အံ့ဘုန်းမြတ် ၄ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)
နအဖစစ်အစိုးရက ၂၂ နှစ်တာကာလမှာ ပထမဆုံးအနေနဲ့ ခေါ်ယူပေးခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် သက်တမ်း ၅ ရက်အကြာမှာပဲ နိုင်ငံတော်သမ္မတတွေကို အပြီးသတ် ရွေးချယ်တင်မြှောက်လိုက်ပြီ ဖြစ်ပါတယ်။ ဒီလိုရွေးချယ်တင်မြှောက်တဲ့အခါမှာတော့ လက်ရှိဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်း၊ ကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးသိန်စိန်က သမ္မတ ဖြစ်လာပါတယ်။
ဒီကနေ့မှာ ခေါ်ယူကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ ဒုတိယသမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံထားတဲ့ ပြည်သူ့လွှတ်တော်က ဦးသိန်းစိန်၊ အမျိုးသားလွှတ်တော်က ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ တပ်မတော်သား ကိုယ်စားလှယ်ထဲက သီဟသူရ ဦးတင်အောင်မြင့်ဦးတို့ကို တက်ရောက် လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက မဲခွဲဆုံးဖြတ်ပြီး ဦးသိန်းစိန်ကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်လိုက်တာပါ။
ဒီလိုမဲခွဲဆုံးဖြတ်တဲ့အခါမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေက လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၉ ဦးရှိတဲ့အနက် ဦးသိန်းစိန်က ၄၀၈ မဲနဲ့ သမ္မတအဖြစ် တင်မြှောက်ခံခဲ့ရတာပါ။ ဒုတိယ သမ္မတတွေ ဖြစ်လာတဲ့ သီဟ သူရဦးတင်အောင်မြင့်ဦးကတော့ ၁၇၁ မဲ၊ ဒေါက်တာစိုင်းမောက်ခမ်းကတော့ ၇၅ မဲရရှိခဲ့တာ ဖြစ်ပြီး ပယ်မဲကတော့ ၅ မဲပါဝင်ခဲ့ပါတယ်။ ဒီလို လက်ရှိ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် သမ္မတအဖြစ် တင်မြှောက်ခံရတာနဲ့ ပတ်သက်ပြီး ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာဦးခင်ရွှေက အခုလို ပြောပါတယ်။
“ပြန်ပြီးတော့ သုံးသပ်ရလို့ရှိရင်တော့ ထိုက်ထိုက်တန်တန် ရသွားတဲ့ မဲလို့ ပြောရပါမယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျနော်တို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ၂၅၉ ဦးရှိပါတယ်။ အမျိုးသားလွှတ်တော်မှာ ၁၂၉ ဦး ရှိပါတယ်။ အားလုံး ၃၈၈ ဦး ရှိပါတယ်။ တပ်မတော်သားအနေနဲ့ ပြည်သူ့လွှတ်တော်မှာ ၁၁၀ ဦး တက်ပါတယ်။ အမျိုးသားလွှတ်တော်မှာ ၅၆ ဦး တက်ပါတယ်။ အားလုံးပေါင်းလို့ ရှိရင် ၆၅၉ ဦး တက်ကြပါတယ်။ တက်တဲ့အထဲမှာ ရှမ်းကဆိုရင် ပြည်သူ့လွှတ်တော် ၄၈ ဦး တက်ပြီးတော့ အမျိုးသားလွှတ်တော်က ၁၂ ဦးဆိုတော့ ရှမ်းက လူ ၆၀ ဦး တက်ပါတယ်။ အဲဒါကြောင့် ရှမ်းကတက်တဲ့အတွက်ကြောင့် ရှမ်းအမျိုးသားဖြစ်တဲ့ ဦးစိုင်းမောက်ခမ်းကို မဲထည့်ကြမှာ ဖြစ်ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းအနေနဲ့ ရှမ်းကိုနုတ်လိုက်ရင် ၃၂၈ ဦး ရှိပါတယ်။ ဦးသိန်းစိန် အနေနဲ့က ၃၂၈ ဦး အပေါင်း တခြားပါတီစုံရဲ့ မဲ ၈၀ ၀င်သွားတဲ့ သဘောဆိုတော့ ပါတီစုံ အကုန်လုံးက ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ပေးလိုက်ကြတဲ့သဘောပေါ့။ ပါတီစုံမှာက ရှိတာမှ ၁၀၅ ဦးပဲရှိတယ်။ အဲဒီထဲက ၈၀ က ဗိုလ်ချုပ်ကြီးသိန်းစိန်ကို ထည့်ပေးလိုက်တဲ့ သဘောဆိုတော့ ဗိုလ်ချုပ်ကြီး သိန်းစိန်အနေနဲ့ သမ္မတနေရာကို ထိုက်ထိုက်တန်တန် ရရှိသွားခြင်း ဖြစ်ပါတယ်။”
လောလောဆယ်မှာတော့ လွှတ်တော်ကို နားထားဦးမှာဖြစ်ကာ လာမယ့် ၈ ရက်နေ့မှာတော့ လွှတ်တော်အစည်းအဝေးတွေကို ပြန်လည် ခေါ်ယူထားပြီး အဲဒီ အစည်အဝေးကနေ သမ္မတကျမ်းကျိန်တာတွေ၊ အစိုးရအဖွဲ့ ဖွဲ့စည်းရေးတွေ၊ ဒေသဆိုင်ရာဝန်ကြီးချုပ်တွေကို ခန့်အပ်ဖို့၊ ၀န်ကြီးတွေခန့်အပ်ဖို့ စတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ကိုင်ဖို့ ရှိနေပါတယ်။ နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန် ဖြစ်လာတဲ့ အပေါ်ကိုလည်း ဇေကမ္ဘာဦးခင်ရွှေက အခုလိုပြောပါတယ်။
“သူက သမ္မတဖြစ်သွားတဲ့အတွက်ကြောင့် လက်ရှိလုပ်နေတဲ့ လုပ်ငန်းတွေ ဆက်ပြီးသွားနိုင်တဲ့အပြင် သူက စီးပွားရေး၊ စာဖတ်အားလည်းကောင်းတယ်။ နားထောင်အားလည်းကောင်းတယ်။ ဆုံးဖြတ်တဲ့ နေရာမှာလည်း မြန်လည်း မြန်တယ်။ မှန်လည်း မှန်ကန်တဲ့အတွက်ကြောင့် ဆက်ပြီးတော့ စီးပွားရေးတွေ ဒီထက်ဖွံ့ဖြိုး သွားမယ်လို့တော့ ကျနော်က ယုံကြည့်ပါတယ်။”
ဆိုတော့ အစိုးရသစ်လက်ထက်မှာ ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတဲ့ နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေကိုရော ရင်ကြားစေ့အောင် သူ့အနေနဲ့ လုပ်နိုင်လိမ့်မယ်လို့ရော အန်ကယ်ထင်ပါသလား။
“သူက သဘောထားအနေနဲ့လည်း ပျော့ပျောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အားလုံးကို ချစ်ချစ်ခင်ခင်။ ကြင်ကြင်နာနာနဲ့ စည်းစည်းလုံးလုံးသွားမယ့် ပုဂ္ဂိုလ်ဖြစ်ပါတယ်၊ အဲဒါကြောင့် ကျနော်အနေနဲ့ သူ တဆင့်ပြီး တဆင့်တော့ သွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။”
နိုင်ငံတော်သမ္မတ ဖြစ်လာတဲ့ ဦးသိန်းစိန်ဟာ ၁၉၄၅ ခုနှစ်က ဖွားဖြစ်ပြီး အခုအချိန်မှာ အသက် (၆၅) နှစ်ရှိပြီ ဖြစ်ပါတယ်။ သူဟာ မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၉ ဆင်းဖြစ်ပြီး ၁၉၈၈ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက် ကကကြည်းမှာ စစ်ဦးစီးဗိုလ်မှူးကြီးနဲ့ စစ်ဆင်ရေးကွပ်ကဲရေးမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်မှာတော့ ကြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ ဗိုလ်ချုပ်၊ ၂၀၀၂ ခုနှစ်မှာ စစ်ရေးချုပ်၊ ၂၀၀၃ ခုနှစ်မှာ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးအပြင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီရဲ့ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်မှာတော့ အတွင်းရေးမှူး (၁) အဖြစ် တိုးမြှင့်ခန့်ထားခံရတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ၀န်ကြီးချုပ်စိုးဝင်း ကွယ်လွန်ပြီးနောက် နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂၀၁၀ ခုနှစ် ဧပြီလဆန်းပိုင်းတွင် တပ်မတော်ရာထူးကနေ အနားယူပြီ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၁ လွှတ်တော်ရဲ့ ပထမဆုံးသမ္မတ ဖြစ်လာတာလည်း ဖြစ်ပါတယ်။
Leave a Reply