အံ့ဘုန်းမြတ် ၁၉ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)
ပုဂ္ဂလိကစာနယ်ဇင်းများဖွံ့ဖြိုးရေးကော်မတီကနေ အဖွဲ့ဝင်မီဒီယာတခုဖြစ်တဲ့ အလဲဗင်းမီဒီယာဂရု နုတ်ထွက် သွားပေမယ့် ကျန်တဲ့အဖွဲ့ဝင်တွေနဲ့ စာနယ်ဇင်းတွေရဲ့ အခွင့်အလမ်းတွေ၊ လုပ်ဆောင်မှုတွေကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လုပ်သွားမယ်လို့ အဖွဲ့ဥက္ကဋ္ဌ ဦးကိုကို (စက်မှုတက္ကသိုလ်) က ပြောပါတယ်။
“ကျနော်တို့ စီပီစီအဖွဲ့က ဒီ အလဲဗင်း နုတ်ထွက်တာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အားလုံးရဲ့ အများ သဘောဆန္ဒပါ။ အများရဲ့ သဘောဆန္ဒကတော့ အလဲဗင်းမီဒီယာဂရု စီပီစီမှ နုတ်ထွက်ခြင်းသည် သူ၏ခံယူချက်နဲ့ သူ့ဆုံးဖြတ်ချက်နဲ့ နုတ်ထွက်သွားခြင်း ဖြစ်တဲ့အတွက်ကြောင့် စီပီစီ အနေနဲ့ သူ့ရဲ့ နုတ်ထွက်သွားမှုအပေါ်မှာ ကျနော်တို့ မည်ကဲ့သို့မှ ကောက်ချက် မပေးလိုပါဘူး ခင်ဗျ။ ဒါ သူ့ရဲ့ လွတ်လပ်စွာ ဆုံးဖြတ်ခွင့်တခုလို့ပဲ ကျနော်တို့ ခံယူပါတယ်။ ကျန်တဲ့ ကျနော်တို့ ၂၅ ဦးကတော့ ကျနော်တို့ သတင်းထုတ်ပြန်ချက်အတိုင်း ၁/၂၀၁၁ မှာ ဖော်ပြထားချက်များအတိုင်း ကျနော်တို့ ရည်ရွယ်ချက် ၄ ရပ်ကို ဆက်လက်ပြီး ညီညီညွတ်ညွတ်နဲ့ သွားကြမယ်လို့လည်း ကျနော်တို့ အားလုံး သဘောတူးထားကြပါတယ်ခင်ဗျ။”
အဖွဲ့အနေနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းတွေနဲ့ပတ်သက်လို့လည်း ဒီလ ၁၈ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ပြီး ဦးကိုကိုက အခုလို ဖတ်ကြားပြပါတယ်။
၁။ စာနယ်ဇင်းများ၏ ကျင့်ဝတ်စည်းကမ်းများကို ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဖော်ထုတ်ဆောင်ရွက်ရန်။
၂။ ဂျာနယ်လစ်များ၏ အခွင့်အလမ်းများ၊ လုပ်ဆောင်မှုများကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်။
( ပြည်တွင်းပြည်ပ သင်တန်းများ ပြုလုပ် စေလွှတ်ခြင်း။ သတင်းဆုများ ချီးမြှင့်ခြင်း။)
၃။ သတင်းလိုက်သည့် အခါတွင် အဆင်ပြေ ချောမွေ့စေရေး စီစဉ် ဆောင်ရွက်ရန်။
၎။ စာနယ်ဇင်း အလွှာအချင်းချင်းသော်လည်းကောင်း။ စာနယ်ဇင်းသမားများနှင့် အခြားအဖွဲ့အစည်းများ အတွင်းသော်လည်းကောင်း ပြဿနာတစုံတရာ အငြင်းပွားဖွယ်ကိစ္စများ ဖြစ်ပွားလာပါက ဖြေရှင်းဆောင်ရွက်ရန်ဟူသော ရည်ရွက်ချက် ၄ ရပ်ကို ချမှတ်ကာ စာနယ်ဇင်းလောက ဖွံ့ဖြိုးရေးအတွက် အဖွဲ့ဝင်အားလုံးက ညီညွတ်စွာ လက်တွဲဆောင်ရွက် ကြိုးပမ်းသွားကြမည် ဖြစ်ပါသည်။ ပုဂ္ဂလိက စာနယ်ဇင်းများ ဖွံ့ဖြိုးရေးကော်မတီ၊ ရန်ကုန်မြို့၊ ဆိုပြီး ဖြစ်ပါတယ်ခင်ဗျ။”
စီပီစီအဖွဲ့ဟာ ပထမဆုံးအနေနဲ့ လာမယ့် ၂၃ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ သတင်းသမားတွေအနေနဲ့ အဆင်ပြေစွာ သတင်းရယူနိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့လည်း အခြားကော်မတီဝင်အချို့က ပြောပါတယ်။
စီပီစီအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) ၊ အတွင်းရေးမှူးအဖြစ် စာပေစိစစ်ရေး (ညွှန်ကြားရေးမှူး) ဦးမျိုးမြင့်မောင်၊ အဖွဲ့ဝင်တွေအဖြစ် မြန်မာနိုင်ငံ စာပေစာနယ်ဇင်းအဖွဲ့က ငါးဦး အပါအ၀င် ပြည်တွင်းဂျာနယ်တွေက ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။ CPC (Committee For Professional Conduct) လို့ အမည်ရတဲ့ ပုဂ္ဂလိကစာနယ်ဇင်းများ ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ကို ဇန်န၀ါရီ ၁၃ ရက်နေ့က ပြည်တွင်းမှာ ထုတ်ဝေနေတဲ့ ဂျာနယ် ၁၆၀ ကျော်ထဲက ကော်မတီဝင် ၂၅ ဦးကို ရွေးချယ်ပြီး တရားဝင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
Leave a Reply