အံ့ဘုန်းမြန် (၃ ဇန်နဝါရီ ၂ဝ၁၁) (ဒီဗွီဘီ)
ဒီကနေ့ နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ လွှတ်တော် အစည်းအဝေးတွေကနေ လွှတ်တော်အရပ်ရပ်က အဆိုပြုတင်သွင်းထားတဲ့ သမ္မတလောင်းတွေကို မဲခွဲဆုံးဖြတ်တဲ့အခါမှာ ကြံ့ခိုင်ရေးပါတီက အဆိုတင်သွင်းထားတဲ့ သမ္မတလောင်းနှစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်က ဦးသိန်းစိန်နဲ့၊ အမျိုးသားလွှတ်တော်က ဒေါက်တာ စိုင်းမောက်ခမ်း တို့က မဲအပြတ်အသတ်နဲ့အနိုင်ရရှိပြီး ဒုတိယသမ္မတတွေ ဖြစ်လာပါတယ်။
မဲခွဲဆုံးဖြတ်တဲ့အခါမှာ ပြည်သူ့လွှတ်တော် တက်ရောက်လာကြတဲ့ အရွေးချယ်ခံကိုယ်စားလှယ်တွေ ကိုယ်စားလှယ် ၃၃၀ ဦးရှိတဲ့အနက် အရပ်သားတွေ အဆိုတင်သွင်းထားတဲ့ ဖလုံ-စဝေါ်ပါတီက ဦးစောသိန်းအောင်က ၃၈ မဲနဲ့ ရှုံးနိမ့်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီက ဦးသိန်းစိန်က ၂၇၆ မဲနဲ့ အနိုင်ရရှိခဲ့ပြီး ဒီမှာတော့ ပယ်မဲ ၁၁ မဲ ရှိခဲ့ပါတယ်။
အမျိုးသားလွှတ်တော်မှာတော့ အရပ်သားတွေ အဆိုတင်သွင်းထားတဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာအေးမောင်က ၂၇ မဲနဲ့ ရှုံးနိမ့်ခဲ့ပြီး ကြံ့ခိုင်ရေးပါတီက တင်သွင်းထားတဲ့ ဒေါက်တာ စိုင်းမောက်ခမ်းက မဲ ၁၄ဝ နဲ့ အနိုင်ရရှိခဲ့ကာ ပယ်မဲ တမဲပဲရှိခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေကတော့ သီဟသူရ ဦးတင်အောင်မြင့်ဦးကို ဒုသမ္မတအဖြစ် အဆိုတင်သွင်းထားပြီး မနက်ဖြန် ၄ ရက်နေ့မှာတော့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခေါ်ယူပြီး ဒီဒုသမ္မတ ၃ ဦးထဲက တဦးကို သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ကြမှာဖြစ်ပါတယ်။
အဲ့ဒီမှာဆိုရင်တော့ လက်ရှိနိုင်ငံတော်ဝန်ကြီးချုပ် ကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်စိန်ပဲ သမ္မတဖြစ်လာနိုင်မယ်လို့ ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာဦးခင်ရွှေက ဆိုပါတယ်။
“စိုင်းမောက်ခမ်းကတော့ ဒုသမ္မတ ဖြစ်မှာပါ၊ ဗိုလ်ချုပ်ကြီးသိန်းစိန်ကတော့ သမ္မတဖြစ်မှာပေါ။ သူ့အစီအစဉ်လိုက်ပေါ့ဗျာ၊ လက်ရှိကလည်း သူက ၀န်ကြီးချုပ်ဖြစ်တယ်လေ၊ နိုင်ငံတကာနဲ့လည်း အဆက်အသွယ်ကရှိတော့ အတွေ့အကြုံကလည်း အများကြီးရှိတဲ့အတွက် အားလုံးမှန်းတာကတော့ သူ့ကို သမ္မတဖြစ်လိမ့်မယ်လို့ မှန်းကြတယ်။ သူ့မှာ အိုင်ဒီယာလည်း ရှိတယ်လေ။”
သမ္မတဖြစ်လာမယ့် ဦးသိန်းစိန်အနေနဲ့ သူက အရင်တုန်းကဆိုရင် နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွဲ့ဖြိုးရေးကောင်စီအနေနဲ့ သူလုပ်ခဲ့ရတော့ ပုံစံတမျိုးရှိတာပေါ့နော်။ ဒီအရပ်သားတွေပါဝင်တဲ့ လွှတ်တော်ကနေပြီးတော့ သူရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ကိုင်လာနိုင်မယ့် အလားအလာတွေရော တွေ့မြင်ရပါလားခင်ဗျ၊
“ရှိပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ ဥပဒေအရတော့ နိုင်ငံတော်သမ္မတဟာ နိုင်ငံတော်ရဲ့ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တယ်၊ အဲတော့ နိုင်ငံတော်ကို တိုးတက်သွားအောင် သူလုပ်နိုင်ပါတယ်၊ သူ့သမိုင်းမှာ သူအကောင်းဆုံး ရေးသွားလိမ့်မယ်လို့ အန်ကယ်ယူဆပါတယ်။
မနက်ဖြန်မှာပဲ သမ္မတတွေ ရွေးမှာဆိုတော့ အစိုးရအဖွဲ့ ဘာတွေရော ဘယ်တော့လောက်မှာများ ဖွဲ့စည်းနိုင်လိမ့်မယ်လို့ အန်ကယ်တို့ ယူဆပါသလဲခင်ဗျ။
“ဆက်ပြီးတော့ ဖွဲ့တော့မယ်၊ သမ္မတ ရပြီးပြီဆိုရင် သမ္မတကနေပြီးတော့ အစိုးရအဖွဲ့ကို ဖွဲ့ရမယ်၊ နောက်တိုင်းနဲ့ပြည်နယ် အုပ်ချုပ်ခွင့်ရတဲ့ ၀န်ကြီးတွေကို သူက ဆက်ခန့်ပေးရမယ်၊ ကျန်တဲ့ လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်လို့ ယူဆပါတယ်”
နိုင်ငံတော်သမ္မတ ဖြစ်လာမယ့် ဦးသိန်းစိန်ဟာ မေမြို့စစ်တက္ကသိုလ် အပတ်စဉ် ၈ ဆင်းဖြစ်ပြီး ၁၉၈၈ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက် ကကကြည်းမှာ စစ်ဦးစီး ဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေး ကွပ်ကဲရေးမှူး တာဝန်များ ထမ်းဆောင်ခဲ့ပါတယ်။
၁၉၉၇ ခုနှစ်တွင် ကြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ်ခံခဲ့ရပါတယ်။ ၁၉၉၈ ခုနှစ်မှာတော့ ဗိုလ်ချုပ်၊ ၂ဝဝ၂ ခုနှစ်တွင် စစ်ရေးချုပ်၊ ၂ဝဝ၃ ခုနှစ်တွင် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးအပြင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီ နအဖ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၂ဝဝ၄ ခုနှစ်မှာတော့ အတွင်းရေးမှူး (၁) အဖြစ် တိုးမြှင့်ခန့်ထားခံရသည်။ ၂ဝဝ၇ ခုနှစ်မှာတော့ ဝန်ကြီးချုပ်စိုးဝင်း ကွယ်လွန်ပြီးနောက် နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ် ဧပြီလဆန်းပိုင်းတွင် စစ်တပ်ရာထူးမှ အနားယူပြီ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။
ဒုတိယသမ္မတဖြစ်လာမယ့်ထဲက သီဟသူရ ဦးတင်အောင်မြင့်ဦးကတော့ စစ်တက္ကသိုလ် အပတ်စဉ် ၁၂ ဆင်းဖြစ်ပြီး ၁၉၈ဝ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ဘက်ဆိုင်ရာ သီဟသူရဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။
တပ်ရင်းမှူး၊ စစ်ဗျူဟာမှူး တာဝန်တွေကို ထမ်းဆောင်ခဲ့သူ တဦးဖြစ်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်အပ် ခံခဲ့ရပါတယ်။ အဲ့ဒီနောက်မှာတော့၂ဝဝ၂ ခုနှစ်မှာ စစ်ထောက်ချုပ်၊ ၂ဝဝ၃ ခုနှစ်မှာ ဒုတိယဗိုလ်ချုပ်ကြီးအထိ ဖြစ်လာခဲ့ပြီး ၂ဝဝ၇ ခုနှစ်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ နအဖအစိုးရအဖွဲမှာ အတွင်းရေးမှူး ၁ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။
၂ဝဝ၉ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီး ရာထူးအထိ တိုးမြှင့်ခံခဲ့ရပါတယ်။ ၂ဝ၁ဝ ခုနှစ်မှာတော့ စစ်ဘက်တာဝန်တွေက အနားယူပြီး နအဖအတွင်းရေးမှူး ၁ ရာထူးနဲ့ ပါတီအသွင်ပြောင်းလာတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုနာယကအဖွဲ့ဝင်အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။
ဒုတိယသမ္မတဦးဖြစ်လာမယ့် ဒေါက်တာ စိုင်းမောက်ခမ်းကတော့ ၁၉၅ဝ ခုနှစ်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့မှာ မွေးဖွားခဲ့ပြီး မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သူတဦးဖြစ်ပါတယ်။ လက်ရှိအခြေ အနေမှာတော့ ရှမ်းပြည်နယ် လားရှိုးမြို့နယ်တွင် “ယူလီခ” အထူးကုဆေးခန်း ဖွင့်လှစ်ထားပြီး ဗဟိုရှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့နဲ့ လားရှိုးမြို့နယ် ရှမ်းစာပေနှင့် ယဉ်ကျေးမှု အဖွဲ့တွေမှာ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။
၂ဝ၁ဝ ရွေးကောက်ပွဲအတွင်းမှာတော့ ကြံ့ခိုင်ရေးပါတီကိုယ်စားပြု အမျိုးသားလွှတ်တော်အတွက် ရှမ်းပြည်နယ် မဲဆန္ဒနယ် ၃ မှာ ဝင်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲအကြိုကာလ စည်းရုံးရေးကာလတွေမှာတော့ အခမဲ့ ဆေးကုသပေးမယ်ဆိုပြီး လူထုကျန်းမာရေး အကြောင်းပြချက်ဖြင့် စည်းရုံးရေးဆင်းခဲ့မှုတွေကြောင့် ဝေဖန်ခံခဲ့ရတဲ့ ပုဂ္ဂိုလ်တဦးဖြစ်ပါတယ်။
Leave a Reply