ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

တပ်မတော်ကိုယ်စားလှယ်များစာရင်း ထုတ်ပြန်လာမှုအပေါ် အမြင်များ


အံ့ဘုန်းမြတ် ၂၁ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)

မကြာခင် ပထမဆုံးအကြိမ်ခေါ်ယူမယ့် လွှတ်တော် အရပ်ရပ်မှာ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတွေကို မနေ့ကရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က အတည်ပြု ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်ပါတယ်။

ဒီကနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ ဖော်ပြလာတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စား အမည်စာရင်းတွေမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၂၂ ဦးရှိပြီး အဲဒီထဲက ပြည်နယ်နဲ့ တိုင်းဒေသကြီး တခုချင်းစီရဲ့ လွှတ်တော်ကိုယ်စားလှယ် စာရင်းမှာ ဗိုလ်မှူးကြီးအဆင့်နဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိအရာရှိ ၁ ဦးစီ စုစုပေါင်း ၁၄ ဦး ပါဝင်နေပြီး ကျန်အများစုကတော့ ဗိုလ်မှူးနဲ့ ဗိုလ်ကြီးအဆင့်တွေပါ။ ဒီလိုပါဝင်နေတာကို ထောက်ရှုပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဗိုလ်မှူးကြီးအဆင့်နဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိအရာရှိတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေအဖြစ် ခန့်ဖို့လျာထားတာ ဖြစ်နိုင်လို့ သုံးသပ် ပြောဆိုပါတယ်။

“စာရင်းတွေ ကြည့်လိုက်တဲ့အခါကျတော့ ပြည်နယ်တို့၊ တိုင်းတို့ အကုန်လုံးမှာ ဆိုရင် ဗိုလ်မှူးကြီးအဆင့်တွေ ချည်းပဲပါတယ်။ တယောက်စီပေါ့နော်။ ကျန်တဲ့ဟာတွေကတော့ ဗိုလ်မှူးတွေချည်းပဲ။ ဗိုလ်မှူးချုပ်ဆိုလို့ တယောက်ပဲပါတယ်။ အဲဒီတော့ အဲဒီ ဗိုလ်မှူးကြီးတွေဟာ သက်ဆိုင်ရာ တိုင်းတို့ ပြည်နယ်တို့မှာ ၀န်ကြီးချုပ် ယူကြမယ့် လူတွေလို့ ယူဆရတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီတယောက်စီက ခေါင်းဆောင်အဖြစ် သူတို့ ထားဖို့ လွှတ်ထားတယ်လို့ ယူဆရတာပေါ့။”

အခြားရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ် တချို့ကတော့ ဒီလိုခန့်အပ်နိုင်မှုဟာ ခွင်းချက်အနေနဲ့သာဖြစ်နိုင်ပြီး ကြံ့ခိုင်ရေးပါတီကိုယ်စားပြု အနိုင်ရရှိခဲ့ကြတဲ့ တပ်မတော်အရာရှိ အငြိမ်းစာတွေသာ ၀န်ကြီးချုပ်တွေ ဖြစ်လာနိုင်တယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်ဉာဏစိုးက ပြောပါတယ်။

“ကျနော်တို့ ရန်ကုန်တိုင်းဒေသကြီးမှာဆိုရင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အနေနဲ့ပေါ့ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်ဆွေ ကနေပြီးတော့ ရွေးကောက် တင်မြှောက်ခံထားရပါတယ်။ အဲဒီတော့ ဒုတိယဗိုလ်ချုပ် ဖြစ်တဲ့ ပုဂ္ဂိုလ်တယောက်နဲ့ ဗိုလ်မှူးကြီးအဆင့် ပုဂ္ဂိုလ်တယောက်ဆိုတာ အင်မတန်မှ ခြားနားပါတယ်။ အဲဒီအတွက်ကြောင့် တိုင်းဒေသကြီးဝန်ကြီးချုပ်အနေနဲ့ဆိုရင် ဒု-ဗိုလ်ချုပ်ကြီး မြင့်ဆွေပဲ ဖြစ်လာစရာ အကြောင်းရှိတယ်လို့ ကျနော်ကတော့ သုံးသပ်ပါတယ်။ ကရင်ပြည်နယ်မှာ ဗိုလ်မှူးချုပ်ဇော်မင်းလို့ ထင်ပါတယ်။ ကရင်ပြည်နယ်မှာ ကျတော့ ပြည်ခိုင်ဖြိုးပါတီက အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးတွေ၊ အဆင့်မြင့် ပုဂ္ဂိုလ်တွေ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်မှာ ရွေးချယ်ခံထားရတာ မရှိဘူး။ အဲဒီတော့ ဗိုလ်မှူးချုပ်ဇော်မင်းက ကရင်ပြည်နယ်ရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာနိုင်ကောင်း ဖြစ်လာနိုင်တယ်။ ကျန်တဲ့ တိုင်းဒေသကြီးတွေမှာကတော့ ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူးလို့ ကျနော်ကတော့ သုံးသပ်ပါတယ်။”

ရွေးကောက်ပွဲအနိုင်ရ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ ဒီအရာရှိတွေကို အပြန်အလှန် အာဏာထိန်းညှိနှိုင်ဖို့အတွက် ထည့်သွင်းထားတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“ကျနော်တို့မြင်တာကတော့ လက်ရှိရွေးကောက်ပွဲ ၀င်တာတွေကလည်း ဗိုလ်မှူးကြီး အငြိမ်းစားတွေဗျ ၄ ဦးတောင်ပြိုင်တာ ကျနော်တို့ဘက်မှာလေ တိုင်းဒေသကြီးမှာပေါ့။ နိုင်ထားတာကလည်း ဗိုလ်မှူးကြီး အငြိမ်းစားပဲ ၂ ဦး နိုင်ထားပါတယ်။ အဲဒီတော့ ကျနော်တို့ မြင်တာကတော့ ထိန်းညှိနိုင်အောင်လို့ ဖြစ်ပါတယ်။ တကယ်လို့များ အငြိမ်း စားဗိုလ်မှူးကြီးတဦးကို ၀န်ကြီးချုပ်များလျာထားခဲ့ရင် နယ်စပ်ရေးရာတို့၊ တခြား လုံခြုံရေးရာတို့ကို ကြီးကြပ်ရမယ့် ၀န်ကြီး တပါးပါး ပါဦးမှာကိုး၊ အဲဒီတော့ ၀န်ကြီးချုပ်နဲ့ လုံးခြုံရေးနဲ့ လုံခြုံရေးက ပုဂ္ဂိုလ်နဲ့များ တူနေအောင်များ ထိန်းညှိတဲ့ သဘောနဲ့ ထားသလား ဆိုတာကတော့ ကျနော်တို့ ဒါ သုံးသပ်ကြည့်တာပါ။”

အခုကြေညာလိုက်တဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ စာရင်းတွေမှာ ဆိုရင်တော့ အောက်လွှတ်တော်လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော် အတွက် ၁၁၀ ဦး၊ အထပ်လွှတ်တော်လို့ခေါ်တဲ့ အမျိုးသားလွှတ်တော်မှာ ၅၆ ဦးတို့နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေအတွက် ၂၂၂ ဦးစီ အသီးသီး ပါဝင်ကြမှာ ဖြစ်ပြီး စုစုပေါင်း ၃၈၈ ဦး ပါဝင်မှာ ဖြစ်ပါတယ်။ ဒီတပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာ ဗိုလ်မှူးအဆင့်ရှိ လူငယ်ပိုင်း တပ်မတော်ပြန်တမ်းဝင် အရာရှိအများစုပါဝင်နေတဲ့အပေါ်ကိုလည်း ဦးမြတ်ဉာဏစိုးက

“ကျနော်တို့ ကြားသိထားတဲ့ တချို့သတင်းတွေအရ အသက် ၃၀ နဲ့ ၃၅ နှစ်ကြား ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေပေါ့ တပ်မတော်အရာရှိတွေ ပါတဲ့အတွက်ကြောင့် ပညာအရည်အချင်း မြင့်မားတဲ့ မျိုးဆက်သစ် တပ်မတော်အရာရှိတွေကို ရွေးထားတယ်ပေါ့နော်။ ရွေးချယ်ထားတယ် ဆိုတဲ့ သတင်းတွေကိုလည်း ကျနော်တို့ ကြားရပါတယ်။ လူငယ်တွေ ဖြစ်တဲ့အတွက်ကြောင့် ပိုပြီးတော့ တက်တက်ကြွကြွ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မယ်။ အင်ပြည့်အားပြည့်နဲ့ လုပ်ဆောင်နိုင်မယ့်ပုဂ္ဂိုလ် တွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျနော့်အနေနဲ့ကတော့ အများကြီး ၀မ်းမြောက်ပါတယ်။ ကြိုဆိုပါတယ်။ လက်တွဲပြီးတော့လည်း လုပ်ဆောင်သွားနိုင်တာတွေ အများကြီးရှိမယ်လို့ ယုံကြည်ပါတယ်လို့ ပြောချင်ပါတယ်။”

အခြားနိုင်ငံရေး အကဲခတ်တချို့ကတော့ ဒီတပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်ထဲမှာ ရာထူးကြီးကြီးမားမားတွေ သိပ်ရရှိနိုင်မှာ မဟုတ်ဘဲ လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်တဲ့အခါ မဲပေးလို့ရအောင် အင်အားစုဆောင်းထားတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ပြောဆိုမှုတွေ ရှိနေပါတယ်။ ဒီတပ်မတော်သား ကိုယ်စားလှယ်တွေပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ အဖြစ်ဖြစ်လာမလား။ ဒါမှမဟုတ်ကြံ့ခိုင်ရေးပါတီရဲ့ အငြိမ်းစား တပ်မတော်အရှိကြီးတွေပဲ ၀န်ကြီးချုပ်တွေ ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: