အံ့ဘုန်းမြတ် ၂ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)
လွှတ်တော်အရပ်အရပ်က အဆိုပြုတင်သွင်းခဲ့ကြတဲ့ ဒုတိယသမ္မတ ၄ ဦးထဲက အရပ်သားနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေက အဆိုပြုခဲ့ကြတဲ့ သမ္မလောင်းတွေ ဒု-သမ္မတတွေ ဖြစ်လာနိုင်ဖွယ်ရာ မရှိဘူးလို့ နိုင်ငံရေးပါတီခေါင်းဆောင် အသီးသီးက ပြောဆိုကြပါတယ်။
သမ္မတအဖြစ် အဆိုတင်သွင်းမှုတွေမှာတော့ ပြည်သူ့လွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက ဦးသိန်းစိန်နဲ့ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီက ဦးစောသိန်းအောင် တို့ကို အဆိုတင်သွင်းထားကြပါတယ်။ အမျိုးသား လွှတ်တော်မှာတော့ ကြံ့ခိုင်ရေးပါတီက ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာအေးမောင်တို့ကို အဆို တင်သွင်းထားကြပါတယ်။ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာနှုန်းကတော့ ဦးသီဟ သူရတင်အောင်မြင့်ဦးကို ခန့်ထားဖို့ အဆို တင်သွင်းထားကြပါတယ်။ ဒီသမ္မတလောင်း ငါးဦးထဲကနေ သမ္မတအပါဝင် ဒုတိယသမ္မတနှစ်ဦးတို့ကို ရွေးချယ် တင်မြှောက်ကြရမှာဖြစ်ပါတယ်။
ဒိကနေ့မှာ လွှတ်တော်အသီးသီးက အဆိုတင်သွင်းထားတဲ့ သမ္မတလောင်း ၅ ဦးကို အဖွဲ့ဝင် ၇ ဦးပါ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီက စစ်ဆေးမှုတွေ ပြုလုပ်ပြီးပြီ ဖြစ်ပါတယ်။ အဲ့ဒီနောက် မနက်ဖြန်မှာတော့ ဒုသမ္မတတွေကို လွှတ်တော်အလိုက် မဲခွဲဆုံးဖြတ် ရွေးချယ်တဲ့အခါမှာ အရပ်သားပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေက အဆိုတင်သွင်းထားတဲ့ ပုဂ္ဂိုလ်တွေ ဒုတိယသမ္မတတွေ ဖြစ်လာနိုင်ခြေ အားနည်းတယ်လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်အချို့က ပြောဆိုကြပါတယ်။ အဲ့ဒီထဲက ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီရဲ့ ပြောခွင့်ရှိသူ ဦးမျိုးညွန့်က
“ဒုသမ္မတလောင်း သုံးယောက် ရွေးရမယ့်နေရာမှာ ငါးယောက် စာရင်းတင်ထားပြီးပြီ။ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီက သုံးယောက်၊ အခြားဒီမိုကရေစီအင်အားစုများက နှစ်ယောက် တင်ထားတယ်။ ဒါကို စိစစ်ပြီးတော့ အရည်အချင်း ပြည့်မီရင် ရွေးချယ်မယ်ဆိုတော့ ရွေးချယ်မှုကျတော့လည်း မဲခွဲရင်လည်း အများစုကပဲ နိုင်မှာပေါ့။ အဲတော့ ဦးသိန်းစိန်ရယ်၊ ဦးတင်အောင်မြင့်ဦးရယ်၊ ရှမ်းကိုယ်စားလှယ်တယောက်ရယ်၊ အဲဒီထဲက ဒု-သမ္မတ သုံးယောက်ဖြစ်ပြီ၊ အဲဒီထဲက ဦးတင်အောင်မြင့်ဦးရယ်၊ ဦးသိန်းစိန်ရယ် တယောက်ယောက်ပဲ သမ္မတ ဖြစ်မှာပေါ့။ ကျနော်ကတော့ အဲဒီလိုပဲ မြင်တယ်။ ”
ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌသစ် ဦးသိန်းတင်အောင်ကတော့ ဗိုလ်ချုပ်မှူးကြီးရဲ့ ညှန်ကြားချက်ပေါ်မှာ မူတည်မယ်လို့ ဆိုပါတယ်။
“မဲခွဲဆုံးဖြတ်ရင်တော့ တစ်အချက်က မဲနဲ့က အဓိက မဟုတ်ဘူး၊ ညှန်ကြားချက်က အဓိကဗျ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုင်းရင်းသားထဲကလည်း ဒု-သမ္မတ တယောက်လည်း ပေးလိုက်ကွာဆိုရင် တိုင်းရင်းသားထဲက ဒု-သမ္မတတယောက် ဖြစ်လာမှာပေါ့။ ဒါမှမဟုတ်ဘဲနဲ့ မလိုပါဘူးကွာ… တို့ပဲ ဒု-သမ္မတ လုပ်ကြရအောင် လို့ဆိုရင် ဒု-သမ္မတထဲမှာ ဒီမိုကရက်တစ်အင်အားစုတွေကရော၊ တိုင်းရင်းသားတွေကရော ပါနိုင်မှာ မဟုတ်တော့ဘူး။ သူတို့ရဲ့ စိတ်ဆန္ဒအပေါ်မှာလည်း မူတည်တယ်။ သူတို့ပေးမှ ရမှာလေ။ ဥပမာ ကိုယ့်ရဲ့အင်အားနဲ့ကိုယ် ရွေးချယ်တင်မြှောက်နိုင်မှု မရှိပါဘူး။ သူတို့က စိတ်စေတနာကောင်းလို့ ပေးမှ ရမယ့် အခွင့်အရေးပါ။”
ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေလွင်ကလည်း အခုလို သုံးသပ်ပြောဆိုပါတယ်။
“လွှတ်တော်ထဲမှာ မဲပေးလို့ရတယ်ဆိုတာက ကြံ့ခိုင်ရေးတွေပဲ ရှိတယ်လေ။ အဲတော့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်လောင်းတွေက များနေတော့ သူတို့ပေးရင် ရမယ်။ သူတို့မပေးရင် မရဘူး အဲလိုပါပဲ။ ကိုယ့်မဲနဲ့ ကိုယ်ကတော့ ဘယ်လိုထည့် လို့ရမှာလဲ။ အဲတော့ သူတို့ပေးလို့ရတော့လည်း အဲဒီလူတွေက သူတို့သြဇာ မကင်းဘူး ဖြစ်မှာပေါ့။ လွတ်လပ်တဲ့ သဘောဆန္ဒအလျောက် ပြည်သူကို ရာနှုန်းပြည့် သဘောထား ထင်ဟပ်ပြီးတော့ ကိုယ်စားပြုတဲ့ဟာကျတော့ အစိုးရအဖွဲ့ထဲ မှာလည်း အားနည်းမှာပဲ။ ကျနော်တို့က အဲလိုမြင်တယ်။ ဒုတိယ သမ္မတကလည်း ဖြစ်ချင်မှ ဖြစ်မှာပါ။ သူတို့မပေးရင် မဖြစ်ဘူးလေ။ သူတို့ပေးတယ် မပေးဘူးဆိုတာကတော့ သူတို့ သဘော ဖြစ်နေတာပေါ့ဗျာ။ အဲဒါပါပဲ။ ဘယ်သူဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာကတော့ ကျနော်တို့လည်းပဲ တပ်အပ်တော့ မဝေဖန်နိုင်ဘူး။”
လက်ရှိ အခြေအနေအရ ပြည်သူ့လွှတ်တော်မှာ တက်ရောက်နေတဲ့ ကိုယ်စားလှယ် ၄၄၀ ဦးရှိနေပြီး အဲဒီထဲမှာ အရပ်သားဒီမိုကရက်တစ် အင်အားစု နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် ၆၆ ဦးသာ ပါဝင်နေပါတယ်။ အမျိုးသားလွှတ်တော်မှာ တက်ရောက်နေတဲ့ ကိုယ်စားလှယ်တွေက ၂၂၄ ဦး ရှိနေပြီး အရပ်သား ဒီမိုကရက်တစ် အင်အားစုနိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ် ၃၉ ဦးပဲ ပါဝင်နေပါတယ်။ အတည်ပြုလို့မရသေးတဲ့ သတင်းတွေအရ နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်၊ ဒု-သမ္မတတွေအဖြစ် ဦးသီဟသူရတင်အောင်မြင့်ဦးနဲ့ ဒေါက်တာစိုင်းမောက်ခမ်းစတဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေပဲ ဖြစ်လာဖို့ ရှိနေပါတယ်။
Leave a Reply