ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

လွှတ်တော်တက်ရန် အမတ်များအတွက် ပြင်ဆင်ဖွယ်ရာများ ထုတ်ပြန်


အံ့ဘုန်းမြတ် ၁၇ ၀၁ ၂၀၁၁ (ဒီဗွီဘီ)

ဇန်န၀ါရီ (၃၁) ရက်နေ့မှာ စတင်ခေါ်ယူမယ့် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေကို တက်ရောက်ကြရမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ပေးပို့တဲ့ ဖိတ်စာတွေမှာ ကိုယ်စားလှယ်တွေ လိုက်နာရမယ့် ၀တ်စားဆင်ယဉ်ပုံ စည်းကမ်းချက်တွေနဲ့ လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်တွေ ပါဝင်နေပါတယ်။

လွှတ်တော်အစည်းအဝေးတွေစတင်ဖို့ နှစ်ပတ်ခန့်အလို ဒီလ ၁၆ ရက်နေ့မှာမှ လွှတ်တော်ကိုယ်စားလှယ်တွေ လက်ခံရရှိတဲ့ အစည်းအဝေးဖိတ်စာတွေထဲမှာ အခုလို သတ်မှတ်ချက်တွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

အဲ့ဒီသတ်မှတ်ချက်တွေထဲက လုံခြုံရေးဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ပတ်သက်ပြီး ဖိတ်စာလက်ခံရရှိထားတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးက အခုလို ပြောပြပါတယ်။

“စည်းကမ်းချက်ကတော့ လွှတ်တော်အစည်းအဝေး မစတင်ခင်မှာ ၁ နာရီကြိုတင်ပြီး ရောက်ရှိရမယ်။ ရောက်ရှိကြောင်း လက်မှတ်ထိုးရပါမယ်။ နောက်တခုက လွှတ်တော်ပရ၀ုဏ်ထဲမှာ မယူဆောင်ရမယ့် ပစ္စည်းတွေ။ အဲ့ဒါကတော့ ရုပ်ရှင်ရုပ်သေ ဗွီဒီယိုကင်မရာတွေ၊ ရေဒီယို၊ ကက်ဆက်၊ ကွန်ပျူတာ၊ လက်ကိုင်ဖုန်း၊ အသံလွှင့် အသံဖမ်းကိရိယာ၊ လက်နက်ခဲယမ်းမီးကျောက်နဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ၊ လက်ဆွဲ အိတ်၊ လွယ်အိတ်၊ ခေါင်းပေါင်းဘူး ဒါတွေကို မယူဆောင်ရပါဘူး။ ဒါကတော့ လွှတ်တော်ကိုယ်စားလှယ်များ အတွက် ပန်ကြားလွှာဆိုပြီးတော့ ပေးပို့ထားတာ ရှိပါတယ်ခင်ဗျ။ ”

ကိုယ်စားလှယ်တော်တွေ လိုက်နာရမယ့် ၀တ်စားဆင်ရင်ပုံ စည်းကမ်းချက်တွေကိုလည်း ဒေါက်တာ မြတ်ဉာဏစိုးက အခုလို ဆက်ပြောပါတယ်။

“လွှတ်တော်သတ်မှတ်ချက်က အမျိုးသားတွေကျတော့ စတစ်ကော်လာရယ် တင့်သင့်လျောက်ပတ်သော ပုဆိုးနဲ့ တိုက်ပုံဝတ်ပြီးတော့ ခေါင်းပေါင်းပေါင်းဖို့ ဒါပဲ သတ်မှတ်ထားပါတယ်။ အမျိုးသမီးတွေကျတော့ ရင်ဖုံး အင်္ကျီလက်ရှည်တွေဝတ်ပြီးတော့ ပ၀ါခြုံရမှာပေါ့နော်။ တိုင်းရင်းသားတွေက မိမိတို့လူမျိုး တိုင်းရင်းသားဝတ်စုံ ၀တ်ချင်တယ်ဆိုရင်လည်း ၀တ်ဆင်ခွင့်ရှိပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ၀တ်စုံတွေက ကာကွယ်ရေးဝန်ကြီးဌာနမှ သတ်မှတ်သည့် ၀တ်စုံပေါ့နော်.. ၀တ်ဆင်ဖို့ ဆိုပြီးတော့ ပါပါတယ်။ ”

လွှတ်တော်အစည်းအဝေး တက်ရောက်ကြရမယ့် လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဇန်န၀ါရီလ (၂၇) ရက်နေ့ အရောက် နေပြည်တော်ရှိ ရုံးအမှတ် (၂၀) လွှတ်တော် ရုံးကို သွားရောက် သတင်းပို့ဆောင်ကြရမှာဖြစ်ပါတယ်။

ဇန်န၀ါရီလ (၂၈) ရက်နေ့မှာတော့ အစည်းအဝေးတက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပေးတဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်ပြုလွှာ၊ လွှတ်တော်ကိုယ်စားလှယ် စိစစ်ရေးကတ်ပြား၊ လွှတ်တော်ကိုယ်စားလှယ် ကိုယ်ရေးမှတ်တမ်းအကျဉ်းချုပ် အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို ထုတ်ဝေပေးမှာဖြစ်တယ်လို့လည်း ကိုယ်စားလှယ်ဖိတ်ကြားလွှာမှာ ပါဝင်ပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်တွေအတွက် တည်းခိုနေထိုင်ရေး၊ ပို့ဆောင်ဆက်သွယ်ရေးကိစ္စတွေအပါဝင် ကိုယ်စားလှယ်တွေရဲ့ အသုံးစရိတ်ငွေစာရင်း ကိစ္စတွေဆောင်ရွက်ဖို့ အစီအစဉ်တွေကိုပါ ဒီဖိတ်စာတွေထဲမှာ အသေစိတ် ထည့်သွင်း ဖော်ပြပေးထားပါတယ်။

ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေးဟာ နှစ်ပတ်ကနေ တလလောက်အထိ ကြာမြင့်နိုင်ပြီး အဲ့ဒီအစည်းအဝေးအတွင်း လုပ်ကိုင်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကပဲ အခုလိုရှင်းပြပါတယ်။

“အနည်းဆုံး ၂ ပတ်ပေါ့နော်။ ပြည်ထောင်စုနေ့ကျော်တဲ့အထိတော့ သွားမယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပထမဦးဆုံး ကျနော်တို့ စပြီးတော့ လွှတ်တော်သဘာပတိ ရွေးရမှာပေါ့နော်။ သဘာပတိရှေ့မှောက်မှာမှ ကျမ်းသစ္စာကျိန်ဆိုရမယ်။ အဲ့ဒါပြီးတဲ့အခါမှာ လွှတ်တော် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ ရွေးချယ်ရမယ်။ ဒါပြီးရင် သက်ဆိုင်ရာအမျိုးသားလွှတ်တော်အနေနဲ့ ဒု-သမ္မတရွေးချယ်ရမယ်။ ပြီးရင် ၂ ပတ်ပြည့်ပြီးသွားတာနဲ့ တခါတည်း ပြည်ထောင်စုလွှတ်တော်တွေ ခေါ်ပြီပေါ့နော်။ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၂ ရပ်ပေါင်း၊ ပြည်ထောင်စုလွှတ်တော်ကနေပြီးတော့မှ နိုင်ငံတော်သမ္မတကို ဒုတိယသမ္မတ သုံးဦးထဲကနေပြီးတော့ ရွေးချယ်ရမယ်။ ပြီးရင် ရွေးချယ်တင်မြှောက်လိုက်တဲ့ သမ္မတကနေပြီးတော့ ဖွဲ့စည်းတင်ပြမယ့် (ကက်ဘိနက်) အစိုးရအဖွဲ့ကို ကျနော်တို့က အတည်ပြုပေးဖို့ ဒါတွေရှိတဲ့အတွက်ကြောင့်မို့လို့ ၂ ပတ်ကနေ တလအထိ ကြာမယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်ခင်ဗျ။ ”

လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတွေအဖြစ် ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေထဲကပဲ ရွေးချယ်တင်မြှောက်ကြရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲအတွင်း ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ် အားလုံးရဲ့အမည်စာရင်းတွေကို ထုတ်ပြန်ကြေညာပြီး ဖြစ်ပေမယ့်လည်း တပ်မတော်က တိုက်ရိုက်ခန့်ထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စာလှယ်တွေရဲ့ အမည်စာရင်းတွေကိုတော့ ထုတ်ပြန်ကြေညာပေးတာမျိုးတော့ မရှိသေးပါဘူး။ ဒါ့အပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်အစည်းအဝေး တက်ရောက်ရမယ့် စည်းကမ်းသတ်မှတ်ချက်တွေကိုလည်း ထုတ်ပြန်ပေးတာမျိုး မရှိသေးပါဘူး။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: