အံ့ဘုန်းမြတ် ၁၀ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)
နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အစိုးရသစ်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နိုင်ငံရေးပါတီ ၁၁ ပါတီ က လာမယ့် ၁၂ ရက်နေ့ ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ စုပေါင်းတောင်းဆိုဖို့ ရှိနေတယ်လို့ သိရပါတယ်။
လွှတ်တော်တွေနဲ့ သမ္မတသစ်ရဲ့ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့ ပြည်ထောင်စုနေ့မှာ ဒီမိုကရေစီမိတ်ဆွေပါတီတွေ တိုက်တွန်း တောင်းဆိုကြဖို့ ရှိနေကြတာပါ။
တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးပါတီ ၁၁ ခု ပူးပေါင်းကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ခုလိုတိုက်တွန်း တောင်းဆိုမှာဖြစ်တယ်လို့ အခမ်းအနား ဖြစ်မြောက်ရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းတင်အောင်က ဆိုပါတယ်။
“နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့၊ နောက်တခါ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့၊ ဖြစ်ပေါ်လာတဲ့ အစိုးရသစ်ရဲ့ သမ္မတကနေပြီးတော့ပေါ့။ နောက်ပြီးတော့လည်း ဥပဒေအတွင်း ဥပဒေအပ နိုင်ငံရေးပါတီတွေရယ် နိုင်ငံရေးအဖွဲ့ အစည်းတွေရယ်၊ နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဥပဒေအတွင်း ဥပဒေအပ အဖွဲ့အစည်းတွေရယ်ကို အချင်းချင်း ပြန်လည်နားလည်မှု ရရှိရေး၊ ညီညွတ်ရေး ရရှိရေးကို ဖြစ်ပေါ်လာတဲ့ လွှတ်တော်နဲ့ အစိုးရကနေ ဦးဆောင် ကမကထ လုပ်ပြီးတော့ အဲဒါတွေ ပြေလည်အောင် ဦးတည်ကြိုးပမ်းပါဆိုတဲ့ တိုက်တွန်းချက်လည်း ပါတာပေါ့။”
ပြည်ထောင်စုနေ့ အခမ်းအနား စုပေါင်းကျင်းပပြုလုပ်ကြဖို့ စီစဉ်နေတဲ့ ဒီမိုကရေစီမိတ်ဆွေပါတီ ၁၁ ပါတီထဲမှာ တိုင်းရင်းသားပါတီတွေက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းများဒီမိုကရက်တစ်ပါတီတို့ဖြစ်ပြီး ဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးပါတီတွေကတော့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ၀ံသာနုအန်အယ်လ်ဒီနဲ့ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် ပါတီတွေပဲ ဖြစ်ပါတယ်။ ဒီပါတီတွေရဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကိုတော့ လာမယ့် ၁၂ ရက်နေ့ ဗဟန်းရွှေဂုံတိုင် မီးပွိုင့်မှာရှိတဲ့ အ၀စားကြေးအိုးဆိုင်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
Leave a Reply