အံ့ဘုန်းမြတ် ၁၀ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)
ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်မှာ အပြန်အလှန် တရားစွဲဆိုထားကြတဲ့ အမှုတွေကို ဒီကနေ့မှာ စစ်ဆေးဖို့ ရှိနေပေမယ့် ထပ်မံချိန်းဆိုလိုက်ပါတယ်။
ရွေးကောက်ပွဲရလဒ်တွေနဲ့ လွှတ်တော် အရပ်ရပ်ကို ခေါ်ယူပြီး သမ္မတသစ်နဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းတော့မယ့် အချိန်အထိ အပြီးသတ် မစစ်ဆေးရသေးတဲ့ ရွေးကောက်ပွဲ ကာလတွေအတွင်းက တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးဖို့ နောက်နှစ်ပတ်အထိ ရွှေ့ဆိုင်း ချိန်းဆိုလိုက်တာပါ။
ဒီလိုချိန်းဆိုလိုက်တာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ရဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ပေး နေတဲ့ ရှေ့နေ ဦးမြင့်သွင်က အခုလို ပြောပြပါတယ်။
“ပြည်ထောင်စုကော်မရှင်က လွန်ခဲ့တဲ့ ၂ ရက်ကနေ ဖုန်းဆက်ပြီးတော့ ၁၀ ရက် ၁၁ ရက်ချိန်းထားတဲ့ အမှုတွေ အကုန်လုံးကို ရွှေ့ဆိုင်းထားတယ်ဗျ။ ဆက်ပြီးတော့ မသွားသေးဘူး။ နောက် ၂ ပတ်လောက်နေမှ ဆက်သွယ်ပြီး အကြောင်းကြားမယ်လို့ ပြောပါတယ်ခင်ဗျ။ အမှုအားလုံးကို ရပ်ထားတယ်ခင်ဗျ။ ၁၆ ရက် ၁၇ လောက်မှာ သူတို့ဆီက အဆက်အသွယ် ပြန်လုပ်ပါ့မယ်တဲ့။ ကျနော်တို့ဆီကလည်း အဆက်အသွယ် ပြန်လုပ်ပါလို့ ပြောပါတယ်ခင်ဗျ။”
လွှတ်တော် အစည်းအဝေးတွေ ကျင်းပနေဆဲဖြစ်သလို ကိုယ်စားလှယ်တွေ ကိုယ်တိုင်လည်း အစည်းအဝေးတွေ တက်ရောက်နေကြရတဲ့အတွက် အခုလို ကြားနာဖို့ ရွှေ့ဆိုင်းလိုက်တာဖြစ်လို့ ကော်မရှင်က အကြောင်းကြား တယ်လို့လည်း ရှေ့နေဦးမြင့်သွင်က ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် တရားရုံးမှာ တိုင်ကြားထားတဲ့အမှု ၂၉ မှုရှိနေပါတယ်။ အဲဒီထဲမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေကို ပြန်လည်တိုင်ကြားထားတဲ့ အမှု ၂ မှုပဲပါဝင်နေပြီး ကျန်အမှုတွေကတော့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေက အခြားအရပ်သားပါတီတွေက ကိုယ်စားလှယ်တွေကို တိုင်ကြားထားတာလည်း ဖြစ်ပါတယ်။ ဒီအမှုတွေထဲက အချို့လည်း ရုပ်သိမ်းဖို့ရှိတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေတယ်လို့ ရှေ့နေဦးမြင့်သွင်က ဆိုပါတယ်။
“ကြံ့ခိုင်ဖွံ့ဖြိုးရေးကစွဲတဲ့ တချို့အမှုတွေကို သူတို့ ပြန်ပြီး ရုတ်သိမ်းတယ်လို့ ကြားတယ်။ အတိအကျတော့ မသိသေးဘူးခင်ဗျ၊ စုံစမ်းနေဆဲပဲ။”
လက်ရှိအခြေအနေမှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် တရားရုံးက စစ်ဆေးပြီးထားတဲ့ အမှုတခုမှာတော့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တဦး ရှုံးနိမ့်ထားပါတယ်။ ရွေးကောက်ပွဲကာလတွင်းက ကိစ္စတွေနဲ့ ကော်မရှင်ရုံးကို တိုင်ကြားခြင်းမရှိဘဲ ရာဇ၀တ်မှုပုဒ်မနဲ့ ဒေသဆိုင်ရာ ရဲစခန်းတွေမှာ ကိုယ်စားလှယ်တွေက တိုင်ကြားထားတဲ့ အမှုတွေက ၁၀၀ ၀န်းကျင် ရှိနေပေမယ့်လည်း ဒီအမှုတွေကိုတော့ တစုံတရာ ဖြေရှင်းပေးတာမျိုး မရှိသေးဘူးလို့ တိုင်ကြားထားတဲ့ ပါတီခေါင်းဆောင်တွေက ဆိုပါတယ်။
Leave a Reply