အံ့ဘုန်းမြတ် ၁၁ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)
၂၀၁၀ ရွေးကောက်ပွဲအတွင်း မဲမသမာမှုတွေနဲ့ ပတ်သက်ပြီး စစ်ဆေးဖော်ထုတ်ပေးရေးအတွက် လွတ်လပ်တဲ့ စုံစမ်းစစ် ဆေးရေးကော်မတီတရပ်ဖွဲ့စည်းပေးဖို့ နိုင်ငံရေးပါတီနှစ်ခုဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပြည်ထောင်စုမြန်မာနိုင်ငံနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်က တောင်းဆို လိုက်ပါတယ်။
ဒီတောင်းဆိုချက်တွေပါဝင်တဲ့ စာတစောင်ကို လည်း ရွေးကောက်ပြုလုပ်ပေးခဲ့တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကို ဒီလ ၁၀ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ တောင်းဆိုခဲ့ပါတယ်။ ဒီလို တောင်းဆိုခဲ့တာနဲ့ပတ်သက်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က အခုလိုပြောပါတယ်။
“ကျနော်တို့ ၀င်ပြိုင်တဲ့ မဲဆန္ဒနယ် ၄၆ နေရာနဲ့ ဦးရဲထွန်း ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ ပါတီ သူက ၃၉ နေရာပေါ့။ အဲဒီနေရာတွေမှာ ကျနော်တို့ ရွေးကောက်ပွဲ ဥပဒေတွေ နည်းဥပဒေတွေအရ တိတိကျကျ လိုက်နာပြီးတော့ မြို့နယ်ကော်မရှင် အဖွဲ့ခွဲတွေနဲ့ ရပ်ကျေးကော်မရှင် အဖွဲ့ခွဲတွေက မလုပ်ဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လွတ်လပ်ပြီး တရားမျှတခြင်းနဲ့ ဥပဒေကို လိုက်နာခြင်း မလိုက်နာခြင်း ရှိတယ်မရှိဘူးဆိုတာ ကျနော်တို့ ပြည်သူတွေမှာ မပြောရဲမဆိုရဲ မပြောနိုင် မဆိုနိုင်ဖြစ်နေတယ်။ ဘာပဲပြောပြော လက်ရှိအုပ်ချုပ်နေတဲ့ တိုင်းပြည်ကို တာဝန်ယူထားတဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီဥပဒေတွေကို သူကိုယ်တိုင် လက်မှတ်ထိုးထုတ်ခဲ့တာဆိုတော့ ဒီဥပဒေတွေကို ယုံကြည်တဲ့လူတွေဘက်က သူက မားမားမတ်မတ် ရပ်ပေးဖို့ လိုတာပေါ့။ အဲဒါကို ကျနော်တို့က ဒီနေ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ကိုရဲထွန်း လက်မှတ်ထိုးပြီးတော့ တစောင်တင်တယ်။ ကျနော်တို့လည်း တစောင်တင်လိုက်တယ်။”
ရွေးကောက်ပွဲကာလအတွင်း မဲမသမာမှုတွေနဲ့ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ ဆန္ဒထုတ်ဖော်ပြောဆိုနိုင်ဖို့ အခြေအနေမရှိတာကြောင့် အစိုးရကိုယ်တိုင်က အထူးစုံစမ်း စစ်ရေးကော်မတီတရပ်ဖွဲ့စည်းပြီး စစ်ဆေးဖို့ တောင်းဆိုရတာဖြစ်တယ် လို့လည်း ဦးအေးလွင်က ပြောပါတယ်။
“လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တရပ်ကို နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပေးပြီး ရွေးကောက်ပွဲကာလတုန်းက မသမာမှုတွေကို လွတ်လပ်စွာ ထုတ်ဖော်နိုင်ရင်တော့ တပ်မတော် အနေနဲ့ တာဝန်ယူရာ ရောက်မှာပေါ့။ အဲလိုမှ မဟုတ်ဘူးဆိုရင်တော့ တပ်မတော်အုပ်ချုပ်တဲ့ ကာလ တလျှောက်က ပြီးသာသွားတယ် နောက်ဆုံး လုပ်ချင်တာ လုပ်သွားတယ်ဆိုတဲ့ သမိုင်းကြီး ကျန်ခဲ့မှာပေါ့။ အဲဒါလည်း ကျနော်တို့က မဖြစ်စေချင်ဘူး။ တပ်မတော်ကိုလည်း သမိုင်းကြောင်းအရ လှစေချင်တယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကိုလည်း သမိုင်းကြောင်း လှသွားစေချင်တယ်။ ရှေ့ဆက်သွားတဲ့ နိုင်ငံရေးကလည်း ဘာပဲပြောပြော ဖြောင့်ဖြောင့်ဖြူဖြူ ဖြစ်သွားစေချင်တာ။”
ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်က ကိုယ်စားလှယ် (၄၆) ဦးနဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပြည်ထောင်စုမြန်မာနိုင်ငံက ကိုယ်စားလှယ် (၃၉) ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ၁ ဦးစီကိုသာ ရွေးကောက် တင်မြှောက်ခံခဲ့ရပါတယ်။
Leave a Reply