အံ့ဘုန်းမြတ် ၁၄ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)
ဒီလ ၁၃ ရက်နေ့က စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ကြီးမှူး ဖွဲ့စည်းပေးလိုက်တဲ့ Committee for Professional Conduct (CPC) ခေါ် ဂျာနယ် ကိုယ်စားပြုကော်မတီ ဖွဲ့စည်းအပြီးမှာပဲ ဒီကော်မတီကနေ နုတ်ထွက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ပြည်တွင်းထုတ်ဂျာနယ် Eleven Media Group က အသစ်ဖွဲ့စည်းလိုက်တဲ့ (CPC) ကော်မတီရဲ့ ဖွဲ့စည်းပုံတွေကို လက်မခံနိုင်တာကြောင့် အခုလိုနှုတ်ထွက်လိုက်တာဖြစ်ပြီး ဖွဲ့စည်းပုံတွေကို ပြင်ဆင်ဖို့ အချက် (၆) ချက် ကိုလည်း တောင်းဆို လိုက်တယ်လို့ Weekly Eleven ဂျာနယ်တာဝန်ခံ အယ်ဒီတာ ကိုဝေဖြိုးက အခုလို ပြောပါတယ်။
“ကျနော်တို့က ဒီလိုမျိုးအဖွဲ့ ဖွဲ့တာကို ထောက်ခံတယ်။ ရှိသင့်တယ်။ ဒါပေမယ့် ကျနော်တို့က မနေ့ကပဲ အယ်ဒီတာတွေ၊ ဒါရိုက်တာတွေ ဒီအဖွဲ့နဲ့ ပတ်သက်လို့ အစည်းအဝေးထိုင်ပြီး ဆုံးဖြတ်လိုက်တယ်။ အဓိကကတော့ ဂျာနယ်လစ်တွေ ကိုယ်စားပြုတဲ့ လူတွေက ပိုပြီးတော့ ပါဝင်ဖို့လိုတယ်လေ။ ကျနော်တို့က အဖွဲ့ ဖွဲ့တာကို ထောက်ခံတယ်။ ဒါပေမယ့် အခု ဖွဲ့တဲ့ ဖွဲ့စည်းပုံကို လက်မခံနိုင်လို့ ကျနော်တို့ ထွက်လိုက်တာပါ။”
Weekly Eleven က တောင်းဆိုလိုက်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အချက်တွေမှာတော့ အစိုးရ၊ နိုင်ငံရေးပါတီတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ သံရုံးနဲ့ NGO တွေနဲ့ အမှီအခိုကင်းပြီး အထောက်အပံ့တွေကို သွယ်ဝိုက် (သို့) တိုက်ရိုက်ရယူထားသူတွေ မပါဝင်ဖို့ အဓိက တောင်းဆိုထားတာ ဖြစ်တယ်လို့ ကိုဝေဖြိုးက ပြောပါတယ်။
“ဒီလိုအဖွဲ့မျိုးက တကယ်ရှိဖို့ လိုအပ်တယ်။ ဒါပေမယ့် ရှိသင့်တဲ့ဟာက ဖွဲ့စည်းပုံ ပုံစံမကျရင် အဖွဲ့မှာ ပါဝင်ပတ်သက်တဲ့ လူတွေက စောစောတုန်းကပြောတဲ့ အချက်တွေနဲ့ မကိုက်ညီဘူးဆိုရင် အဲဒီအဖွဲ့ရဲ့ မူလရည်မှန်းချက် ပျောက်သွားမှာပေါ့၊ ကျနော်တို့ ပြည်သူကို ပြောထားသလိုပဲလေ။ ပြည်သူလူထုကော အစိုးရကော အားလုံးက ယုံကြည်လေးစားဖို့ဆိုရင် အဲဒီအဖွဲ့မှာ ပါဝင်ပတ်သက်တဲ့ လူတွေကော ဖွဲ့စည်းပုံကော အရေးကြီးတာကို။ အဲဒါကြောင့်မို့လို့ပါ။”
Committee for Professional Conduct (CPC) ခေါ် ဂျာနယ်ကိုယ်စားပြု ကော်မတီရဲ့ ဖွဲ့စည်းပုံတွေမှာဆိုရင်တော့ ဥက္ကဋ္ဌအဖြစ် ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) ၊ အတွင်းရေးမှူးအဖြစ် ဦးမျိုးမြင့်မောင် (ညွှန်ကြားရေးမှူး၊ စာပေစိစစ်ရေး)တို့ ဖြစ်ပြီး ဦးမြတ်ခိုင် အပါအ၀င် စာပေစာနယ်ဇင်းအဖွဲ့က ငါးဦး၊ ပြည်တွင်းဂျာနယ် ကိုယ်စားလှယ်တွေအဖြစ် ဦးဝင်းငြိမ်း (အလင်းတန်းဂျာနယ်)၊ ဦးအောင်စိုးသူ(The First Music ဂျာနယ်)၊ ဦးယဉ်ကျော် (မှုခင်းသတင်းဂျာနယ်)၊ ဦးဇင်ယော်နီ (မနောမယ ဂျာနယ်)၊ ဒေါက်တာဇော်သန်း (Health Care ဂျာနယ်)၊ ဦးခင်မောင်ညို(ဘောဂဗေဒ) (ကမ္ဘာ့စီးပွားရေးဂျာနယ်)၊ ဦးကျော်မင်းဆွေ (The Voice ဂျာနယ်)၊ ဒေါ်ငြိမ်းငြိမ်းနိုင် (7 Day ဂျာနယ်)၊ ဦးသန်းစိုး (အခွင့်အလမ်းဂျာနယ်)၊ ဦးဝေသာ (တတိုင်းမွှေးဂျာနယ်)၊ ဦးမြင့်ဆွေမြင့် (အင်အား အားကစားဂျာနယ်)၊ ဦးထွန်းထွန်းဦး (အိုလံပစ် အားကစားဂျာနယ်)၊ ဦးချစ်မောင် (News Watch ဂျာနယ်)၊ ဒေါက်တာတင်ထွန်းဦး (ပြည်မြန်မာသတင်းဂျာနယ်)၊ ဒေါက်တာသိန်းမြင့် (Eleven Media Group)တို့ ဖြစ်ပါတယ်။။ ဒါ့အပြင် အလွတ်တန်း စာနယ်ဇင်းသမားတွေထဲက ဦးကျော်ရင်မြင့်နှင့် ဦးရဲနိုင်မိုးတို့လည်း ပါဝင်ထားပါတယ်။
ဒီအဖွဲအနေနဲ့ မြန်မာနိုင်ငံမှာ သတင်းစာပညာဆုတွေ ချီးမြှင့်နိုင်ဖို့ ဆုရွေးချယ်ရေး မူကြမ်းတွေ အတည်ပြုရေးဆွဲမယ်၊ ဖြစ်ပေါ်လာတဲ့ပြဿနာတွေကို ကြားဝင်ဖြေရှင်းဆောင်ရွက် မယ်ဆိုတဲ့ လုပ်ငန်းစဉ်တွေပါဝင်တာကြောင့် မြန်မာစာနယ်ဇင်းကသားတွေ မျှော်လင့်ချက်ထား စောင့်ကြည့်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ လက်အောက်ရှိ စာပေစီစစ်ရေးဌာနရဲ့ ၀င်ရောက်စွက်ဖက်မှု၊ ပြန်ကြားရေးဝန်ကြီးဌာနကပဲ ဖွဲ့စည်းပေးထားတဲ့ စာပေနှင့်စာနယ်ဇင်းအဖွဲ့ရဲ့ ၀င်ရောက် နေရာယူမှုတွေကြောင့် အခုလို ပြဿနာတွေဖြစ်ပေါ်လာရတာလို့ အမည်မဖော်လို့ CPC ကော်မတီဝင် အချို့က ဆိုပါတယ်။
မြန်မာ့စာနယ်ဇင်းလောကမှာ ဂျာနယ်ကိုယ်စားပြု ကော်မတီတရပ်ပေါ် လာတဲ့အပေါ်ကို ၀ါရင့်သတင်းစာဆရာ လူထုစိန်ဝင်းကတော့ အခုလို မှတ်ချက်ပေး ပြောကြားပါတယ်။
“စာနယ်ဇင်းလောကမှာ စာနယ်ဇင်းသမားတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ဖို့၊ စာနယ်ဇင်းသမားတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ဖို့ အဖွဲ့အစည်း လိုအပ်နေတာကတော့ အမှန်ပဲ။ အခုခေတ်မှာလည်း ဂျာနယ်တွေက ၂၀၀ ပတ်ဝန်းကျင်လောက် ရှိလာတဲ့အခါမှာ ပြဿနာတွေလည်း ခဏခဏ ကြုံကြရတယ်။”
“ရုပ်ရှင်မင်းသမီးက စာနယ်ဇင်းသမားကို ပါးရိုက်လိုက်တယ်ဆိုတဲ့ သတင်းမျိုးကိုတောင်မှ ဂျာနယ်တွေမှာ မရေးရဘူးဆိုပြီးတော့ ပိတ်ပင်တားဆီးတာမျိုးတွေ လုပ်လာခဲ့ကြတယ်။ စာနယ်ဇင်းသမားတွေရဲ့ အကျိုးစီးပွားကို အမှန်တကယ် ကာကွယ်စောင့်ရှောက်မယ့် အဖွဲ့အစည်းမျိုး တကယ်လိုအပ်တယ်။ ရှိသင့် ရှိထိုက်တယ်။ သို့သော်လည်းပဲ အခုဖွဲ့စည်းလိုက်တဲ့ အဖွဲ့အစည်းကတော့ စာနယ်ဇင်းသမားတွေကို တကယ်တမ်း ကာကွယ်စောင့်ရှောက်နိုင်လိမ့်မယ်။ စာနယ်ဇင်းသမားတွေကို အကျိုးကျေးဇူးရှိအောင် ဆောင်ရွက်ပေး နိုင်လိမ့်မယ်လို့ ဆရာ့အနေနဲ့တော့ မယူဆဘူး။”
“အရင်ကလည်းပဲ စာပေနဲ့ စာနယ်ဇင်းဆိုတဲ့ အဖွဲ့အစည်းက ရှိခဲ့တာပဲ နော်။ အဲဒီ အဖွဲ့အစည်းက ဒီလိုပဲ စာပေနဲ့ စာနယ်ဇင်းသမားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်မယ်တို့ ဘာတို့ ပြောခဲ့တာပဲ။ တကယ်တမ်း လက်တွေ့ ကျတော့ မလုပ်နိုင်ခဲ့ပါဘူး။ အခုလည်း ဦးဆောင်ဖွဲ့တဲ့လူတွေက စာပေစာနယ်ဇင်းက ပုဂ္ဂိုလ်တွေနဲ့ ဒီ စာပေစိစစ်ရေးက ပုဂ္ဂိုလ်တွေပဲ ဆိုတော့ကား စာပေသမားတွေရဲ့ အကျိုးစီးပွားကို တကယ်တမ်း ဆောင်ရွက် နိုင်လိမ့်မယ်လို့ ဆရာကတော့ မယူဆဘူး။”
“ဒီလို စာနယ်ဇင်းတွေ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဆိုတာဟာ တကယ်တမ်း ကျင့်ဝတ်သိက္ခာနဲ့ ညီညွတ်တဲ့ စတုတ္ထမဏ္ဍိုင်ပီသတဲ့ ပုဂ္ဂိုလ်မျိုးတွေကို စာနယ်ဇင်းသမားတွေက ကိုယ်တိုင်ရွေးချယ်ပြီးတော့ ခန့်အပ်တာမျိုး ဖြစ်သင့်ပါတယ်။ အထက် အဖွဲ့အစည်းက နေပြီးတော့ ရွေးချယ်ပြီးတော့ ခန့်ထားတယ် ဆိုတာမျိုးကတော့ အထူးဖြင့် အခုလို ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုတဲ့ အခြေအနေမျိုးမှာ လုံးဝလျော်ကန်သင့်မြတ်ခြင်း မရှိတဲ့ လုပ်ရပ်မျိုးပဲလို့ ဆရာ့အနေနဲ့ ယူဆတယ်။”
ဆိုတော့ ဆရာ… ဒီအဖွဲ့ကို ဦးဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေကို ဆရာဘယ်လိုများ တိုက်တွန်းပြော ကြားလိုတာများ ရှိနိုင်မလဲခင်ဗျ။
“ဆရာကတော့ စတုတ္ထမဏ္ဍိုင် ခိုင်ခိုင်မာမာ တည့်တည့်မတ်မတ် ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ တကယ့် စာနယ်ဇင်းသမားတွေရဲ့ အကျိုးစီးပွားကို ကိုယ်ကျိုးစီးပွားမဖက်ဘဲနဲ့ ဆောင်ရွက်မယ့် ပုဂ္ဂိုလ်တွေကို စာနယ်ဇင်းသမားတွေ ကိုယ်တိုင်က ရွေးချယ်ပြီးတော့ ဖွဲ့စည်းသင့်ပါတယ်လို့ပဲ ဆရာက အကြံပြုချင်တယ်။”
CPC အဖွဲ့ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့က ပဏာမအနေနဲ့ ဗဟိုကော်မတီ ၀င် ၅ ဦးကို ရွေးချယ်ခန့်ထားခဲ့ပြီး ဇန်န၀ါရီ ၁၃ ရက်နေ့မှာတော့ ပြည်တွင်းထုတ်ဂျာနယ် ၁၆၀ ကျော်ထဲက ကော်မတီဝင် ၁၅ ဦးကို ရွေးချယ်ပြီး တရားဝင် ဖွဲ့စည်းလိုက်တာလည်း ဖြစ်ပါတယ်။
Leave a Reply