အံ့ဘုန်းမြတ် ၉ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)
ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတသစ် ဦးသိန်းစိန်က အစိုးရအဖွဲ့သစ်ရဲ့ ၀န်ကြီးဌာန ၃၄ ခုရဲ့ ၀န်ကြီးတွေအဖြစ် လူပုဂ္ဂိုလ် ၃၀ ရဲ့အမည်စာရင်းတွေကို အဆိုပြု တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ဒီလိုအဆိုပြုတင်သွင်းတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဦးမြတ်ဉာဏစိုးက ၀န်ကြီးဌာန ၃၀ နဲ့ ၀န်ကြီး ၂၅ ဦးပဲရှိသင့်ကြောင်း တင်ပြဆွေးနွေးပြီး ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းနဲ့ သမ္မတတို့က ပြန်လည်ဆွေးနွေးခဲ့ကာ ၀န်ကြီးဌာနတွေနဲ့ ၀န်ကြီးအရေအတွက်ကို ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ် အတည်ပြုချက် ရယူခဲ့တယ်လို့ အစည်းအဝေး တက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ဆိုပါတယ်။
“ပြောဆိုဆွေးနွေးပြီးတော့မှ ပြည်ထောင်စုလွှတ်တော် နာယကက ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ဖို့ ကျနော်တို့ကို ပြောပါတယ်။ အဲဒီမှာ မဲပေးတော့ သမ္မတ တင်သွင်းတဲ့ ၀န်ကြီးဌာန ၃၄ ဌာနပဲ ရှိသင့်တယ်ဆိုတဲ့ အဆိုက မဲပေါင်း ၆၁၂ မဲ ရပြီးတော့ အတည်ဖြစ်သွားပါတယ်။”
ဒါ့အပြင် သမ္မတရဲ့ အစိုးသစ်ဖွဲ့စည်းပုံမှာ ၀န်ကြီးဌာန ၃၄ ခုရှိပြီး ၀န်ကြီး ၃၀ ပဲ ရှိနေတာနဲ့ ပတ်သက်ပြီးတော့လည်း ချင်းပြည်နယ်က ကိုယ်စားလှယ် ဦးခွန်မင်းကလည်း ၀န်ကြီးဌာနအပြည့် ၀န်ကြီးတွေကို ထားရှိဖို့ကို အဆိုပြုခဲ့ပေမယ့်လည်း သမ္မတတင်သွင်းတဲ့အဆိုပဲ အတည်ဖြစ်တယ်လို့ အခြားကိုယ်စားလှယ်တဦးက ဆိုပြန်ပါတယ်။
ဒီလို ကိုယ်စားလှယ်တွေအနေနဲ့ အပြန်အလှန်ဆွေးနွေခွင့် ရရှိပေမယ့်လည်း မဲခွဲဆုံးဖြတ်တဲ့ အခါမှာ အရေးနိမ့်နေရပုံကို ဦးဘုန်းမြင့်အောင်က အခုလို သုံးသပ် ပြောဆိုပါတယ်။
“ဒီသမ္မတ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့အဆိုမှာ ပြည်ထောင်စု ကိုယ်စားလှယ်တွေ ကတော့ သမ္မတကို ကိုယ့်ရဲ့ဆန္ဒတွေ၊ ကိုယ့်အယူအဆတွေ ဆွေးနွေးပိုင်ခွင့်တော့ ရှိပါတယ်။ တခြား သမ္မတကိုလည်း ထောက်ခံ ဆွေးနွေးချင်လို့လည်း ရသလို သမ္မတ အဆိုတင်သွင်းတဲ့ ဟာတွေကိုလည်း မကောင်းရင် မကောင်းသလို။ မကြိုက်ရင်မကြိုက်လိုအပ်သလို ဆွေးနွေးပိုင်ခွင့်ရှိပါတယ်။ သမ္မကလည်း ပြန်လည် ဆွေးနွေးပိုင်ခွင့်ရှိပါတယ်။ ဆွေးနွေးတာတွေကိုလည်း အပြန်အလှန် ကြားနေရ ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်းပေါ့ဗျာ။ အားလုံးဆွေးနွေးပြီးရင် လွှတ်တော်နာယကကတော့ မဲခွဲဆုံးဖြတ်ကြတာပေါ့။ မဲခွဲဆုံးဖြတ်ရင် လောလောဆယ် သမ္မတကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဖြစ်တယ်။ အမတ်တွေကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးက များတယ်ပေါ့ဗျာ။ မဲခွဲဆုံးဖြတ်တဲ့အခါ ကျရင်တော့ ကျနော်တို့ မဲကမရဘူးပေါ့လေ။”
ဒီကနေ့ သမ္မတဦးသိန်စိန်က အဆိုပြု တင်သွင်းလိုက်တဲ့ ၀န်ကြီးစာရင်းတွေမှာ အရင်က ၀န်ကြီး၊ ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူအများစု ပြန်လည် ပါဝင်လာသလို ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း UMFCCI ရဲ့ဥက္ကဌဖြစ်တဲ့ ဦးဝင်းမြင့်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းက ဦးတင့်ဆန်းတို့လို စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒေါက်တာဖေသက်ခင်လို ကလေးအထူးကု ပါမောက္ခဆရာဝန်လို ပညာရှင်အနည်းငယ် ပါဝင်လာတာကိုလည်း တွေ့ရပါတယ်။ ဒီလိုပါဝင်လာတဲ့အပေါ်ကို ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက အခုလို ပြောပါတယ်။
“ပိုပြီးတော့ ပြည့်စုံလာတာပေါ့။ ဥပမာ ပညာသည်တွေလည်း ပါလာတဲ့ သဘောတွေ ရှိတယ်လေ။ အားလုံး လုပ်ထားတာက လူကြီးတွေက သေချာ စဉ်းစားပြီး ပါတီကရော အပြန်ပြန်အလှန်လှန် စဉ်းစားပြီးတော့မှ ဒီပုဂ္ဂိုလ်တွေကို ခန့်ထားခြင်း ဖြစ်ပါတယ်။ ဦးတင့်ဆန်းကတော့ သူရဲ့ အဓိက Professional က ဆောက်လုပ် ရေးပဲ။ ဒီလွှတ်တော်ကြီးဟာဆိုရင် တော်တော်ကြီးခေတ်မီတဲ့ သူ့ရဲ့ဒီဇိုင်း၊ သူ့ရဲ့အိုင်ဒီယာ၊ သူ့ရဲ့ Supervision နဲ့ ဆောက်တဲ့အတွက်ကြောင့် ဆောက်လုပ်ရေး ဖြစ်ဖို့များပါတယ်။ ဦးဝင်းမြင့်ကတော့ ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ တော်တော်ကြာကြာ လုပ်ခဲ့တော့ သမ၀ါယမလို ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်ဟာကိုယ် အိပ်စ်ပို့ အင်ပို့တွေက အစလုပ်တဲ့ ၀န်ကြီးဌာနကို သူရောက်ဖို့များပါတယ်။”
ဒီကနေ့ သမ္မတက တင်သွင်းလိုက်တဲ့ ၀န်ကြီးတွေရဲ့ စာရင်းတွေအရ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ ဗိုလ်ချုပ်လှမင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီး၊ အရင်က သံအမတ်ကြီးအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးတဲ့ ဦးဝဏ္ဏမောင်လွင်က နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၊ ဦးဝင်းထွန်းက သစ်တော ၀န်ကြီး၊ ဒေါက်တာမြအေးက ပညာရေးဝန်ကြီးဌာန၀န်ကြီး၊ အရင်မန္တလေးက ကလေးအထူးကု ပါမေက္ခဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာဖေသက်ခင်က ကျန်းမာရေး ၀န်ကြီးဌာန၀န်ကြီးတို့ ဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။
ဒါ့အပြင် အရင်ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်းက ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီးတွေအဖြစ် ပူးတွဲလုပ်ဆောင်ဖို့ရှိနေပြီး စက်မှု ၂ ၀န်ကြီးအဖြစ် အရင်ဝန်ကြီး ဦးစိုးသိန်းပဲ ဆက်လက်လုပ်ကိုင်မှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကနေ့ အဆိုတင်သွင်းထားတဲ့ ၀န်ကြီးတွေ တာဝန်ယူ လုပ်ကိုင်ရမယ့် ၀န်ကြီးဌာနတွေကိုတော့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်ထုတ်ပြန်လာနိုင်မှာ ဖြစ်ပါတယ်။
ဒီကနေ့အဆိုတင်သွင်းထားတဲ့ ၀န်ကြီးတွေရဲ့ အမည်စာရင်းတွေမှာ အရင်ဝန်ကြီးဟောင်းတွေ ဖြစ်တဲ့ ဦးအောင်သောင်း၊ ဦးသောင်း၊ ဦးလွန်းသီ၊ ဦးစိုးသာ၊ ဦးသိန်းအောင်၊ ဦးအုန်းမြင့်၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးဌေးဦး၊ ဦးမောင်ဦး၊ ဒေါက်တာချမ်းငြိမ်း၊ ဒေါက်တာကျော်မြင့်၊ ဦးဉာဏ်ဝင်း၊ ဦးခင်အောင်မြင့် စတဲ့ ၀န်ကြီး ၁၄ ဦးကတော့ ၀န်ကြီးအဖြစ် ပြန်လည်ပါဝင်လာခြင်း မရှိတော့ပါဘူး။
နိုင်ငံတော်သမ္မတက ဒီကနေ့ အဆိုတင်သွင်းလိုက်တဲ့ ၀န်ကြီး ၃၀ ဦးရဲ့အမည်စာရင်းတွေကတော့ (၁) ဦးကိုကို (၂) ဦးလှမင်း (၃) ဗိုလ်ချုပ်သိန်းထွေး (၄) ၀ဏ္ဏမောင်လွင် (၅) ဦးမြင့်လှိုင် (၆) ဦးကျော်ဆန်း (၇) ဦးဝင်းမြင့် (၈) ဦးတင့်ဆန်း (၉) ဦးခင်မောင်မြင့် (၁၀) ဦးသိန်းထွန်း (၁၁) ဦးလှထွန်း (၁၂) ဦးသိန်းထိုက် (၁၃) ဦးဥာဏ်ထွန်းအောင် (၁၄) ဦးတင်နိုင်သိန်း (၁၅) ဦးဝင်းထွန်း (၁၆) ဦးအောင်ကြည် (၁၇) ဦးအုန်းမြင့် (၁၈) ဦးကျော်စွာခိုင် (၁၉) ဦးစိုးသိန်း (၂၀) ဦးသန်းဌေး (၂၁) ဦးအောင်မင်း (၂၂) ဒေါက်တာမြအေး (၂၃) ဒေါက်တာဖေသက်ခင် (၂၄) ဦးအေးမြင့် (၂၅) သူရမြင့်မောင် (၂၆) ဦးခင်ရီ (၂၇) ဦးဇော်မင်း (၂၈) ဦးခင်မောင်စိုး (၂၉) ဦးသိန်းညွန့် (၃၀) ဦးစိုးမောင် တို့ဖြစ်ပါတယ်။
Leave a Reply