စာနယ်ဇင်း, စာပေ, ပါလီမန်, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

လွှတ်တော်ဖွင့်ပွဲ သတင်းယူရန် သတင်းသမားများပြင်ဆင်


အံ့ဘုန်းမြတ် ၁၇ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)

လာမယ့် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ ပထမဆုံးခေါ်ယူမယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို သတင်းယူဖို့ ပြည်တွင်းမှာထုတ်ဝေတဲ့ သတင်းဂျာနယ်တွေ၊ ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဌာနတွေနဲ့ ပြည်ပအခြေစိုက် မြန်မာသတင်းဌာနတွေက သတင်းသမားတွေ သတင်းယူဖို့ ပြင်ဆင်နေကြပါတယ်။

ကော်မရှင်ဥက္ကဌ ဦးသိန်းစိုးအား သတင်းထောက်များ မေးမြန်းနေစဉ်

ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက် များအသင်းအနေနဲ့ ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ အစည်းအဝေးပြုလုပ်ပြီး ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ ညှိနှိုင်းလုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးဖို့ရှိတယ်လို့ ဂျပန်နိုင်ငံအခြေစိုက် ဆန်ကေးရှင်ဘွန်းသတင်းဌာနရဲ့ သတင်းထောက် ဒေါက်တာဇော်သန်းက ပြောပါတယ်။

“မနက်ဖြန် နိုင်ငံခြား သတင်းထောက် အသင်းမှာ အစည်းအဝေးလုပ်မယ်။ ကျနော်တောင် တိတိကျကျ မသိသေးဘူး။ ကျနော်တို့တော့ သတင်းယူဖို့ သွားရလိမ့်မယ်နဲ့ တူတယ်။ ကျနော်တို့ကို များသောအားဖြင့် နေပြည်တော်မှာ အခမ်းအနားတွေ ဘာတွေဆိုရင် ဖိတ်တတ်ပါတယ်။”

သတင်းထောက်တွေအနေနဲ့ နိုင်ငံတော်အဆင့် အခမ်းအနားတွေမှာ တက်ရောက် သတင်းယူရတဲ့ လုပ်ငန်းစဉ်တွေကို ဒေါက်တာဇော်သန်းက အခုလို ရှင်းပြပါတယ်။

“ဖိတ်တယ်ဆိုရင် ကျနော်တို့ကို ဟိုရောက်ရင် ပြန်ကြားရေးဝန်ကြီးဌာနကနေ အိုင်ဒီကတ် ထုတ်ပေးလို့ရှိရင် အဲဒီအိုင်ဒီကတ်တွေနဲ့ ကျနော်တို့ အချိန်ဇယားပေါ့။ ဘယ်နေ့ ဘယ်နေရာကို သွားမယ်။ ဘယ်ကို ၀င်မယ်ဆိုတာကအစ ကျနော်တို့ကို ကားနံပါတ်တွေကအစ ကင်မရာနံပါတ်တွေကအဆုံး အကုန်ပေး ထားရတယ်။ သွားမယ့် မော်တော်ကားနံပါတ်၊ တည်းမယ့် ဟိုတယ်။ နောက် ကျနော်တို့ကို အိုင်ဒီကတ် ထုတ်ပေးပါတယ်ပေါ့။ အကြမ်းဖျင်းကတော့ အဲလောက်ပဲ။ အဲဒါဆို ကျနော်တို့ ၀င်ထွက်လို့ ရသွားတယ်။”

ဒီကနေ့ ရန်ကုန်၊ သာကေတမြို့နယ်ရှိ စာကြည့်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ လက်ရှိ နအဖ ပြန်ကြားရေးဝန်ကြီးဖြစ်သလို ရွေးကောက်ပွဲအနိုင်ရ ကြံ့ခိုင်ရေးပါတီရဲ့ ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့ ဦးကျော်ဆန်းကလည်း ပါလီမန်သစ် အစည်းအဝေးတွေမှာ သတင်းထောက်တွေ တက်ရောက် သတင်းယူနိုင်ဖို့ ဖိတ်ခေါ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြားခဲ့ပေမယ့်လည်း နအဖစစ်အစိုးရခေတ် နှစ်နှစ်ဆယ်ကာလအတွင်း သတင်းလာယူတဲ့ နိုင်ငံခြားသတင်းထောက်တွေကို ပြန်လွှတ်တာ၊ ပြည်ပအခြေစိုက်မြန်မာ သတင်းဌာနတွေကို ရန်သူသဖွယ် သဘောထားနေတာတွေက ဒီနေ့အချိန်အထိ ရှိနေတုန်းပါ။ မြန်မာပြည်တွင်းကို ၃ ကြိမ်လောက် ၀င်ရောက် သတင်းရယူခဲ့ဘူးတဲ့ ပြည်ပအခြေစိုက် ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကတော့ ပါလီမန်အစည်းအဝေး သတင်းယူဖို့ ဖိတ် ကြားမှုတွေနဲ့ပတ်သက်ပြီး အခုလို ခန့်မှန်းပြောဆိုပါတယ်။

“သတင်းဌာနကြီးတွေဖြစ်တဲ့ စီအန်အန်၊ ဘီဘီစီ၊ ဗွီအိုအေတို့တော့ ဖိတ်မယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် နယ်စပ်တကြောမှာ သူတို့က သူတို့ရဲ့ အတိုက်အခံသတင်းဌာနများအဖြစ် သတ်မှတ်ထားတဲ့ ဌာနတွေတော့ ခေါ်လိမ့်မယ် မထင်ဘူး။ အဲဒီသတင်းဌာနကြီးတွေကိုတော့ သူတို့ရဲ့ ခွင့်ပြုတာတွေ ပြချင်တာပေါ့။ သတင်းလွတ်လပ်ခွင့်ရပါပြီ။ ဒီမိုကရေစီ ဖြစ်ပါပြီဆိုတာ နိုင်ငံတကာကို ပြသချင်တဲ့သဘောပဲ ရှိတယ်။ အဲဒီအတွက်ကြောင့် ခေါ်ပါလိမ့်မယ်။”

ဦးကျော်ဇံသာဟာ ၂၀၀၄ ခုနှစ်က တကြိမ်နဲ့ နောက်ဆုံး ၂၀၀၇ ခုနှစ်တွေမှာ မြန်မာပြည်ထဲကို ဘီဘီစီသတင်းဌာနက သတင်းထောက်အနေနဲ့ တပ်မတော်နေ့အခမ်းအနားနဲ့ အမျိုးသားညီလာခံတွေကို သွားရောက် သတင်းရယူခဲ့ဖူးသူ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ပြည်ပအခြေစိုက် သတင်းသမားအချို့လည်း မြန်မာပြည်ထဲကို ၀င်ရောက်ပြီး ပါလီမန်အစည်းအဝေးကို သတင်းယူဖို့ ပြင်ဆင်နေကြတာမျိုးတွေရှိနေတာနဲ့ ပတ်သက်ပြီးတော့လည်း ဦးကျော်ဇံသာက အခုလို သုံးသပ်ပြောဆိုပါတယ်။

“ကိုယ့်ဘာသာကိုယ် ၀င်သွားရင်တော့ အန္တရာယ်နဲ့ ကြုံရပါလိမ့်မယ်။ ကျနော် ၂၀၀၄ ခုနှစ် က ကြုံဘူးပါတယ်။ ပြည်တွင်းခွင့်ပြုချက်မရဘဲနဲ့ အမျိုးသားညီလာခံ ပြန်စမယ်ဆိုတော့ ကျနော် လိုက်သွားတယ်။ မြန်မာနိုင်ငံသား လက်မှတ်ကို ကိုင်ထားတာပဲ။ အဲလိုတော့ သွားလို့ရတယ်။ သတင်းယူလို့တော့ မရဘူးတဲ့။ မြန်မာပတ်စ်ပို့နဲ့ ၀င်သွားတယ်။ အဲဒီမှာ သတင်းယူတဲ့အခါကျတော့ အရမ်းပြဿနာဖြစ်ပါတယ်။ အဲဒီတုန်းက အမျိုးသားညီလာခံကို အန်အယ်လ်ဒီက သပိတ်မှောက်မယ်ဆိုတဲ့ သတင်း ကျနော် လွှင့်လိုက်တယ်။ အဲဒီနေ့ မနက်မှာပဲ ဟိုတယ်တံခါး လာခေါက်ပြီးတော့ အထူးသတင်းတပ်ဖွဲ့ရဲ့ ခေါ်တွေ့ခြင်းကို ခံရပြီး သတိပေးတာ ကျနော်ခံရတယ်။ အဲလိုတော့ မ၀င်သင့်ပါဘူး။

ဒါပေမယ့် သူတို့က အဲလို ခွင့်ပြုမလားဆိုတာတော့ ကျနော်ထင်တယ်၊ ပထမအဆင့်အနေနဲ့ သူတို့ မြန်မာနိုင်ငံထဲကို လာခွင့်ပေးမယ်ဆိုရင် အဲဒီလူတွေနဲ့ ဆက်ဆံရေးက ပြေပြစ်မယ်ဆိုရင် သူတို့လက်ခံလိမ့်မယ်ထင်တယ်။ တကယ်လို့ ရခဲ့မယ်ဆိုရင်တောင် သတင်းသမားတွေအနေနဲ့ သတင်းကိုလည်း လွတ်လွတ်လပ်လပ်တော့ ရာနှုန်းပြည့်ရမယ်လို့ မထင်ပါဘူး။ ဗမာပြည်ကို သွားပြီးသတင်းယူခွင့် နေခွင့်ရတဲ့ အချိန်တွေမှာလည်း သူတို့ ကျနော့်နောက်က အမြဲတမ်း လိုက်နေတာ တွေရှိပါတယ်။”

ပါလီမန်သစ်ရဲ့ အစည်းဝေးမှာ သတင်းထောက်တွေ သတင်းယူခွင့်တွေနဲ့ပတ်သက်ပြီးတော့လည်း မြန်မာ့သတင်းသမဂ္ဂ ဒု ဥက္ကဋ္ဌ ဦးဇင်လင်း အခုလိုပြောပါတယ်။

“ဂုဏ်သိက္ခာရှိတဲ့ ပါလီမန်ဖြစ်ခဲ့ရင်တော့ သတင်းစာသမားတွေကို ကန့်သတ်တာတွေ ဟန့်တားတာတွေ လုံးဝလုပ်လို့ မရပါဘူး။ တကယ်ကို သူတို့ ဒီမိုကရေစီကျင့်စဉ်နဲ့ ကျင်းပမယ့် ပါလီမန်ဖြစ်ရင်တော့ အဲဒီသတင်းဌာနကြီးတွေကော၊ သတင်းဌာနလေးတွေကော။ ပြည်တွင်းကော ပြည်ပကော မည်သည့် သတင်းစာသမားကို မဆို တံခါးမရှိ၊ ဓားမရှိ ဖွင့်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှလည်း ဒီပါလီမန်က တိုင်းကျိုးပြည်ကျိုးဆောင်မယ့် ပါလီမန်ဖြစ်တယ်၊ လူထုအကျိုးကို ပြောဆို ဆွေးနွေးကြမယ့် ပါလီမန်ဖြစ်တယ်၊ ဘာမှဖုံးကွယ်စရာ မရှိတဲ့ ပါလီမန်၊ ကြိုးကိုင်တဲ့လူ မရှိတဲ့ ပါလီမန်ဖြစ်တယ်ဆိုတာကို ပြသရာ ရောက်မှာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ သတင်းစာသမားတွေကို ဟန့်တား ကန့်သတ်၊ ပိတ်ဆို့မှုတွေ လုပ်ထားမယ်ဆိုရင်တော့ ဒီပါလီမန်သည် အတုအယောင် ပါလီမန်ပဲ ဖြစ်သွားပါလိမ့်မယ်။”

မြန်မာနိုင်ငံဟာ နအဖစစ်အစိုးရလက်ထက်မှာ သတင်းလွတ်လပ်ခွင့် အဆိုးရွားဆုံး ချိုးဖောက်ခံနေရတဲ့ နိုင်ငံတနိုင်အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ လက်ရှိလည်း သတင်းထောက်တွေနဲ့ ဘလော့ခ်ဂါတွေကို ဖမ်းဆီးထောင်ချမှုတွေ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်ပါတယ်။

 

 

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: