Archive for

တရားမျှတမှု ဒဿန


“လူသားသည် တရားမျှတမှုဖြင့် ပြည့်စုံနေချိန်တွင် အကောင်းမြတ်ဆုံး သတ္တ၀ါဖြစ်၏။ သို့သော် တရားမျှတမှု ကင်းမဲ့သွားသောအခါတွင်မူ အဆိုးယုတ်ဆုံး သတ္တ၀ါ ဖြစ်သွားတော့သည်”

(အရစ္စတိုတယ်)

ဤလောကတွင် လူတချို့သည် ထားစရာမရှိအောင် ချမ်းသာကြွယ်ဝနေကြသည်။ လူတချို့ကမူ စားစရာမရှိအောင် ဆင်းရဲမွဲတေနေကြသည်။ လူတချို့သည်ရွှေလင်ပန်းနှင့် အချင်းဆေးကာမွေးဖွားလာကြ၏။ တချို့အတွက်မူ မွေးဖွားစဉ်တွင် ပတ်စရာပုဆိုးစုတ်ပင် အနိုင်နိုင် ဖြစ်၏။ လောကကြီးတွင် တရားမျှတမှုဆိုတာ ရှိပါသေးရဲ့လား။ မျှတမှုမရှိတဲ့လောကြီး ၊ မတရားတဲ့လောကကြီးပါလား။ ယင်းမမျှတမှု၊ မတရားမှုတို့အတွက် တစ်စုံတစ်ခုမလုပ်သင့်ဘူးလား။ ဒါမှမဟုတ် ဘာမျှမလုပ်နိုင်ကြတော့ဘူးလား။

တကယ်တော့ ကမ္ဘာလောကကြီးတွင် မညီမျှမှုတို့ဖြင့် ပြည့်လျှမ်းနေ၏။ ယင်းမညီမျှချက်တို့သည် နိုင်ငံတစ် နိုင်ငံချင်းစီ အတွင်း၌လည်းရှိ၏။ တစ်နိုင်ငံနှင့် တစ်နိုင်ငံကြားတွင်လည်း ရှိပေသည်။ ကလေးတချို့သည် ချမ်းသာကြွယ်ဝသော မိဘတို့ထံတွင်  သက်တောင့်သက်သာ ပြည့်ပြည့်စုံစုံဖြင့် မွေးဖွားလာခဲ့ကြပြီး အစာအာ ဟာရဖူလုံပြည့်ဝစွာဖြင့် ကြီးပြင်းလာကာ ပညာသင်ကြားခွင့်ကိုလည်း ကောင်းမွန်စာ ရရှိခဲ့ကြသည်။ ကလေးတ ချို့ကမူ ဆင်းရဲစုတ်ပြတ်စွာဖြင့် ခက်ခက်ခဲခဲ မွေးဖွားလာကြရပြီး အစားအစာချို့ချို့တဲ့တဲ့ ငတ်ငတ်ပြတ်ပြတ်ဖြင့် ကြီးပြင်းလာကြကာ ပညာသင်ခွင့်ကိုလည်း မရနိုင်ရှာကြပေ။ ဤမညီမျှမှုသည် လူသားတစ်ဦးချင်းစီ ကံကြမ္မာ ကိစ္စဖြစ်သည်ဟု ဆိုနိုင်၏။ လူသားတစ်ဦးသည် မိမိမွေးဖွားရာမိဘနှင့် ပတ်သက်၍လည်ကောင်း၊ လူမျိုးနှင့် ပတ်သက်၍လည်ကောင်း၊ နိုင်ငံနှင့်ပတ်သက်၍လည်ကောင်း မည်သို့မျှ ရွေးချယ်ပိုင်ခွင့်ရှိသည် မဟုတ်သည်မှာ လည်း အမှန်ပင်ဖြစ်၏။ သို့သော် ဤသို့သော မွေးရာပါ မညီမျှမှု ဒဏ်ရာဒဏ်ချက်များ နည်းနိုင်သမျှနည်းသွား စေရန်၊ လျော့ပါးစေရန် သက်ဆိုင်ရာလူ့အဖွဲ့အစည်းနှင့် သက်ဆိုင်ရာအစိုးရတို့သည် လုပ်ဆောင်သင့်သည် မဟုတ်ပါလော။ Continue reading

Advertisements

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ပါတီ ၁၁ ခု စုပေါင်းတောင်းဆိုမည်


အံ့ဘုန်းမြတ် ၁၀ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)

နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အစိုးရသစ်အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ နိုင်ငံရေးပါတီ ၁၁ ပါတီ က လာမယ့် ၁၂ ရက်နေ့ ၆၄ ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားမှာ စုပေါင်းတောင်းဆိုဖို့ ရှိနေတယ်လို့ သိရပါတယ်။

လွှတ်တော်တွေနဲ့ သမ္မတသစ်ရဲ့ အစိုးရအဖွဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အစိုးရကြားဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို ပြေလည်အောင် ဖြေရှင်းဖို့ ပြည်ထောင်စုနေ့မှာ ဒီမိုကရေစီမိတ်ဆွေပါတီတွေ တိုက်တွန်း တောင်းဆိုကြဖို့ ရှိနေကြတာပါ။

တိုင်းရင်းသားပါတီတွေနဲ့ ဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးပါတီ ၁၁ ခု ပူးပေါင်းကျင်းပမယ့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ ခုလိုတိုက်တွန်း တောင်းဆိုမှာဖြစ်တယ်လို့ အခမ်းအနား ဖြစ်မြောက်ရေးမှာ ပါဝင်ဆောင်ရွက်နေတဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီ ဥက္ကဌ ဦးသိန်းတင်အောင်က ဆိုပါတယ်။

“နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့၊ နောက်တခါ လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့၊ ဖြစ်ပေါ်လာတဲ့ အစိုးရသစ်ရဲ့ သမ္မတကနေပြီးတော့ပေါ့။ နောက်ပြီးတော့လည်း ဥပဒေအတွင်း ဥပဒေအပ နိုင်ငံရေးပါတီတွေရယ် နိုင်ငံရေးအဖွဲ့ အစည်းတွေရယ်၊ နောက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ဥပဒေအတွင်း ဥပဒေအပ အဖွဲ့အစည်းတွေရယ်ကို အချင်းချင်း ပြန်လည်နားလည်မှု ရရှိရေး၊ ညီညွတ်ရေး ရရှိရေးကို ဖြစ်ပေါ်လာတဲ့ လွှတ်တော်နဲ့ အစိုးရကနေ ဦးဆောင် ကမကထ လုပ်ပြီးတော့ အဲဒါတွေ ပြေလည်အောင် ဦးတည်ကြိုးပမ်းပါဆိုတဲ့ တိုက်တွန်းချက်လည်း ပါတာပေါ့။”

ပြည်ထောင်စုနေ့ အခမ်းအနား စုပေါင်းကျင်းပပြုလုပ်ကြဖို့ စီစဉ်နေတဲ့ ဒီမိုကရေစီမိတ်ဆွေပါတီ ၁၁ ပါတီထဲမှာ တိုင်းရင်းသားပါတီတွေက ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းများဒီမိုကရက်တစ်ပါတီတို့ဖြစ်ပြီး ဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးပါတီတွေကတော့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစု၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ ၀ံသာနုအန်အယ်လ်ဒီနဲ့ အမျိုးသားနိုင်ငံရေး မဟာမိတ်များအဖွဲ့ချုပ် ပါတီတွေပဲ ဖြစ်ပါတယ်။ ဒီပါတီတွေရဲ့ ပြည်ထောင်စုနေ့ အခမ်းအနားကိုတော့ လာမယ့် ၁၂ ရက်နေ့ ဗဟန်းရွှေဂုံတိုင် မီးပွိုင့်မှာရှိတဲ့ အ၀စားကြေးအိုးဆိုင်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုများ ရုံးချိန်း ရွှေ့ဆိုင်း


အံ့ဘုန်းမြတ် ၁၀ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်မှာ အပြန်အလှန် တရားစွဲဆိုထားကြတဲ့ အမှုတွေကို ဒီကနေ့မှာ စစ်ဆေးဖို့ ရှိနေပေမယ့် ထပ်မံချိန်းဆိုလိုက်ပါတယ်။

ရွေးကောက်ပွဲရလဒ်တွေနဲ့ လွှတ်တော် အရပ်ရပ်ကို ခေါ်ယူပြီး သမ္မတသစ်နဲ့ အစိုးရအဖွဲ့ကို ဖွဲ့စည်းတော့မယ့် အချိန်အထိ အပြီးသတ် မစစ်ဆေးရသေးတဲ့ ရွေးကောက်ပွဲ ကာလတွေအတွင်းက တိုင်ကြားမှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးဖို့ နောက်နှစ်ပတ်အထိ ရွှေ့ဆိုင်း ချိန်းဆိုလိုက်တာပါ။

ဒီလိုချိန်းဆိုလိုက်တာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်အချို့ရဲ့ အမှုတွေကို လိုက်ပါ ဆောင်ရွက်ပေး နေတဲ့ ရှေ့နေ ဦးမြင့်သွင်က အခုလို ပြောပြပါတယ်။

“ပြည်ထောင်စုကော်မရှင်က လွန်ခဲ့တဲ့ ၂ ရက်ကနေ ဖုန်းဆက်ပြီးတော့ ၁၀ ရက် ၁၁ ရက်ချိန်းထားတဲ့ အမှုတွေ အကုန်လုံးကို ရွှေ့ဆိုင်းထားတယ်ဗျ။ ဆက်ပြီးတော့ မသွားသေးဘူး။ နောက် ၂ ပတ်လောက်နေမှ ဆက်သွယ်ပြီး အကြောင်းကြားမယ်လို့ ပြောပါတယ်ခင်ဗျ။ အမှုအားလုံးကို ရပ်ထားတယ်ခင်ဗျ။ ၁၆ ရက် ၁၇ လောက်မှာ သူတို့ဆီက အဆက်အသွယ် ပြန်လုပ်ပါ့မယ်တဲ့။ ကျနော်တို့ဆီကလည်း အဆက်အသွယ် ပြန်လုပ်ပါလို့ ပြောပါတယ်ခင်ဗျ။”

လွှတ်တော် အစည်းအဝေးတွေ ကျင်းပနေဆဲဖြစ်သလို ကိုယ်စားလှယ်တွေ ကိုယ်တိုင်လည်း အစည်းအဝေးတွေ တက်ရောက်နေကြရတဲ့အတွက် အခုလို ကြားနာဖို့ ရွှေ့ဆိုင်းလိုက်တာဖြစ်လို့ ကော်မရှင်က အကြောင်းကြား တယ်လို့လည်း ရှေ့နေဦးမြင့်သွင်က ဆိုပါတယ်။

လက်ရှိအခြေအနေမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် တရားရုံးမှာ တိုင်ကြားထားတဲ့အမှု ၂၉ မှုရှိနေပါတယ်။ အဲဒီထဲမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေကို ပြန်လည်တိုင်ကြားထားတဲ့ အမှု ၂ မှုပဲပါဝင်နေပြီး ကျန်အမှုတွေကတော့ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်တွေက အခြားအရပ်သားပါတီတွေက ကိုယ်စားလှယ်တွေကို တိုင်ကြားထားတာလည်း ဖြစ်ပါတယ်။ ဒီအမှုတွေထဲက အချို့လည်း ရုပ်သိမ်းဖို့ရှိတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေတယ်လို့ ရှေ့နေဦးမြင့်သွင်က ဆိုပါတယ်။

“ကြံ့ခိုင်ဖွံ့ဖြိုးရေးကစွဲတဲ့ တချို့အမှုတွေကို သူတို့ ပြန်ပြီး ရုတ်သိမ်းတယ်လို့ ကြားတယ်။ အတိအကျတော့ မသိသေးဘူးခင်ဗျ၊ စုံစမ်းနေဆဲပဲ။”

လက်ရှိအခြေအနေမှာတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင် တရားရုံးက စစ်ဆေးပြီးထားတဲ့ အမှုတခုမှာတော့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တဦး ရှုံးနိမ့်ထားပါတယ်။ ရွေးကောက်ပွဲကာလတွင်းက ကိစ္စတွေနဲ့ ကော်မရှင်ရုံးကို တိုင်ကြားခြင်းမရှိဘဲ ရာဇ၀တ်မှုပုဒ်မနဲ့ ဒေသဆိုင်ရာ ရဲစခန်းတွေမှာ ကိုယ်စားလှယ်တွေက တိုင်ကြားထားတဲ့ အမှုတွေက ၁၀၀ ၀န်းကျင် ရှိနေပေမယ့်လည်း ဒီအမှုတွေကိုတော့ တစုံတရာ ဖြေရှင်းပေးတာမျိုး မရှိသေးဘူးလို့ တိုင်ကြားထားတဲ့ ပါတီခေါင်းဆောင်တွေက ဆိုပါတယ်။

အစိုးရအဖွဲ့သစ်ရဲ့ ၀န်ကြီး ၃၀ စာရင်း သမ္မတ တင်သွင်း


အံ့ဘုန်းမြတ် ၉ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)

ဒီကနေ့ ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတသစ် ဦးသိန်းစိန်က အစိုးရအဖွဲ့သစ်ရဲ့ ၀န်ကြီးဌာန ၃၄ ခုရဲ့ ၀န်ကြီးတွေအဖြစ် လူပုဂ္ဂိုလ် ၃၀ ရဲ့အမည်စာရင်းတွေကို အဆိုပြု တင်သွင်းခဲ့တယ်လို့ သိရပါတယ်။

ဒီလိုအဆိုပြုတင်သွင်းတဲ့အခါမှာ လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်တဲ့ ဦးမြတ်ဉာဏစိုးက ၀န်ကြီးဌာန ၃၀ နဲ့ ၀န်ကြီး ၂၅ ဦးပဲရှိသင့်ကြောင်း တင်ပြဆွေးနွေးပြီး ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းနဲ့ သမ္မတတို့က ပြန်လည်ဆွေးနွေးခဲ့ကာ ၀န်ကြီးဌာနတွေနဲ့ ၀န်ကြီးအရေအတွက်ကို ကိုယ်စားလှယ်တွေ မဲခွဲဆုံးဖြတ် အတည်ပြုချက် ရယူခဲ့တယ်လို့ အစည်းအဝေး တက်ရောက်နေတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘုန်းမြင့်အောင်က ဆိုပါတယ်။

“ပြောဆိုဆွေးနွေးပြီးတော့မှ ပြည်ထောင်စုလွှတ်တော် နာယကက ဒီကိစ္စနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်ဖို့ ကျနော်တို့ကို ပြောပါတယ်။ အဲဒီမှာ မဲပေးတော့ သမ္မတ တင်သွင်းတဲ့ ၀န်ကြီးဌာန ၃၄ ဌာနပဲ ရှိသင့်တယ်ဆိုတဲ့ အဆိုက မဲပေါင်း ၆၁၂ မဲ ရပြီးတော့ အတည်ဖြစ်သွားပါတယ်။”

ဒါ့အပြင် သမ္မတရဲ့ အစိုးသစ်ဖွဲ့စည်းပုံမှာ ၀န်ကြီးဌာန ၃၄ ခုရှိပြီး ၀န်ကြီး ၃၀ ပဲ ရှိနေတာနဲ့ ပတ်သက်ပြီးတော့လည်း ချင်းပြည်နယ်က ကိုယ်စားလှယ် ဦးခွန်မင်းကလည်း ၀န်ကြီးဌာနအပြည့် ၀န်ကြီးတွေကို ထားရှိဖို့ကို အဆိုပြုခဲ့ပေမယ့်လည်း သမ္မတတင်သွင်းတဲ့အဆိုပဲ အတည်ဖြစ်တယ်လို့ အခြားကိုယ်စားလှယ်တဦးက ဆိုပြန်ပါတယ်။

ဒီလို ကိုယ်စားလှယ်တွေအနေနဲ့ အပြန်အလှန်ဆွေးနွေခွင့် ရရှိပေမယ့်လည်း မဲခွဲဆုံးဖြတ်တဲ့ အခါမှာ အရေးနိမ့်နေရပုံကို ဦးဘုန်းမြင့်အောင်က အခုလို သုံးသပ် ပြောဆိုပါတယ်။

“ဒီသမ္မတ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့အဆိုမှာ ပြည်ထောင်စု ကိုယ်စားလှယ်တွေ ကတော့ သမ္မတကို ကိုယ့်ရဲ့ဆန္ဒတွေ၊ ကိုယ့်အယူအဆတွေ ဆွေးနွေးပိုင်ခွင့်တော့ ရှိပါတယ်။ တခြား သမ္မတကိုလည်း ထောက်ခံ ဆွေးနွေးချင်လို့လည်း ရသလို သမ္မတ အဆိုတင်သွင်းတဲ့ ဟာတွေကိုလည်း မကောင်းရင် မကောင်းသလို။ မကြိုက်ရင်မကြိုက်လိုအပ်သလို ဆွေးနွေးပိုင်ခွင့်ရှိပါတယ်။ သမ္မကလည်း ပြန်လည် ဆွေးနွေးပိုင်ခွင့်ရှိပါတယ်။ ဆွေးနွေးတာတွေကိုလည်း အပြန်အလှန် ကြားနေရ ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်းပေါ့ဗျာ။ အားလုံးဆွေးနွေးပြီးရင် လွှတ်တော်နာယကကတော့ မဲခွဲဆုံးဖြတ်ကြတာပေါ့။ မဲခွဲဆုံးဖြတ်ရင် လောလောဆယ် သမ္မတကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဖြစ်တယ်။ အမတ်တွေကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးက များတယ်ပေါ့ဗျာ။ မဲခွဲဆုံးဖြတ်တဲ့အခါ ကျရင်တော့ ကျနော်တို့ မဲကမရဘူးပေါ့လေ။”

ဒီကနေ့ သမ္မတဦးသိန်စိန်က အဆိုပြု တင်သွင်းလိုက်တဲ့ ၀န်ကြီးစာရင်းတွေမှာ အရင်က ၀န်ကြီး၊ ဒုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူအများစု ပြန်လည် ပါဝင်လာသလို ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း UMFCCI ရဲ့ဥက္ကဌဖြစ်တဲ့ ဦးဝင်းမြင့်၊ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်းက ဦးတင့်ဆန်းတို့လို စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဒေါက်တာဖေသက်ခင်လို ကလေးအထူးကု ပါမောက္ခဆရာဝန်လို ပညာရှင်အနည်းငယ် ပါဝင်လာတာကိုလည်း တွေ့ရပါတယ်။ ဒီလိုပါဝင်လာတဲ့အပေါ်ကို ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက အခုလို ပြောပါတယ်။

“ပိုပြီးတော့ ပြည့်စုံလာတာပေါ့။ ဥပမာ ပညာသည်တွေလည်း ပါလာတဲ့ သဘောတွေ ရှိတယ်လေ။ အားလုံး လုပ်ထားတာက လူကြီးတွေက သေချာ စဉ်းစားပြီး ပါတီကရော အပြန်ပြန်အလှန်လှန် စဉ်းစားပြီးတော့မှ ဒီပုဂ္ဂိုလ်တွေကို ခန့်ထားခြင်း ဖြစ်ပါတယ်။ ဦးတင့်ဆန်းကတော့ သူရဲ့ အဓိက Professional က ဆောက်လုပ် ရေးပဲ။ ဒီလွှတ်တော်ကြီးဟာဆိုရင် တော်တော်ကြီးခေတ်မီတဲ့ သူ့ရဲ့ဒီဇိုင်း၊ သူ့ရဲ့အိုင်ဒီယာ၊ သူ့ရဲ့ Supervision နဲ့ ဆောက်တဲ့အတွက်ကြောင့် ဆောက်လုပ်ရေး ဖြစ်ဖို့များပါတယ်။ ဦးဝင်းမြင့်ကတော့ ကုန်သည်ကြီးများအသင်းရဲ့ ဥက္ကဌ တော်တော်ကြာကြာ လုပ်ခဲ့တော့ သမ၀ါယမလို ကိုယ့်ဝန်ကိုယ်ထမ်းပြီး ကိုယ့်ဟာကိုယ် အိပ်စ်ပို့ အင်ပို့တွေက အစလုပ်တဲ့ ၀န်ကြီးဌာနကို သူရောက်ဖို့များပါတယ်။”

ဒီကနေ့ သမ္မတက တင်သွင်းလိုက်တဲ့ ၀န်ကြီးတွေရဲ့ စာရင်းတွေအရ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ ဗိုလ်ချုပ်လှမင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၀န်ကြီး၊ အရင်က သံအမတ်ကြီးအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ဖူးတဲ့ ဦးဝဏ္ဏမောင်လွင်က နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၊ ဦးဝင်းထွန်းက သစ်တော ၀န်ကြီး၊ ဒေါက်တာမြအေးက ပညာရေးဝန်ကြီးဌာန၀န်ကြီး၊ အရင်မန္တလေးက ကလေးအထူးကု ပါမေက္ခဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာဖေသက်ခင်က ကျန်းမာရေး ၀န်ကြီးဌာန၀န်ကြီးတို့ ဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိနေပါတယ်။

ဒါ့အပြင် အရင်ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်းက ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီးတွေအဖြစ် ပူးတွဲလုပ်ဆောင်ဖို့ရှိနေပြီး စက်မှု ၂ ၀န်ကြီးအဖြစ် အရင်ဝန်ကြီး ဦးစိုးသိန်းပဲ ဆက်လက်လုပ်ကိုင်မှာဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီကနေ့ အဆိုတင်သွင်းထားတဲ့ ၀န်ကြီးတွေ တာဝန်ယူ လုပ်ကိုင်ရမယ့် ၀န်ကြီးဌာနတွေကိုတော့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ပြုလုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ်ထုတ်ပြန်လာနိုင်မှာ ဖြစ်ပါတယ်။

ဒီကနေ့အဆိုတင်သွင်းထားတဲ့ ၀န်ကြီးတွေရဲ့ အမည်စာရင်းတွေမှာ အရင်ဝန်ကြီးဟောင်းတွေ ဖြစ်တဲ့ ဦးအောင်သောင်း၊ ဦးသောင်း၊ ဦးလွန်းသီ၊ ဦးစိုးသာ၊ ဦးသိန်းအောင်၊ ဦးအုန်းမြင့်၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဇော်၊ ဦးဌေးဦး၊ ဦးမောင်ဦး၊ ဒေါက်တာချမ်းငြိမ်း၊ ဒေါက်တာကျော်မြင့်၊ ဦးဉာဏ်ဝင်း၊ ဦးခင်အောင်မြင့် စတဲ့ ၀န်ကြီး ၁၄ ဦးကတော့ ၀န်ကြီးအဖြစ် ပြန်လည်ပါဝင်လာခြင်း မရှိတော့ပါဘူး။

နိုင်ငံတော်သမ္မတက ဒီကနေ့ အဆိုတင်သွင်းလိုက်တဲ့ ၀န်ကြီး ၃၀ ဦးရဲ့အမည်စာရင်းတွေကတော့ (၁) ဦးကိုကို (၂) ဦးလှမင်း (၃) ဗိုလ်ချုပ်သိန်းထွေး (၄) ၀ဏ္ဏမောင်လွင် (၅) ဦးမြင့်လှိုင် (၆) ဦးကျော်ဆန်း (၇) ဦးဝင်းမြင့် (၈) ဦးတင့်ဆန်း (၉) ဦးခင်မောင်မြင့် (၁၀) ဦးသိန်းထွန်း (၁၁) ဦးလှထွန်း (၁၂) ဦးသိန်းထိုက် (၁၃) ဦးဥာဏ်ထွန်းအောင် (၁၄) ဦးတင်နိုင်သိန်း (၁၅) ဦးဝင်းထွန်း (၁၆) ဦးအောင်ကြည် (၁၇) ဦးအုန်းမြင့် (၁၈) ဦးကျော်စွာခိုင် (၁၉) ဦးစိုးသိန်း (၂၀) ဦးသန်းဌေး (၂၁) ဦးအောင်မင်း (၂၂) ဒေါက်တာမြအေး (၂၃) ဒေါက်တာဖေသက်ခင် (၂၄) ဦးအေးမြင့် (၂၅) သူရမြင့်မောင် (၂၆) ဦးခင်ရီ (၂၇) ဦးဇော်မင်း (၂၈) ဦးခင်မောင်စိုး (၂၉) ဦးသိန်းညွန့် (၃၀) ဦးစိုးမောင် တို့ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် ပါတီမှအနားယူ ပြန်လည်ဖွဲ့စည်းမည်ဟုဆို


အံ့ဘုန်းမြတ် ၈ ဖေဖော်ဝါရီ ၂၀၁၁ (ဒီဗွီဘီ)

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ မြန်မာတနိုင်ငံလုံးက မဲဆန္ဒနယ်အားလုံးနီးပါးမှာ အနိုင်ရရှိခဲ့တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ လက်ရှိသမ္မတသစ်၊ ၀န်ကြီးချုပ်၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ပါတီဥက္ကဋ္ဌတာဝန်ကနေ အနားယူပြီး ပါတီကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းတော့မယ်လို့ သိရပါတယ်။

မနေ့ညနေကပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ခေါင်းဆောင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတဲ့ ညစာစားပွဲမှာ သမ္မတသစ်ဖြစ်လာတဲ့ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က ပါတီတာဝန်တွေကနေ အနားယူတော့မယ်လို့ ပြောကြားလိုက်တာပါ။ ဒီလိုပြောကြားလိုက်တာနဲ့ပတ်သက်ပြီး ဒီအခမ်းအနား တက်ရောက်ခဲ့တဲ့ ဇေကမ္ဘာဦးခင်ရွှေက အခုလို ပြောပြပါတယ်။

“မနေ့ညက ကျနော်တို့ကို ညစာကျွေးပါတယ်။ ပါတီအတွက် သူကအမတ်တွေကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်တဲ့။ ပါတီကနေ သူ့ကို သမ္မတ မြှောက်တဲ့အတွက် ကျေးဇူးတင်တယ်၊။ နောက်ရှေ့လုပ်မယ့် လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ရော၊ နောက်ပြီး အောက်ခြေလူတန်းစားတွေအတွက်ကော ထိန်းပြီး လိုအပ်တာတွေ ဖြည့်ဆည်းပေးဖို့ ကိစ္စတွေကော၊ နောက်တခုက လူမှုရေးကိစ္စတွေ အကုန်လုပ်ပေးဖို့ ကိစ္စတွေ ဆက်မှာတယ်။ နောက် ဒုဥက္ကဋ္ဌ သုံးယောက်ကိုလည်း ထည့်လိုက်ပါတယ်။ ပထမတုန်းက နာယက အဲလို ကြေညာသွားပါတယ်။ သူ့အနေနဲ့တော့ ပါတီတာဝန်ကို သူ့အနေနဲ့ ဆက်လုပ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သမ္မတတာဝန် ယူထားတဲ့ အတွက်ကြောင့် ပါတီတာဝန်ကို အပြည့်လုပ်နိုင်စွမ်း မရှိတော့တဲ့အတွက်ကြောင့် အဲလိုသူပြောသွားတယ်။”

ပါတီတာဝန်တွေကို ဆက်လက်ထမ်းဆောင်ဖို့ အရင်က နာယကအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်တဲ့ ဦးရွှေမန်း၊ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ဦးတင်အေးတို့ကို ဒုဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ကြတယ်လို့လည်း ဦးခင်ရွှေက ဆိုပါတယ်။

“အရင်တုန်းက နာယက ဖြစ်တဲ့ သုံးဦးပေါ့။ ဗိုလ်ချုပ်ကြီး ရွှေမန်းရယ်၊ ဗိုလ်ချုပ်ကြီး ဦးတင်အောင်မြင့်ဦးရယ်၊ ဗိုလ်ချုပ်ကြီးဦးတင်အေးတို့ သုံးဦးကို ဒုဥက္ကဋ္ဌပေါ့။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ဥက္ကဋ္ဌ တာဝန်ယူလို့မရတဲ့ အတွက် အဲဒါကိုကြေညာသွားတယ်။ ဗိုလ်ချုပ်ကြီးရွှေမန်းကတော့ ခေါင်းဆောင်အဖြစ် တာဝန်ယူခိုင်းပါတယ်။”

ဖွဲ့စည်းပုံအခြေခံ ဥပဒေအခန်း (၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ အခန်းထဲမှာတော့ နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတတွေဟာ မည်သည့်လွှတ်တော် ကိုယ်စားလှယ်မျှ မဖြစ်စေရ၊ တကယ်လို့ သူတို့တွေဟာ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှလည်းကောင်း၊ နိုင်ငံ့ဝန်ထမ်းဖြစ်လျှင် နိုင်ငံ့ဝန်ထမ်းအဖြစ်မှလည်းကောင်း သမ္မတတွေအဖြစ် ရွေးချယ်တင်မြှောက်တာ ခံရတဲ့နေ့ကစပြီး နုတ်ထွက်ပြီး ဒါမှမဟုတ် အငြိမ်းစားယူပြီးဖြစ်တယ်လို့ မှတ်ယူရလို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတ ဒါမှမဟုတ် ဒုတိယသမ္မတတွေဟာ နိုင်ငံရေးပါတီတခုခုရဲ့ အဖွဲ့ဝင်ဖြစ်ခဲ့ရင်လည်း နိုင်ငံတော်သမ္မတ သို့မဟုတ် ဒုတိယသမ္မတများအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့နေ့ကနေစတင်ပြီး မိမိတို့ရဲ့ သမ္မတသက်တမ်းအတွင်း ပါတီအဖွဲ့အစည်းရဲ့ ပါတီလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ခြင်းမပြုရလို့ ထည့်သွင်းပြဋ္ဌာန်းထားပါတယ်။ ဒါ့အပြင် သမ္မတတွေဟာ လစာ၊ စရိတ်၊ ငွေကြေးရတဲ့ အခြား ဘယ်ရာထူးတွေကိုမှ လက်ခံခြင်းမပြုရလို့လည်း ကန့်သက်ထားပါတယ်။

နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့်တွေမှာဆိုရင်တော့ သမ္မတအနေနဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသလို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရဲ့ ထောက်ခံချက်နဲ့အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေအပါဝအင် နိုင်ငံတော်သမ္မတရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့် ၁၃ ချက်လောက် ပါဝင်ပါတယ်။

Categories

%d bloggers like this: