရားဥပဒေစိုးမိုးမှုကို အဓိက အခြေခံထားပြီးတော့ ကျင့်သုံးသွားမယ်ဆိုရင် အင်မတန်ကောင်းမယ့်ဟာ ဖြစ်ပါတယ်။ ကျနော်တို့လည်း အဲလိုမျိုး ဖြစ်စေချင်ပါတယ်။”

အစိုးရအဖွဲ့သစ်အနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ လိုအပ်သလို တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းဖွင့်ပေးဖို့ လိုတယ်လို့လည်း ဦးဟန်ရွှေက ဆိုပါတယ်။ ဒီလို အခြေအနေမျိုး ဖြစ်လာဖို့အတွက် နိုင်ငံရေးအင်အားစုတွေနဲ့ အစိုးရကြား ဖြစ်သင့်တဲ့ အခြေအနေကိုလည်း အခုလို အကြံပြု ပြောဆိုပြန်ပါတယ်။

“တယောက်နဲ့တယောက် ပြောကြဆိုကြ ဆွေးနွေးကြတယ်ဆိုတာ ဒိုင်ယာလော့ခ် လုပ်ကြတယ် ဆိုတာ ယေဘုယျအားဖြင့် အပြုသဘော  ဆောင်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ လိုလားပါတယ်။ သို့သော် တကယ်လက်တွေ့ အကောင်အထည် ဖော်တဲ့အခါမှာ တူတဲ့အခြေခံမျိုး ရောက်အောင် ဖန်တီးဖို့တော့လိုမယ်။ ဆောင်ရွက်ဖို့တော့ လိုမယ်လို့ ကျနော်တို့ ဒီလိုပဲ ယူဆပါတယ်။”

တစညပါတီဟာ အရင်က အာဏရပါတီတခု ဖြစ်ခဲ့ဖူးတဲ့ မြန်မာဆိုရှစ်လစ် လမ်းစဉ်ပါတီကို အမွေဆက်ခံပြီး တပ်မတော် အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီ တခုဖြစ်ပါတယ်။ ဒီပါတီဟာ ပြီးခဲ့တဲ့  ၂၀၁၀ ရွေးကောက်ပွဲမှာတော့ လွှတ်တော်ကိုယ်စားလှယ် တထောင်နီးပါးနဲ့ ဒုတိယအများဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အဲဒီထဲက ၆၀ ကျော် ရွေးကောက်ခံခဲ့ရပါတယ်။

Categories

%d bloggers like this: