ဘာသာရေး, ယဉ်ကျေးမှု, လူမှုရေး, လွှတ်တော်ကိုယ်စားလှယ်များ, သတင်း

သာသနာ့နုဂ္ဂဟအသင်းကို ဇေကမ္ဘာဦးခင်ရွှေ ဥက္ကဋ္ဌအဖြစ် ဖွဲ့စည်းလုပ်ဆောင်


အံ့ဘုန်းမြတ် ၁၁ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)

ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက စတင်ဖွဲ့စည်းခဲ့တဲ့ သာသနာ့နုဂ္ဂဟအသင်းကို ကြံ့ခိုင်ရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာဦးခင်ရွှေက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဖွဲ့စည်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သာသနာတော်ထွန်းကားပြန့်ပွားရေးအသင်းလို့အဓိပ္ပာယ်ရတဲ့ သာသနာ့နုဂ္ဂဟအသင်းကို ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ညွှန်ကြားချက်တွေနဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပြီး လက်ရှိအခြေအနေ မှာတော့ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်တွေမှာ ဗဟိုအဆင့်ကနေ မြို့နယ်၊ ကျေးရွာအဆင့်အထိ အသင်းခွဲတွေ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီအသင်းရဲ့ ခေါင်းဆောင်တွေအဖြစ် မြန်မာနိုင်ငံက ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်တွေနဲ့ နိုင်ငံတော်က ဘွဲ့တံဆိပ်ပေးအပ်ထားသူတွေ ဦးဆောင်ပါဝင်ပြုလုပ်နေကြတာဖြစ်တယ်လို့ ဒီအသင်းရဲ့ ဥက္ကဋ္ဌ ဇေကမ္ဘာဦးခင်ရွှေက ဆိုပါတယ်။

“နိုင်ငံတော်က ဖွဲ့ပေးလိုက်ပါတယ်။ လွန်ခဲ့တဲ့ တနှစ်လောက် ဖွဲ့ပြီးတော့ အန်ကယ်တို့က အဓိကအားဖြင့် ပုံသေစည်းအဖွဲ့တွေပေါ့။ အဲဒါတွေနဲ့ ဗဟိုမှာတော့ ဖွဲ့ပြီးပြီ။ နောက်ပိုင်း ပြည်နယ်တွေမှာ လိုက်ဖွဲ့တယ်။ ရန်ကုန်ဆို ကျေးရွာအထိ၊ ရခိုင်ဆို ကျေးရွာအဆင့် မြို့နယ်အဆင့်ထိ ဖွဲ့ပြီးပြီ။ အခုလို မတိုးနိုင်တဲ့ ဒေသတွေမှာ အန်ကယ်တို့ စီးပွားရေးသမားတွေက ကိုယ့်ဘာကို အလှူငွေခံပြီးတော့ အဲဒါကို လိုက်တိုးသွားမယ်။ လွန်ခဲ့တဲ့ လေးငါးလတုန်းက အန်ကယ်အလှူခံလိုက်တာ သိန်း ၃၀၆၀ ထည့်တယ်။ ထည့်တဲ့အချိန်မှာ သိန်းတသောင်းနဲ့ လေးထောင် တရက်တည်းနဲ့ ရတယ်။ အဲဒါနဲ့ လိုက်လုပ်ပေးနေတယ်။”

ဒီအသင်းအနေနဲ့ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားရေးတွေကို ဦးစားပေးလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ဦးခင်ရွှေက ဆိုပါတယ်။

“တခြားဘာသာတွေက ငွေရှိတော့ စည်းရုံးရေးနဲ့ လှည့်နေတော့ ရာနှုန်းတော်တော်များများ ပဲ့ကုန်တယ်။ ဟိုတုန်းက ၀ိုင်အမ်စီအေ ကြားဖူးမှာပေါ့။ ဆရာဦးသွင်တို့ လုပ်ခဲ့တဲ့ အသင်းမျိုး အခုအန်ကယ်က ဦးစီးပြီး ပြန်လုပ်နေတယ်။”

သာသနာ့နုဂ္ဂဟအသင်းအနေနဲ့ ဦးစားပေးလုပ်ဆောင်မယ့် လုပ်ငန်းစဉ်အချို့ကိုလည်း ဦးခင်ရွှေက အခုလို ပြောပြပါတယ်။

“သူတို့အတွက် ကျောင်းတွေ၊ ဓမ္မစကြာတွေ၊ နောက် ဘုန်းတော်ကြီး စာသင်ကျောင်းတွေပေါ့။ ကလေးတယောက်က ကျောင်းမနေဘူးဆိုရင် လူဆိုးလူမိုက် ဖြစ်သွားမယ်။ စားဝတ်နေရေးကလည်း မပြေလည်ရင် ကျောင်းနေလို့ မရဘူး။ အဲတော့ ဘုန်းကြီးကျောင်းတွေမှာ လိုက်သင်ဖို့ လုပ်နေတယ်။ အဲတော့ သူတို့ ထမင်းလည်း စားမယ်၊ စာလည်းသင်ရမယ်၊ အဲဒါမျိုးလည်း အန်ကယ်တို့ ရည်ရွယ်ချက် ရှိတယ်။ နောက် ဆွမ်းကြီးလောင်းအသင်းတွေ၊ ဘာသာရေးနဲ့ ပတ်သက်လို့ ဟိုတုန်းက ဓမ္မစကြာတို့ ပြည်သူ့နီတိတို့ ရှိတယ်။ အခုက သိပ်မရှိတော့ အဲဒါတွေကအစ ယောဂီဝတ်စုံတွေဝတ် ကျောင်းတွေပျံ့နှံ့အောင် အန်ကယ်လိုက်လုပ်နေတာ။”

အသစ်ဖွဲ့စည်းလိုက်တဲ့ သာသနာ့နုဂ္ဂဟအသင်းကြီးဟာ ရွေးကောက်ပွဲမတိုင်ခင် ကာလ အချိန်တွေမှာ လူမှုရေးအသင်းအဖွဲ့အဖြစ်ကနေ နိုင်ငံပါတီအဖြစ် အသွင်ကူးပြောင်းသွားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းရဲ့ နေရာအတွက် အစားထိုးဖွဲ့စည်းထား တာဖြစ်တယ်လို့ အချို့က ဝေဖန်ပြောဆိုနေပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: