အံ့ဘုန်းမြတ် (၂၀ ဇန်န၀ါရီ ၂၀၁၁) (ဒီဗွီဘီ)
နအဖစစ်အစိုးက လာမယ့် ၃၁ ရက်နေ့မှာ ခေါ်မယ့် ပထမဆုံးလွှတ်တော် အစည်းအဝေး အတွင်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တက်ရောက်မယ့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာနှုန်းရဲ့ အမည်စာရင်းတွေကို ထုတ်ပြန်ကြေညာလိုက်ပါပြီ ဖြစ်ပါတယ်။
နိုဝင်ဘာ ၇ ရက်ရွေးကောက်ပွဲရလဒ်တွေအရ ပထမဆုံး ခေါ်ယူမယ့် လွှတ်တော်အစည်း အဝေးတွေ အတွက် တက်ရောက်ဖို့ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားတဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်းကို ပြည်တောင်စုရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုလက်ခံပြီး ဒီကနေ့မှာ ထုတ်ပြန် လိုက်တာာပါ။
ဒီလိုထုတ်ပြန်တာနဲ့ပတ်သက်ပြီး ပြည်တွင်း အစိုးရရုပ်မြင်သံကြား ဌာနတွေကနေ ည ၈ နာရီ သတင်းမှာ ထည့်သွင်း ကြေညာလိုက်တာလဲ ဖြစ်ပါတယ်။ ဒီလို ကြေညာသွားတာကို ရန်ကုန်မြို့ခံ အငြိမ်းစား အရာရှိတဦးက အခုလို ပြောပြပါတယ်။
“တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကနေပြီး ပေးပို့လာတဲ့အတွက်ကြောင့် သူတို့ ကော်မရှင်ကနေ ထုတ်ပြန်လိုက်ပါတယ်ဆိုပြီးတော့ အဲဒီလို ကြေညာတာ။ အမျိုးသားလွှတ်တော်အတွက်က ဥပမာ ၅၆ ဦး ပေါ့။ ပြည်သူ့လွှတ်တော်အတွက်က ၁၁၀ ဦး စသည်ဖြင့်ပေါ့။ အရေအတွက်ကိုပဲ ကြေညာသွားတာ။ ဘယ်သူဘယ်ဝါ ဆိုတာ ကတော့ မနက်ဖြန်ထုတ်တဲ့ သတင်းစာတွေမှာ ပါမှာတဲ့။”
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်ထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေဟာ အောက်လွှတ်တော်လို့ ခေါ်တဲ့ ပြည်သူ့လွှတ်တော်မှာ ၁၁၀ ဦး၊ အထပ်လွှတ်တော်ခေါ်တဲ့ အမျိုးသားလွှတ်တော်မှာ ၅၆ ဦးတို့နဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာလည်း အသီးသီးပါဝင်ကြမှာဖြစ်ပါတယ်။
ကာကွယ်ရေးဦးချုပ်က တိုက်ရိုက်ခန့်အပ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကျင်ပရေးကော်မရှင်က အတည်ပြု ပေးလိုက်တဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတွေမှာဆိုရင်တော့ ဗိုလ်မှူးအဆင့်ရှိ ပြန်တန်းဝင် အရာရှိတွေ အမျာစုပါဝင်ပြီး သူတို့ကို လွှတ်တော်အတွင်း လုပ်ကိုင်ရမယ့် လုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေးသင်ခန်း စာတွေကိုလည်း သင်ကြားပို့ချပြီးဖြစ်တယ်လို့ တပ်မတော် သတင်းရပ်ကွက်တွေက ဆိုပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းတွေကို ထုတ်ပြန်ကြေညာပြီဖြစ်ပေမယ့်လည်း သူတို့အတွက် ပြဌာန်းသက်မှတ်ထားတဲ့ ကိုယ်စားလှယ် စည်းမျဉ်းစည်းကမ်းချက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ရွေးကောက်တင်မြောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးနဲ့ စည်းကမ်းသက်မှတ်ချက်တွေ ဘယ်လိုကွာခြားမှုတွေရှိတယ်ဆိုတာကိုတော့ အသေးစိတ် မသိရှိရသေးပါဘူး။
Leave a Reply