အံ့ဘုန်းမြတ် ၁၂ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)
၂၂ နှစ်တာ ကာလအတွင်း နအဖစစ်အစိုးရက ပထမဆုံးအနေနဲ့ ခေါ်ယူပေးလိုက်တဲ့ လွှတ်တော်ထဲမှာ အနိုင်ရကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေပြုရေး လုပ်ဆောင်နိုင်ဖို့ အားနည်းမှုတွေ ရှိနေနိုင်တယ်လို့ နိုင်ငံရေးပါတီခေါင်းဆောင်အချို့က ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
ရွေးကောက်ပွဲကာလအတွင်း မဲမသမာမှုတွေနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရရှိခဲ့တာတွေ၊ လွှတ်တော်အတွင်း တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ် ၂၅ ရာခိုင်နှုန်း ပါဝင်မယ်ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြန်ဌာန်းချက်တွေအပြင် စစ်အစိုးရရဲ့ လွှတ်တော်ခေါ်ယူမှု အစီအစဉ်တွေ၊ အကောင်အထည်ဖော်ဖို့ ထုတ်ပြန်ထားတဲ့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကြောင့် ဥပဒေမူကြမ်းတွေ တင်သွင်းနိုင်ဖို့ အားနည်းမှု တွေရှိနေတာလို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့က ထောက်ပြ ပြောဆိုလိုက်ကြတာပါ။ အဲဒီထဲက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေကတော့ ပြည်ထောင်စုလွှတ်တော်က အကောင်အထည်ဖော်ရမယ့် ဥပဒေ၊ နည်းပဒေတွေနဲ့ လုပ်ငန်းစဉ်တွေ အများအပြား ရှိနေတာကြောင့် ပထမလွှတ်တော် သက်တမ်းမှာ ဥပဒေမူကြမ်းပြင်ဆင်နိုင်ဖို့ အချိန်နည်းပါးနေတယ်လို့ ဝေဖန်သုံးသပ်လိုက်ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ လွှတ်တော်အလိုက်ရှိရမယ့် ဥပမာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ ဒါတွေရွေးရမယ့် ကိစ္စ၊ နောက်တခါ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်တွေအတွက်တာဝန် နောက်တခါ ရပိုင်ခွင့် ဒါတွေ စနစ်တကျ ပြဌာန်းရမယ့် ကိစ္စ၊ ထို့အတူ ပြည်ထောင်စုလွှတ်တော်ကနေ သမ္မတ၊ ဒုတိယ သမ္မတ၊ ပြည်ထောင်စု အစိုးရအဖွဲ့ အဲဒီမှာ ၀န်ကြီးဌာန သတ်မှတ်တာတို့ ၀န်ကြီးဌာနရွေးတာတို့ စသည်ဖြင့် ဒီဟာတွေ ပြန်တည်ရမယ့်ကိစ္စတွေ တော်တော်များများရှိတာကြောင့် ကျနော့်အထင် ပထမဆုံး စကျင်းပတဲ့ အစည်းအဝေးမှာတော့ တခြားဥပဒေကြမ်းတွေ တင်သွင်းဖို့က ဒီဟာတွေနဲ့ပဲ စောစောက ကျနော်တင်ပြတာတွေနဲ့ပဲ တော်တော်များများ အချိန်ယူရမယ့် သဘောရှိတယ်လို့ ကျနော်တွက်ပါတယ်။”
ရွေးကောက်တင်မြောက်ခံ လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်ဉာဏစိုးရဲ့ အမြင်ကတော့
“မနေ့ကပဲ လွှတ်တော်နဲ့ စပ်လျဉ်းတဲ့ လုပ်ထုံးလုပ်နည်းတွေ နည်းဥပဒေတွေ ထွက်လာပါပြီ။ ထွက်လာတဲ့ အခါကျတော့ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ပေါ့။ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် လွှတ်တော်ဖြစ်စေ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်စေ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဖြစ်စေ၊ သူ့ရဲ့ ဥပဒေပြဌာန်းချက်တွေ ထွက်လာပါပြီ။ ဘယ်လိုအဆိုတင်သွင်းခွင့် ရှိတယ်။ ဘယ်လိုဥပဒေကြမ်း ပြဌာန်းခွင့်ရှိတယ်ပေါ့နော်။ ဘယ်လိုမေးခွန်းတွေကို အစိုးရကို မေးမြန်းခွင့် ရှိတယ်၊ ၀န်ကြီးတွေက ဘယ်လိုဖြေဆိုရမယ်၊ လွှတ်တော်ကိုယ်စားလှယ် တယောက် လုပ်သင့်လုပ်ထိုက်တဲ့ အချက်တွေ အကုန်လုံး ပါလာပါတယ်။ အဲဒီဘောင်တွေ ထဲကနေ ကျနော်တို့ လုပ်ဆောင်သွားလို့ ရမှာပါ။”
မြန်မာနိုင်ငံရေးအကဲခက်တချို့ကတော့ အခုနအဖစစ်အစိုးရ ဦးဆောင်ခေါ်ယူပေးတဲ့ ၂၀၁၁ လွှတ်တော်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းပြုလုပ်ခဲ့တဲ့ ညောင်နှစ်ပင် အမျိုးသား ညီလာခံလိုပုံစံမျိုးပဲ ဖြစ်လာမယ်။ ကိုယ်စားလှယ်တွေအနေနဲ့လည်း ကြံ့ခိုင်ရေးအစိုးရရဲ့ မူဝါဒတွေကို လက်ညှိုးထောင်ခေါင်းညိတ်သာ လုပ်ဆောင်နိုင်ကြလိမ့်မယ်လို့လည်း ဝေဖန်ပြောဆိုမှုတွေ ရှိပါတယ်။ ဒီအခြေအနေတွေ အပေါ်ကိုလည်း ဦးမြတ်ဉာဏစိုးက
“ညောင်နှစ်ပင် ညီလာခံနဲ့ လုံးစကွဲပြား ခြားနားတာကတော့ ဟိုမှာတော့ သင်းတွေကို ချပေးတယ်။ ဒီမူကြမ်းတွေ ဘောင်တွေထဲကပဲ ဆွေးနွေးရတာ။ ကျနော်တို့ ဒီမှာကျတော့ ဘယ်လိုမှ မကန့်သတ်ထားဘူး။ တိုင်းပြည်အတွက် အကျိုးရှိမယ်။ နောက်တခါ ဘာသာသာသနာကို ပုတ်ခတ်တဲ့ အပြောအဆို အသုံးအနှုန်းမျိုး မဖြစ်ဘူးဆိုရင် ကျနော်တို့က တိုင်းပြည်အတွက် အကျိုးရှိမယ့် မေးခွန်းတွေကို မေးမြန်းလို့ ရတယ်။ အဆိုတွေကို တင်သွင်းလို့ ရတယ်။ အများကြီး ကျယ်ပြန့်ပါတယ်။”
သင်္ဃန်းကျွန်းမြိုနယ် မဲဆန္ဒနယ်မြေရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က လည်း ပထမဆုံးခေါ်ယူမယ့် လွှတ်တော်အစည်းအဝေးမှာ ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေနဲ့ သူတင်သွင်းမယ့် အဆိုတွေကိုလည်း အခုလို ပြောပြပါတယ်။
“ကျနော်တို့ လောလောဆယ်ကတော့ ပထမအကြိမ် ပုံမှန်အစည်းအဝေးမှာ ဥပဒေကြမ်းတင်ဖို့အတွက်ကို ပြည်ထောင်စုအဖွဲ့အစည်းတွေ သမ္မတတို့၊ ဒု-သမ္မတတို့၊ အစိုးရအဖွဲ့တို့ ဒါတွေဖွဲ့မယ့် ကိစ္စတွေက အဓိက ဖြစ်မှာကိုး၊ အဲတော့ ဒီကာလအတွင်းမှာ အင်မတန်မှ တိုင်းပြည်အတွက် လိုအပ်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လိုအပ်နေတဲ့ အဆိုနှစ်ခု တင်ပါ့မယ်။ တခုကတော့ အထွေထွေ သင်ပုန်းချေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်၊ ဥပဒေကဲ့သို့ အာဏာတည်တဲ့ ဒီအမိန့်ကို သမ္မတကို ထုတ်ပြန်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ဒါကတစ်ခုပါ။ နောက်တခုက ကျနော်တို့ အမျိုးသား လိုအပ်ချက်အရ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဆောင်ရွက်တဲ့နေရာမှာ အရင်းအနှီး လာရောက်မြှုပ်နှံရေးကို ထိခိုက်တဲ့ အမေရိကန်နဲ့ အီးယူနိုင်ငံတွေ အပါအ၀င် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုကို ပြန်လည်ရုတ်သိမ်းပေးဖို့ အဲဒီနိုင်ငံတွေကို ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်းအဆိုပေါ့။ အဲဒီအဆိုမျိုးတွေ တင်ဖို့တော့ ကျနော်တို့ ပြင်ဆင်ထားပါတယ်။”
လက်ရှိအခြေအနေမှာတော့ နအဖစစ်အစိုးရက ၂၂ နှစ်တာကာလအတွင်း ပထမဆုံး လွှတ်တော်အဖြစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှာ စတင်ခေါ်ယူဖို့ ကြေညာထားပြီး ဖြစ်သလို လွှတ်တော်ခေါ်ယူရေးနဲ့ဆိုင်တဲ့ ဥပဒေ၊ နည်းပဒေတွေကို ထုတ်ဝေပြီး အရွေးချယ်ခံကိုယ်စားလှယ်တွေကို ဇန်န၀ါရီ ၂၇ နောက်ဆုံးထားပြီး နေပြည်တော်ကို လာရောက် သတင်းပို့ကြဖို့ ကြေညာထားပါတယ်။
Leave a Reply