အံ့ဘုန်းမြတ် ၁၈ ဇန်န၀ါရီလ ၂၀၁၁ (ဒီဗွီဘီ)
နအဖစစ်အစိုးရက ကြီးမှူးပြီး နှစ်နှစ်ဆယ်ကျော်အတွင်း ပထမဆုံးအနေနဲ့ လွှတ်တော်ကို ဒီလ ၃၁ ရက်နေ့မှာ ခေါ်ယူဖို့ ကြေညာထားပြီးဖြစ် ပါတယ်။ ဒီလိုကြေညာထားပေမယ့်လည်း လွှတ်တော်ခေါ်ဖို့ နှစ်ပတ်သာ လိုတော့ပေမယ့် အခုအချိန်အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ့်လွှတ်တော်တွေအတွက် အဆောက်အအုံတွေကို ပြင်ဆင်ဆောက်လုပ်မှုတွေ မပြီးပျက်သေးတဲ့ အခြေအနေမျိုးတွေ ဖြစ်နေပါတယ်။
လွှတ်တော်ရုံးတွေအဖြစ် အရင်က တိုင်းအေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (တယက) ရုံး တွေ၊ ပယက (ခေါ်) ပြည်နယ်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီရုံးတွေကို ပြင်ဆင်ပြောင်းလဲ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် လွှတ်တော်ရုံးဝန်ထမ်းအင်အား တိုးချဲမှုတွေပါရှိပြီး အဲ့ဒီအတွက် အခြားဌာနဆိုင်ရာတွေက အစိုးရ၀န်ဝမ်းတွေ ခွဲတမ်းကျ ပြောင်းရွှေ့ထမ်းဆောင်နေကြ ရတာမျိုးတွေလည်း ဖြစ်ပေါ်နေပါတယ်။
တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့တော်တွေက တိုင်းတရားရုံးတွေကိုလည်း ပြင်ဆင်မှုတွေ ပြုလုပ်နေတာ ကြောင့် အမှုတွေ မစစ်ဆေးနိုင်ဖြစ်နေကြပြီး ခရိုင်နဲ့ မြို့နယ် တရားရုံးတွေမှာ ပြောင်းရွှေ့ အမှုကြားနာနေရတာ တွေလည်း ရှိနေပါတယ်။ ဒီလို အခြေအနေထဲက ရှမ်းပြည်နယ် လွှတ်တော်အတွက် ပြင်ဆင်နေမှု အခြေ အနေတွေကို တောင်ကြီးမြို့ခံ ၀န်ထမ်းတဦးက အခုလို ရှင်းပြပါတယ်။
“ရှမ်းပြည်က သူတို့က နအဖခောတ်မှာ သုံးပိုင်းခွဲထားတာ။ အဲဒီ သုံးပိုင်းရဲ့ လွှတ်တော်တခုလုံးက တောင်ကြီးမှာ ရုံးစိုက်မယ်ဆိုတော့ ပြည်နယ်လွှတ်တော်က ကျမတို့ တောင်ကြီးမှာ ကျားခေါင်း အဆောက်အဦးဆိုတာရှိတယ်။ အဲ့ဒါ အရင်က ပြည်နယ်တောင်ကြီး အစည်းအဝေးခန်းမပေါ့။ အဲဒီမှာ လွှတ်တော်ထိုင်မယ်လို့ ဆိုပြီးတော့ သိရတယ်။ အဲဒီအဆောက်အဦးကိုလည်း ပြင်နေတယ်။ အဲဒီအဆောက်အဦရဲ့ နောက်မှာလည်း အဆောက်အဦအသစ်တွေ ဆောက်နေတယ်။”
တောင်ကြီးမြို့က လွှတ်တော်ဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းအများစုကို GE တပ်က ညွှန်ကြား ဆောက်လုပ်နေတာဖြစ်ပြီး အရင် ကိုလိုနီခေတ် (Shan Goverment) ခေတ်က အဆောက်အဦတွေကိုလည်း ပြင်ဆင်မှုတွေ လုပ်နေပြီး လူမျိုးစု တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေအတွက် နေအိမ်တွေ စီစဉ်ပေးနေတယ်လို့လည်း အဲ့ဒီ မြို့ခံဝန်ထမ်းက ဆိုပါတယ်။
မွန်ပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုလည်း မြို့တော်ဖြစ်တဲ့ မော်လမြိုင်မြို့ ပြည်နယ်အေးချမ်းသာရေးနဲ့ ဖွံ့ဖြိုးရေးကော်ဆီရုံးမှာ ဖွင့်လှစ်ပြင်ဆင်နေသလို ရုံးဖွဲ့စည်းပုံတွေကိုလည်း တိုးချဲထားတယ်လို့ ရွေးကောက်ပွဲအနိုင်ရ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ဆိုပါတယ်။
“ပြည်နယ်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးရုံးမှာပဲ လုပ်မှာပါ။ တခြားရုံးအသစ်တော့ ဆောက်တာလည်း မတွေ့ဘူး။ အဲဒါကို ပြင်နေတယ်လို့ ပြောတယ်။ ပ၀ကရုံးက ၀န်ထမ်းစာရင်းကတော့ ပြောင်းသွားတာ တွေ့တယ်။ ဥပမာ အရင်တုန်းက ဒုညွှန်ကြားရေးမှူးဆိုတာ မရှိဘူး။ ဒုညွှန်ကြားရေးမှူး၂ ယောက်တောင် ရှိလာတဲ့ အနေအထားရှိတယ်။ အခုဗိုလ်ကြီး ၂ ယောက် ရောက်လာလို့ အောက်က ၀န်ထမ်းတွေကိုလည်း တော်တော်တိုးထားတယ်ပြောတယ်။ ၂ ဆလောက် တိုးချဲ့ထားတယ်ပြောတယ်။”
အလားတူ ရခိုင်ပြည်နယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုလည်း ပယကရုံးမှာပဲ ဖွင့်လှစ်မှာဖြစ်ပြီး လွှတ်တော်အစည်း အဝေးတွေကိုတော့ စစ်တွေမြို့ မြို့တော်အခန်းမမှာ ပြုလုပ်ဖို့ ရာထားမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ ကချင်ပြည်နယ်က ပြည်နယ်လွှတ်တော်အတွက် ပြင်ဆင်နေမှု အခြေအနေတွေကိုလည်း မြစ်ကြီးနားမြို့ခံ ၀န်ထမ်းတဦးက အခုလို ပြောပြပါတယ်။
“အသစ်အနေအထားတော့ မကြားသေးဘူး။ ဟိုတုန်းက ပြည်နယ်ကောင်စီရုံးပဲ ဖြစ်မယ်ထင်တယ်။ နေရာအသစ်တော့ ဆောက်တာမတွေ့သေးဘူး။ အိမ်တွေဘာတွေတော့ ပြင်နေတာတွေ့တယ်။ ရုံးလည်းလုပ်ထားတာတွေ့တယ်။ ပြည်နယ်ထွေအုပ်ရုံးပေါ့လေ။ အခုတော့ ပ၀တရုံးလို့ခေါ်တာပေါ့။ ဟိုတုန်းကတော့ ပြည်နယ်ကောင်စီရုံးပေါ့။ ကျနော်တို့ အတွင်းဘက်တော့ ၀င်မကြည့်ဘူး။ အပြင်ဘက်တော့ အုတ်တံတိုင်းတွေ ဘာတွေနဲ့ တော်တော်မြင့်မြင့် ခတ်ထားတယ်။ ဧရာဝတီ မြစ်ကမ်းနားက အိမ်တွေဘာ တွေလည်း ပြင်နေကြတယ်။ ဆေးသုတ်တာတို့ အဟောင်းတွေပြန်ပြီးတော့ လုပ်နေတာတို့ လုပ်နေတယ်။ ၀န်းတွေဘာတွေလည်း ပြန်လုပ်နေတယ်။”
အလားတူ ချင်းပြည်နယ် ဟားခါးမြို့မှာလည်း လွှတ်တော်ရုံးတွေနဲ့ လွှတ်တော်အစည်းအဝေးခန်းမတွေကို အလားတူ ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံအချို့က ဆိုပါတယ်။
တိုင်းဒေသတွေထဲက လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံးရှိမယ့် စစ်ကိုင်းဒေသကြီးရဲ့ လွှတ်တော်ကိုတော့ မုံရွာမြို့မှာ ဖွင့်လှစ်နိုင်ဖို့အတွက် တယရ ရုံးအပါအ၀င် တိုင်းတရားရုံးတွေကို ပြုပြင်မှုတွေ လုပ်နေသလို ဧက ၄၀ စီမံကိန်းအနေနဲ့ လွှတ်တော်ဆိုင်ရာ အဆောက်အအုံသစ်တွေကို ဆောက်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ မုံရွာမြို့ခံ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။
“အသစ်ဆောက်တာက မုံရွာက ကမ်းနားလမ်းမှာ။ ဧက ၄၀ စီမံကိန်းလို့ ပြောတယ်။ အရင် တရတရုံးအဟောင်းနေရမှာလဲ မူရင်းအဆောက်အဦကို ပြင်ဖို့ ထပ်ချဲ့တာတွေလည်း ရှိတယ် ၂ နေရာပေါ့။ မူလအဆောက်အဦက ကြည့်မကောင်းတဲ့ ဟာတွေ အကုန်လုံး ရှင်းလင်း ဆေးပြန်သုတ်။ အသစ်ပုံစံပေါ့။ ကပ်လျက်အဆောင်တွေကို အဆောင်ထပ်ချဲပေါ့။ တချိုဟာကျတော့ နံရံတခြမ်းကို ချဲပြီး ခန်းမထပ်ချဲတာပေါ့။”
ဒီဆောက်လုပ်ရေးလုပ်ငန်းတွေကြောင့် အိမ်ထောင်စု အချို့ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရန်ကုန်တိုင်းဒေသကြီးရဲ့ အမျိုးသားလွှတ်တော်ကိုတော့ ပြည်လမ်းမပေါ်မှာရှိတဲ့ အရင်က ပြည်သူ့လွှတ်တော်အဆောက်အဦမှာ ပြုလုပ်မှာဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ခုပေါင်း ပြည်ထောင်စုလွှတ်တော် အဆောက်အအုံကိုတော့ နေပြည်တော်မှာ အပြီးသက်မွန်းမံမှုတွေ ပြုလုပ်နေပါတယ်။
Leave a Reply