အံ့ဘုန်းမြတ် ၂၄ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)
လာမယ့် ၃၁ ရက်နေ့မှာ နအဖစစ်အစိုးရက နှစ် ၂၀ ကျော်ကာလမှာ ပထမဆုံးခေါ်ယူမယ့် လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်သားဒီမိုကရက်တစ် ကိုယ်စားလှယ်တွေအနေနဲ့ လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့်တွေ ရရှိနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့နိုင်ငံရေး အကဲခတ်တွေက သုံးသပ် ပြောဆိုလိုက်ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က အတည်ပြု ထုတ်ပြန်ပေးလိုက်တဲ့ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃၈၈ ဦးအနေနဲ့ ထက်အောက် ဖွဲ့စည်းပုံတွေကြောင့် လွှတ်တော်တွင်း လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့်တွေ ရရှိမှာမဟုတ်ဘူးလို့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းတဦးဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးတင်ဦးက ပြောပါတယ်။
“ကွပ်ကဲမှု ပုံစံက တခါတည်းပါလာတယ်။ ကွပ်ကဲမှုဆိုတာက အပေါ်ကနေ ဗိုလ်မှူးချုပ်က နောက်မှာ အောက်က ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး စသည်ဖြင့်ပေါ့။ ဆိုပါတော့ အမျိုးသားလွှတ်တော်မှာပဲ တက်တက်၊ ပြည်သူ့လွှတ်တော်မှာပဲ တက်တက် သူက ဖွဲ့စည်းပေးပြီး လေ့ကျင့်ပေးပြီးတော့ တခါတည်း ထည့်လိုက်တာပဲ။ ဘာမှကို ထွေရာလေးပါးပြောစရာ မလိုဘူးလေ။ အဲဒါနဲ့ပတ်သက်လို့ တသံတည်း ထွက်ပေါ့။ တခုတည်း ပြောကြပေါ၊၊ ဒီလိုဟာမျိုးလေးတွေ ဖြစ်တာပေါ့။”
ပြည်ပအခြေစိုက် မြန်မာ့အရေးလေ့လာသူ တဦးဖြစ်တဲ့ ကိုအောင်သူငြိမ်းကလည်း အခုထုတ်ပြန်လာတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ စာရင်းတွေကို ထောက်ရှုပြီး အခုလို သုံးသပ်ပါတယ်။
“ပါလာတဲ့ ကိုယ်စားလှယ်တွေက ရာထူးငယ်တွေဖြစ်တယ်။ သူတို့က အထက်ကပေးတဲ့ အမိန့်အတိုင်း လိုက်နာဖို့ အနေအထားမှာ ရှိပါတယ်။ အထက်က ဖြူရင်ဖြူတယ်၊ မည်းရင် မည်းတယ်။ အဲတော့ တကယ့်တကယ်ကို လေးလေးနက်နက် ဆွေးနွေးပြီးတော့ စဉ်းစားချင့်ချိန်ဖို့ အနေအထားထက် စာရင် မဲပေးဖို့ လူဝင်ဖြည့်ထားတဲ့ အနေအထားမျိုး ပိုဖြစ်နေတာ တွေ့ရတယ်။”
ဇန်န၀ါရီ ၃၁ ရက် လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးပါတီက အနိုင်ရ တပ်မတော် အရာရှိဟောင်းတွေနဲ့ ယူနီဖောင်းဝတ်နဲ့ တက်ရောက်မယ့် တပ်မတော်သား ကိုယ်စားလှယ်တွေကြား ဆက်ဆံရေး အခြေအနေကိုလည်း ဦးတင်ဦးက အခုလို သုံးသပ်ပါတယ်။
“ကြံ့ခိုင်ရေးအသင်းက လူတွေကလည်းပဲ၊ အရင်ထဲက တပ်မတော်ထဲမှာ အကြီးအကဲ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကော၊ အဆင့်ဆင့် တာဝန်ထမ်းခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေကော သူတို့က ယူနီဖောင်းချွတ်ပြီးတော့ အရပ်ဝတ်နဲ့ ပါတာပဲ။ သူတို့ရဲ့ နဂိုမူလ Basic Of Training စိတ်နဲ့ ပတ်သက်လို့ ထိန်းချုပ်ထားတာက အဆင့်ဆင့် ကွပ်ကဲမှု ဆိုတာ ခြားနားပြီးသားလေ၊ အဲတော့ ဒီသွေးက ဘယ်ပျောက်မလည်းဗျ။”
ဒါအပြင် ကြံ့ခိုင်ရေးပါတီရဲ့အမတ် တပ်မတော်အငြိမ်းစားအရာရှိကြီးတွေနဲ့ အခု တပ်မတော်သား ကိုယ်စားလှယ်တွေကြား ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကိုလည်း မြန်မာ့အရေး လေ့လာနေတဲ့ ကိုအောင်သူငြိမ်းက အခုလို ဆိုပါတယ်။
“ရွေးချယ်ခံထားရတဲ့ စစ်တပ်အရာရှိဟောင်းတွေနဲ့ အခုမှ တပ်မတော် ကိုယ်စားလှယ်ဆိုပြီး တက်လာပြီးတော့ ၀ါအရကော အသက်အရကော သိပ်ငယ်လွန်းတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီကြားထဲမှာ ဆက်ဆံရေးမှာ ပြဿနာတခုရှိတယ်လို့ ထင်ပါတယ်။ နောက် ဒုတိယ ပြဿနာတခုကတော့ အခု စစ်တပ်ဘက်ကလာတဲ့ အရာရှိတွေက အသက် သိပ်ငယ်လွန်းတဲ့ အခါကျတော့ ဥပဒေတွေ မူဝါဒတွေကို တကယ့် တကယ် လေးလေးနက်နက် ဆွေးနွေးပြီး ချမှတ်ရမယ့် ကိစ္စမျိုးမှာ အကျိုးရှိမလား ဆိုတဲ့ မေးခွန်းပေါ့။ ဒါလည်း ပြဿနာ ရှိတယ်လို့ ကျနော်ထင်တယ်။ နောက်တခုက ကျနော်တို့ ရွေးကောက်ပွဲဝင်တဲ့ တချို့ပါတီတွေ စဉ်းစားခဲ့တာ ရှိတယ်။ အခု လာမယ့်ပါလီမန်ထဲမှာ စစ်တပ်ဘက်က လာမယ့်လူနဲ့ အရပ်ဘက်က လာတဲ့ကိုယ်စားလှယ်တွေ ကြားထဲမှာ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးတရပ် ထူထောင်နိုင်မလားဆိုတဲ့ စိတ်ကူးတွေလည်း ရှိပါတယ်။ အဲတော့ အဲဒီစိတ်ကူးတွေနဲ့ ပတ်သက်လို့လည်း ပြောမယ်ဆိုရင် တော်တော်တော့ မှေးမှိန်သွားတဲ့ အနေအထားမျိုး ရှိပါတယ်။”
ဒီတပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ပြည်သူတွေ လိုအပ်နေတဲ့ ဒီမိုကရေစီရေး အတွက် အမှန်တကယ် လုပ်ဆောင်မယ် မလုပ်ဆောင်ဘူး ဆိုတာကိုတော့ မကြာခင်မှာ လက်တွေ့ မြင်တွေ့ရမှာလို့ ဦးတင်ဦးက ဆိုပါတယ်။
“ကြည့်သေးတာပေါ့။ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် ပြောလို့ရမယ်၊ တ သံတည်းပဲ ထွက်လား။ အသံကောထွက်လား။ ပြည်သူလူထုနဲ့ ဘယ်လောက်ထိ အကျိုးပြုလုပ်နိုင်မလဲ။ နောက်သူတို့ပြောတဲ့အတိုင်း ဘယ်လောက်ထိ ဒီမိုကရေစီနဲ့ ပတ်သက်တာကို သွားမလဲ။ အဲဒါတော့ အဓိက လုပ်ကြည့်တဲ့အခါကျတော့ တွေ့မှာပဲလေ။ အဲတော့ စနေတဲ့ ပုံသဏ္ဍာန် အခင်းအကျင်းက ကျနော်အမြဲတမ်း ပြောနေတဲ့အတိုင်းပဲ မမှန်ဘူးဆိုတာ ပဲလေ။ ဒီလွှတ်တော်က ၀င်ရောက်လာတဲ့ ဗိုလ်ချုပ်ကြီးတွေ ဗိုလ်မှူးကြီးတွေကို ကွပ်ကဲမှာ မဟုတ်ဘူး။ အပေါ်ကရှိနေတဲ့ အကြီးဆုံးပုဂ္ဂိုလ်က လွှတ်တော်ကို ကွပ်ကဲမှာပဲ။ အဲဒါဘယ်လောက်မှန်လဲ။ အဲဒါကိုမှ မဟုတ်ဘူး။ မှန်တယ်လို့ လုပ်ပြသွားရင်တော့ ပြည်သူတွေအတွက် ၀မ်းသာစရာပေါ့။ ကျနော်တို့ ပြောတဲ့အတိုင်း လုပ်ရင်တော့ ဒါခင်ဗျားတို့ ပြောပြောနေတဲ့ စစ်ကျွန်စနစ် ပြန်ထူထောင်တာပဲ ဖြစ်မှာပေါ့။ အဲလိုပဲ သွားမှာပဲ။ အဲတော့ အခင်းအကျင်းက ၃၁ ရက်နေ့တော့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ သူတို့ ရွေးတာတွေ ချယ်တာတွေ သမ္မတ ခန့်တာနဲ့၊ ဒု-သမ္မတ ခန့်တာနဲ့ ပြည်နယ်ဥက္ကဋ္ဌ ဘယ်သူဘယ်ဝါ ဒါတွေနဲ့ အလုပ်ရှုပ်နေမှာပဲ။ ဘာမှတော့ တိုင်းပြည်အတွက် ပြောနိုင်ဆိုနိုင်မှာ မဟုတ်သေးဘူး။”
လာမယ့် ၃၁ ရက်နေ့မှာ နအဖစစ်အစိုးရက ပထမဆုံးအဖြစ် ခေါ်ယူထားတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော်အသီးသီးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၃၈၈ ဦး၊ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိထားတဲ့ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းက ၈၈၂ ဦး ရှိနေတာကြောင့် နှစ်မျိုးပေါင်း ကိုယ်စားလှယ် ဦးရေဟာ ၁၂၇၀ အထိ ရှိလာမှာ ဖြစ်ပါတယ်။
အရပ်သားဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီ စုစုပေါင်း ၃၇ ပါတီက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်းကတော့ ၂၇၂ ဦးရှိနေပြီး စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်စုစုပေါင်းရဲ့ အစွန်းထွက်လောက်ပဲ ရှိနေတာကို တွေ့ရပါတယ်။ ဒီလိုအရေအတွက် ကွာခြားမှုတွေကြောင့်လည်း လာမယ့် ပါလီမန်အတွင်းမှာ အရပ်သား ဒီမိုကရက်တစ်အင်အားစုတွေအနေနဲ့ ဘာမှ လုပ်ဆောင်နိုင်ဖွယ် မရှိသလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပိုင်းတွေကိုလည်း အများဆုံး အနိုင်ရရှိ ထားတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကပဲ စိတ်ကြိုက် ပြင်ဆင်သွားမယ့် အခြေအနေမျိုးတွေ ရှိနေတယ်လို့ အခြားနိုင်ငံရေးအကဲခတ်တွေကလည်း ဝေဖန်ပြောဆိုနေကြပါတယ်။
Leave a Reply