အံ့ဘုန်းမြတ် ၁၂ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)
ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေထဲက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော်အစည်းအဝေး မပြုလုပ်ခင် (၄) ရက်အလို နေပြည်တော်ကို လာရောက် သတင်းပေးပို့ကြဖို့ ဆင့်ခေါ်လိုက်ပါပြီ။ ဒီလိုဆင့်ခေါ်တဲ့အကြောင်းကိုလည်း ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာ တွေမှာ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။
ရွေးကောက်တင်မြှောက်ခံရသူတွေလို့ ကော်မရှင်က ကြေညာထားတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ လွှတ်တော် အစည်းအဝေးတွေအတွက် ပြင်ဆင်မှုတွေ ပြုလုပ်နိုင်ဖို့ နေပြည်တော်ကို ဇန်န၀ါရီ ၂၇ ရက်နေ့ အရောက်လာ သတင်းပေးပို့ကြဖို့ ဆင့်ခေါ်လိုက်တာပါ။ ကိုယ်စားလှယ်တွေအနေနဲ့ ကော်မရှင်ရုံးတွေက ပေးပို့တဲ့ ဖိတ်စာရရှိသည် ဖြစ်စေ၊ မရရှိသည်ဖြစ်စေ လာရောက်ကြဖို့ နှိုးဆော်ထားတာလည်း ဖြစ်ပါတယ်။
တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေကိုတော့ ဒီကနေ့မှာပဲ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ကော်မရှင်ရုံးတွေက ဖိတ်စာတွေကို စတင်ပို့ဆောင်နေပြီလို့ ကိုယ်စားလှယ်တချို့က ပြောပါတယ်။ ကိုယ်စားလှယ်တွေကို သတင်းပို့ကြဖို့ ဆင့်ခေါ်လိုက်တာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲအတွင်း လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၈၈၂ ဦးနဲ့ အများဆုံး အနိုင်ရရှိထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက
“၂၇ ရက်သတင်းပို့ပါဆိုတော့ ၂၇ ရက်သတင်းပို့မှာပါ။ သတင်းပို့ရတာ (ကြိုတင် အစည်းအဝေး) များ လုပ်မယ်နဲ့ တူတယ်။ ကျနော့်စိတ်ထင် ကြိုတင် ပြင်ဆင်တာ လုပ်ကြမယ်နဲ့တူတယ်။ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဒီ့ပြင် ပါတီတွေကအဖွဲ့တွေပါ အကုန်ပါတယ်။”
ရွေးကောက်ပွဲမှာ ဒုတိယအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် ၆၄ ဦး ရွေး ချယ်ခံခဲ့ရတဲ့ တစည (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) က ကိုယ်စားလှယ်တွေကိုလည်း အချိန်မီ သွားရောက်နိုင်အောင် စီစဉ်ပေးသွားမယ်လို့ ဒီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ပြောပါတယ်။
“အားလုံးပေါင်း ၆၄ ယောက် လုံးကို သက်ဆိုင်ရာ ညွန်ကြားချက် ထုတ်ထားသလိုပေါ့လေ ၂၇ ရက်နေ့ ရောက်အောင် ကျနော်တို့ သွားပြီးတော့ ဆောင်ရွက်ဖို့ ပြင်ဆင်ထားတဲ့ အခြေအနေ ရှိပါတယ်။”
တိုင်းရင်းသားပါတီတွေထဲက ကိုယ်စားလှယ် ၃၅ နေရာ အနိုင်ရရှိထားတဲ့ ရခိုင်တိုင်းရင်းသားများ ဘတိုးတက်ရေးပါတီ အနေနဲ့ ပြင်ဆင်မှုတွေလည်း ပါတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအေးမောင်က
“ကျနော်တို့ ရခိုင်ပြည်နယ်လွှတ်တော်ကိုတက်မယ့် ကျနော်တို့ပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို စစ်တွေမြို့ကိုအရောက် လှမ်းပြီး ဖိတ်ခေါ်ထားပါတယ်။ နောက် နေပြည်တော်ကိုတက်မယ့် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားတွေကို ရန်ကုန်မြို့ကိုလေ ကျနော်တို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဌာနချုပ်တွေကို ၂၄ ရက်နေ့အရောက်သွားဖို့ ကျနော်တို့ ညှိနှိုင်း အကြောင်းကြားထားပါတယ်။ ”
လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး အနိုင်ရရှိခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုက ရေစီပါတီရဲ့ ပြင်ဆင်မှု အခြေအနေတွေကို ပါတီဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောပြတာက
“ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲထင်တယ်။ ဖိတ်စာလည်း မရောက်သေးဘူး။ အကြောင်းကြားစာလည်း မရောက်သေးဘူးလေ။ ကျနော်တို့လည်း အဲဒီမှာ ကြားရတယ်လေ။ တကယ်တော့ ကျနော်တို့ အစီအစဉ်များ ရှိသလား ဘာလား မျှော်နေတယ် မရောက်သေးဘူးဗျ။ သက်ဆိုင်ရာ ကော်မရှင်ကလည်း မရောက်သေးဘူး လား။ ရောက်များ ရောက်နေသလားဆိုပြီးတော့။ သူတို့ဆီမှာလည်း မရောက်သေးလို့ ဖြစ်မှာပေါ့။ ”
ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် စုစုပေါင်း ၁၆ ဦး အနိုင်ရရှိခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီရဲ့ ပြင်ဆင်နေမှု အခြေအနေတွေကိုလည်း ဒီပါတီကိုယ်စားပြု ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ဉာဏစိုးက ခုလို ပြောပြပါတယ်။
“လောလောဆယ်ကတော့ ရှေ့လာမယ့် စနေနေ့မှာ လွှတ်တော်ရေးရာ ကော်မတီပေါ့နော် ပုံမှန် အစည်းအဝေးကျတော့မှ ဒီကိစ္စလေးတွေကို စီစဉ်ပါ့မယ်။ ကျနော်တို့အထဲက အချို့အချို့သော ပုဂ္ဂိုလ်တွေ မိမိအစီအစဉ်နဲ့ မိမိသွားဖို့ စီစဉ်ထားပါတယ်။ လောလောဆယ်တော့ ဒီလိုပဲ ရှိပါသေးတယ်။ သို့သော် လာမယ့် စနေနေ့မှာ လွှတ်တော်ရေးရာ ကော်မတီအစည်းအဝေးကျရင်တော့ ကျနော်တို့ ဘယ်လို သွားမယ်၊ စုစုစည်းစည်း သွားဖြစ်ရင်တော့ သွားဖြစ်မှာပေါ့လေ။ ဒါလေးတွေကို ဆွေးနွေးဖြစ်မှာပါ ခင်ဗျ။ ”
တိုင်းပြည်ကို နှစ် ၂၀ ကျော် စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်ခဲ့တဲ့ နအဖစစ်အစိုးရက ၂၂ နှစ်ကျော်ကာလမှာ ပထမဆုံးလွှတ်တော်အစည်းအဝေးအဖြစ် လာမယ့် ၃၁ ရက်နေ့မှာ စတင်ခေါ်ယူဖို့ ကြေညာထားပြီး ဖြစ်ပါတယ်။ ဒီလွှတ်တော်နဲ့ ပတ်သက်ပြီးတော့လည်း မြန်မာနိုင်ငံရေးလောကမှာ စစ်အစိုးရ စိတ်ကြိုက် ကြိုတင်အစီအမံတွေအောက်ပဲ လုပ်ဆောင်ကြရမယ့် လွှတ်တော်အဖြစ် ကြိုတင်ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်တွေအရ လွှတ်တော်ခေါ်ယူပေးဖို့ကိုတော့ နအဖစစ်အစိုးရက တာဝန် ပျက်ကွက်ခဲ့ပါတယ်။
Leave a Reply