ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ နုတ်ထွက်


အံ့ဘုန်းမြတ် ၂၅ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဌ ဦးညိုမင်းလွင် ဒီလ ၂၄ ရက်နေ့ကစတင်ပြီး ပါတီဥက္ကဌ တာဝန်ကနေ နုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။ ဒီလိုနုတ်ထွက်လိုက်တာနဲ့ပတ်သက်ပြီး ပြည်ထောင်စုကော်မရှင်ကို သူကိုယ်တိုင် အဲဒီနေ့က သွားရောက်အသိပေးခဲ့သလို ပါတီကိုလည်း အကြောင်းကြားစာပေးပို့ နုတ်ထွက်သွားတာလည်း ဖြစ်ပါတယ်။ ဦးညိုမင်းလွင်အနေနဲ့ ပါတီဥက္ကဌအဖြစ် ရေရှည်လုပ်ဆောင်ဖို့ ငွေရေးကြေးရေး အကျပ်အတည်းဖြစ်လာတာကြောင့် အခုလို နုတ်ထွက်သွားရတာသာ ဖြစ်တယ်လို့ အထွေထွေအတွင်းရေးမှူး ဦးနေမျိုးဝေက ပြောပါတယ်။

“စီးပွားရေးက လင်မယားနှစ်ယောက်လုံး ရှာပေမယ့် မရှိဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲကာလတုန်းက ရန်ပုံငွေကို ကျနော်ကပဲ တောက်လျှောက်စီစဉ်ရတယ်။ အခုနောက်ပိုင်း သူက ပိုပြီးခက်ခဲကျပ်တည်းလာတယ်။ သူက စီးပွားသွားရှာမယ်ပေါ့ ပါတီဝင်အနေနဲ့တော့ ရှိမှာပေါ့။ ကျန်တဲ့ လောလောဆယ်တော့ ယာယီဥက္ကဌတော့ ကျနော်ပဲလုပ်နေတယ်။ ရည်မှန်းထားတဲ့လူတော့ ရှိတာပေါ့။ ကိုမိုးကေင်းတို့ ဘာတို့ သူတို့လုပ်ချင်တာပေါ့။ ဒါပေမယ့် တိုက်တွန်းရမှာပေါ့။ ဒီမှာက သိပ်ပြီးတော့ တိုက်တိုက်တွန်းတွန်း လုပ်မှရမယ်။”

လက်ရှိအခြေနေမှာတော့ ယာယီဥက္ကဌရာထူးကို ဦးနေမျိုးဝေနဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်မောင်အေးက တာဝန်ယူလုပ်ကိုင်နေတယ်လို့လည်း ဦးနေမျိုးဝေကဆိုပါတယ်။ အသစ်ပြန်လည်ဖွဲ့စည်းမယ့် ပါတီရဲ့ ဖွဲ့စည်းပုံတွေအတွက် လုပ်ကိုင်မယ့် နိုင်ငံရေးသမားတွေ ရှားပါးနေပုံကိုလည်း ဦးနေမျိုးဝေက အခုလိုဆိုပါတယ်။

“ကျနော်တို့က အဖြစ်ကို လုပ်ခဲ့ရတာ။ ရွေးကောက်ပွဲဝင်ဖို့ ပါတီတရပ်အနေနဲ့ ရပ်တည်နိုင်အောင် လူစုနိုင်အောင် တရားဝင်အောင် ပါတီကိုထောင်ရတယ်။ ပါတီက အဖြစ်ထောင်ရတာ။ တကယ် အင်္ဂါရပ်နဲ့ ညီအောင်လုပ်တာ ကျနော်နဲ့ ကိုတင်မောင်အေးနှစ်ယောက်ဘဲ လုပ်နေရသလို ဖြစ်နေတယ်။ ပါတီမှာ စီအီးစီ ပြန်ဖွဲ့ရင် ကိုယ့် အိုးပိုင်အိမ်ပိုင်လေးတွေနဲ့ သွားစရိတ်လာစရိတ် ရှိတဲ့လူတွေနဲ့ လုပ်ရဦးမယ်။ နိုင်ငံရေးလုပ်မယ်ဆိုရင် ခုနကဟာကို ထည့်စဉ်းစားရတော့မယ်။ မိဘလုပ်စာ စားတဲ့ နိုင်ငံရေးသမားရှိမယ်၊ သားသမီးလုပ်စာ စားတဲ့ နိုင်ငံရေးသမားရှိမယ်၊ မိဘလုပ်စာစားတဲ့ နိုင်ငံရေးသမားက ငယ်လွန်းတယ်။ သားသမီးလုပ်စာကို စားတဲ့ နိုင်ငံရေးသမားက အသက်က ကြီးလွန်းသွားပြီ။ ကျနော်တို့လို လူလတ်ပိုင်းကျတော့ ကိုယ်ကိုယ်တိုင် ငွေရှာရတဲ့ သဘောလေးရှိတယ်။ နည်းနည်းအခက်အခဲလေး ပိုရှိတယ်။ အဲလိုလူမျိုးကို ကျနော်တို့က ပိုဦးစားပေးပြီးတော့ နိုင်ငံရေး လုပ်လိုစိတ် ရှိမယ်။ စီးပွားရေးကလည်း ခုနလို ထမင်းစားဖို့ အစဉ်ပြေမယ့် လူမျိုးကို ရှာရမယ်။ လူလတ်တန်းစားထဲက။”

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဟာ ရွေးကောက်ပွဲကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် (၇) ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တဦးမှ အနိုင်ရရှိခြင်း မရှိခဲ့ပါဘူး။ နအဖစစ်အစိုးရဟာ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲ ကျင်းပဖို့ ၇ လလောက်အလိုမှာ ပါတီထူထောင်ခွင့်တွေကို စတင်လက်ခံခဲ့ပြီး နိုင်ငံရေးပါတီအနေနဲ့ ပါတီမှတ်ပုံတင်ကြေးကုန်ကျစရိတ်တွေ၊ ပါတီပုံနှိပ်ထုတ်ဝေခွင့်အတွက် ကုန်ကျစရိတ်တွေ အပါအ၀င် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် အာမခံငွေအပါအ၀င် အထွေထွေကုန်ကျစရိတ် ကျပ်ငွေ သိန်း ၁၀၀ အထက် ကုန်ကျခဲ့ရပါတယ်။

About ahuntphonemyat

Journalist.

Discussion

Comments are closed.

Categories

%d bloggers like this: