မောင်မောင် (ခ) ကျော်သူ
နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စရပ်များ ဖြစ်ပေါ်လာပါကသက်ဆိုင်ရာသုဿန်များသို့ ရုပ်အလောင်းများသယ်ဆောင်မှုများပြုလုပ်ပေးရာတွင် အသက် (၈၀) နှစ် အထက် ဘ၀ပြောင်းသွားသော လူတို့အားဂျပန်နိုင်ငံတွင် အသုံးပြုလျှက်ရှိသောနိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သယ်ယူပို့ဆောင်ပေးလျှက် ရှိပါသည်။ အသက် (၈၀) နှစ်အောက် ဘ၀ပြောင်းသွားသော လူတို့အား ISUZU, TOYOTA (Hilux) စသည့် နိဗ္ဗာန်မော်တော်ယာဉ်များဖြင့် သယ်ယူပို့ဆောင် ကူညီဖေးမလျှက် ရှိသည့်အပြင် ဘ၀နတ်ထံပျံလွန်တော်မူသွားသော ဆရာတော် သံဃာတော်ကြီးများအားဂျပန်နိုင်ငံတွင် အသုံးပြုသော LINCON နိဗ္ဗာန်မော်တော်ယာဉ်ဖြင့် ကူညီဖေးမကုသိုလ်ယူလျှက် ရှိသည်။ အထူးအားဖြင့် နိုင်ငံ့ဂုဏ်ဆောင်ပုဂ္ဂိုလ်ကြီးများ၊ ပြည်သူ့အကျိုးပြု အနုပညာရှင်များ ဘ၀ပြောင်းသွား သောအခါ ချွင်းချက်အနေဖြင့် အထူးနိဗ္ဗာန်မော်တော်ယာဉ်ဖြင့် သယ်ယူပို့ဆောင် သဂြိုလ်ပေးခြင်း၊ အအေးခန်းသို့ ပို့ဆောင်ပေးခြင်းများကို ပြုလုပ်ပေးဆပ်လျှက်ရှိသည်။
ယနေ့ နံနက် (၆း၃၀) နာရီတွင် ဒါရိုက်တာ၊ စာရေးဆရာ ကိုဝဏ္ဏတစ်ယောက် ကွယ်လွန်သွားပြီဟူသောသတင်းကို ကိုဝဏ္ဏ၏ တူဖြစ်သူဖိုးသောကြာမှ သတင်းပေးပို့သည့်အတွက် လိုအပ်သောစာရွက်စာတမ်းများကို လျင်မြန်စွာရရှိရန် ပြောကြားပြီးနာရေးကူညီမှုအသင်း(ရန်ကုန်) မှ နိုင်ငံ့ဂုဏ်ဆောင် ပြည်သူ့အကျိုးသယ်ပိုးပေးခဲ့သော (သဘာဝအုပ်စု) ၏ စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅) နှစ် ရုပ်အလောင်းအား ရေဝေးသုဿန်အအေးခန်းသို့ သယ်ဆောင်ရန်အတွက် အထူးနိဗ္ဗာန်မော်တော်ယာဉ်အားအဆင်သင့်ဖြစ်ရန် မှာကြားခဲ့သည်။
နံနက် (၁၀း၀၀) နာရီခန့်တွင် မီးသဂြိုလ်ခွင့်၊ အအေးခန်းထားရှိခွင့် သချိုင်းလက်မှတ်အားရရှိပြီဟု ပြန်လည်အကြောင်းကြားသည့် အတွက် ကျွန်တော် ကျော်သူနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဇင်ထွန်းအောင်နှင့် ကျော်ဟိန်းတို့နှင့်အတူအထူးနိဗ္ဗာန်မော်တော်ယာဉ်ကြီးဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သာဓုခြံနေအိမ်မှ သွားရောက် သယ်ဆောင်ခဲ့ကြသည်။
သယ်ဆောင်ခဲ့ရာလမ်းတစ်လျှောက် ကျွန်တော်မှ ကိုဝဏ္ဏနှင့် တွေ့ဆုံခဲ့ပုံများ၊ ကိုဝဏ္ဏမှ ကျွန်တော့်အားရုပ်ရှင်လောကထဲသို့ ပထမဦးဆုံးပို့ဆောင်ရန် ကြိုးစားခဲ့ပုံများ၊ ကိုဝဏ္ဏ၏ ရိုက်ကွင်းများသို့ ကျွန်တော်ကိုယ်တိုင် ရုပ်ငြိမ်ဓါတ်ပုံရိုက်ရန် အကြောင်းပြပြီးကျောင်းပိတ်ရက်များတွင် ရှမ်းပြည်ဘက်သို့ လိုက်သွားပုံများ (ဖြတ်လျှောက်အခန်းများနှင့် ဇာတ်ပို့ခန်းများ) တွင် ကျွန်တော့် ၏ မိဘများမသိအောင် ၀င်ရောက်ရိုက်ကူးခဲ့ပုံများ၊ “ပန်းတွေနဲ့ဝေ” ရုပ်ရှင်ဇာတ်ကားကြီးအားဗီဒီယိုအဖြစ် ပြန်လည်၍ အသက်သွင်းရိုက်ကူးခဲ့ရာတွင် ဒါရိုက်တာကိုဝဏ္ဏက ကျွန်တော့်အားအဓိကဇာတ်ကောင်အဖြစ် အသုံးပြုခဲ့ပုံများစသည့် လွမ်းမောဖွယ်ရာ ဖြစ်ရပ်များကိုပြောကြားခဲ့သည်။
ရေဝေးသုဿန်သို့ ရောက်လုနီးနီးမြောက်ဥက္ကလာပ၊ ကန်သာယာလမ်းဆုံတွင် လူနေအိမ်များ၊ ဈေးဆိုင်တန်းများအရှေ့တွင် အထူးနိဗ္ဗာန်မော်တော်ယာဉ် နောက်ဘီးဟက်တက်ကွဲသွားတော့သည်။ (ယင်းကဲ့သို့ ကျွန်တော် တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များတွင် ရုပ်အလောင်းသယ်ဆောင်ရာ၌ နိဗ္ဗာန်မော်တော်ယာဉ်လမ်းခုလတ်တွင် စက်ချို့ယွင်းခြင်းကြောင့် ရပ်နားသွားရသည့် အခါများတွင် “ဟေ့ … မနောက်နဲ့ကွာ။
ခင်ဗျားတို့အတွက် အဆင်ပြေအောင် လုပ်ပေးနေတာကူညီကြပါကွာ” ဟုပြောဆိုလိုက်ပါကတနည်းမဟုတ် တနည်းစက်ပြန်လည် ကောင်းမွန်သွားပြီးသက်ဆိုင်ရာသုဿန်သို့ ရောက်ရှိပို့ဆောင် ပေးနိုင်ခဲ့သည်။) ယခု ကိုဝဏ္ဏ၏ နောက်ဆုံးခရီးလမ်းကြောင်းတွင် “ကိုဝဏ္ဏရေ … မနောက်ပါနဲ့ဗျာ” ဟုပြောဆို၍ မရနိုင် တော့ချေ။ ပေါက်ကွဲသွားသောနိဗ္ဗာန်မော်တော်ယာဉ် ဘီးမှာလည်း ပြန်လည်၍ အလိုလိုကောင်းမွန် လာမည်မဟုတ်။ ထို့ကြောင့် အသင်းရုံးချုပ်သို့ ဆက်သွယ်ပြီးနိဗ္ဗာန်မော်တော်ယာဉ် (အသက် ၈၀ နှစ် အောက် အသုံးပြုသောနိဗ္ဗာန်ယာဉ်) အားအမြန်ဆုံးလာရောက်ရန် ခေါ်ယူခဲ့သည်။ မြောက်ဥက္ကလာမြို့နယ်၊ ကန်သာယာရပ်ကွက်မှ မိဘပြည်သူများ၊ TAXI အငှားယာဉ်မောင်းဆရာများကလည်း ၀ိုင်းဝန်း၍ အကူအညီများပေးကြသည်။ ဤသည်မှာ မြန်မာလူမျိုးတို့၏ အယူသီးမှုကိုတိုက်ဖျက်ကြသည့် ချစ်စရာဓလေ့တစ်ခုပင် ဖြစ်သည်။
အချိန်အနည်းငယ်အတွင်းရောက်ရှိလာသောနိဗ္ဗာန်မော်တော်ယာဉ်ပေါ်သို့ ကိုဝဏ္ဏ၏ ရုပ်အလောင်းအား ၀ိုင်းဝန်းပြီး အထူးနိဗ္ဗာန်မော်တော်ယာဉ်ပေါ်မှ ပြောင်းရွှေ့သယ်ဆောင်ခဲ့ကြသည်။ ရောက်ရှိလာသောအသက် (၈၀) နှစ်အောက် သယ်ဆောင်သောနိဗ္ဗာန်မော်တော်ယာဉ်ဖြင့် ရေဝေး သုဿန်အအေးခန်းသို့ ပို့ဆောင်ပေးနိုင်ခဲ့တော့သည်။ ကျွန်တော်၏ အတွေးထဲတွင် စာရေးဆရာ၊ ဒါရိုက်တာ
ကိုဝဏ္ဏသည် ဖခင်ဖြစ်သူဦးသာဓုထူထောင်ခဲ့သော သဘာဝအုပ်စု၏ အစ်ကိုအကြီးဆုံး ဖြစ်သည်နှင့်အညီအများနည်းတူ သဘာဝကျကျ နောက်ဆုံးခရီးကိုသွားချင်ခဲ့သူတစ်ဦးများ ဖြစ်လေ ပြီလားဟု . . . . ။
လေးစားဦးညွှတ်လျှက်
ညီငယ် – မောင်မောင် (ခ) ကျော်သူ
စာရေးဆရာ၊ ဒါရိုက်တာ ကိုဝဏ္ဏ အသက် (၆၅) နှစ်၏ ဈာပနအခမ်းအနားအား ၁၃.၁.၂၀၁၁ (ကြာသပတေး) နေ့ နေ့လည် (၃း၀၀) နာရီအချိန်တွင် ရေဝေသုဿန်၌ မီးသဂြိုလ်ခြင်းအခမ်းအနားကျင်းပမည် ဖြစ်ပါသည်။
Leave a Reply