မြန်မာ့စာပေလောကနဲ့ ရုပ်ရှင်လောကတွေမှာ ထင်ရှားသူတဦးဖြစ်တဲ့ စာရေးဆရာ၊ ဒါရိုက်တာ မောင်ဝဏ္ဏ ဒီကနေ့ နံနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ဆရာမောင်ဝဏ္ဏဟာ အဆုပ်ကင်ဆာရောဂါကို တနှစ်လောက် အပြင်းအထန်ခံစားရပြီးတဲ့နောက် ၂၀၁၁ ခုနှစ်၊ ဇန်န၀ါရီလ ၁၁ နေ့ နံနက် ၄း၂၀ နာရီတွင် သင်္ကန်းကျွန်းမြို့နယ်၊ သာဓုခြံနေအိမ်မှာ ကွယ်လွန်ခဲ့ရတာလဲဖြစ်ပါတယ်။
ဆရာမောင်ဝဏ္ဏရဲ့ ကျွင်းကျန်ရဲ့ ရုပ်အလောင်းကို လာမယ့် ၁၃ ရက်နေ့ နေ့လယ်တွင် ရေဝေးသုသာန်မှာ ဈာပဏပြုလုပ်မှာ ဖြစ်ပါတယ်။
ဆရာမောင်ဝဏ္ဏကို ၁၉၄၇ ခုနှစ်၊ ဇန္န၀ါရီလ(၁၉) ရက်နေ့တွင် ရန်ကုန်မြို့၌ အဖ-စာရေးဆရာ ဒါရိုက်တာ ဦးသာဓု၊ အမိ-ဆရာမကြီးဒေါ်ခင်ညိုတို့က မွေးဖွားခဲ့ပြီး မွေးချင်း(၄)ယောက်ထဲမှာ ဒုတိယမြောက် သားဖြစ်ကာ ကွယ်လွန်ချိန်မှာ အသက် (၆၄) နှစ်ပြည့်ဖို့ ရက်ပိုင်းသာ လိုပါတော့တယ်။ စာရေးဆရာဒါရိုက်တာ မောင်ဝဏ္ဏဟာ ကွယ်လွန်ချိန်မှာ ဒေါ်ချိုချိုရည်နှင့် သားသမီး(၃)ဦးထွန်းကား ကျန်ရစ်ခဲ့ပါတယ်။

ဆရာမောင်ဝဏ္ဏဟာ ငယ်စဉ်က စိန်ပေါလ်ကျောင်း (ယခု အထက ၆ ဗိုလ်တထောင်) မှာ သူငယ်တန်းမှစပြီး အထက်တန်းအထိ ပညာသင်ကြားခဲ့ပါတယ်။ မက်ထရစ်တန်းကို အပြင်ကနေ အလွတ်ဖြေဆို အောင်မြင်ခဲ့ပြီး ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်မှ ”ဒဿနိကဗေဒ” အဓိက ဘာသာရပ်ဖြင့် ၀ိဇ္ဇာဘွဲ့ရရှိခဲ့ပါတယ်။
၁၉၆၉ – ”သိုင်းသမား” ရုပ်ရှင်ဇာတ်ညွှန်း ရေးသားခဲ့ပြီး ၁၉၇၀ ခုနှစ်မှာ ”ကတ္တီပါဖိနပ်စီး-ရွှေထီးဆောင်း” ရုပ်ရှင်ကားကို ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားနဲ့ပဲ ရုပ်ရှင်လောကကို ဒါရိုက်တာအဖြစ် ရောက်ရှိခဲ့သလို ၁၉၇၁ မှာ ဒီရုပ်ရှင်ကားနဲ့ပဲ ၁၉၇၀ ခုနှစ်အတွက် အကယ်ဒမီ ဒါရိုက်တာဆု ချီးမြှင့်ခံခဲ့ရပါတယ်။
၁၉၇၂ ခုနှစ်မှာ ”လေထဲက အိပ်မက်ကလေး” ၀တ္ထုကို ”ရှုမ၀မဂ္ဂဇင်း” မှာ ရေးသားကာ စာပေလောကထဲ ရောက်ရှိခဲ့ပါတယ်။ ဒီနှစ်မှာပဲ ”ဇာခန်းဆီးနောက်ကွယ်မှာ” ရုပ်ရှင်ကားကို ရိုက်ကူးခဲ့ပါတယ်။
၁၉၇၃ ခုနှစ်မှာတော့ ”ခြေဖ၀ါးတော်နုနု”ရုပ်ရှင်ကားနှင့် ”နှောင်းတမြေ့မြေ့” ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့ပါတယ်။
၁၉၇၅ ခုနှစ်မှာတော့ ”ပန်းတွေနဲ့ဝေ” စာအုပ်ထွက်ရှိခဲ့ပြီး ၁၉၇၆ ခုနှစ်မှာတော့ အဲ့ဒီ ”ပန်းတွေနဲ့ဝေ” ၀တ္ထုကို ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။ ဒီခုနှစ်မှာပဲ ဇနီးသည် ဒေါ်ချိုချိုရည်နှင့် အိမ်ထောင်ပြုခဲ့ပြီး ”ချစ်တဲ့သူငယ်လေ” ၀တ္ထု ကိုရေးသား၊ ရုပ်ရှင်ရိုက်ကူးခဲ့ပါတယ်။ ၁၉၇၇ – ”ချစ်တဲ့သူငယ်လေ” စာအုပ်နဲ့ ၁၉၇၉ ခုနှစ်တွေမှာ ”အိပ်မက်စိမ်း” လုံးချင်းဝတ္ထုထွက်ရှိခဲ့ပါတယ်။
၁၉၈၀ ခုနှစ်မှာတော့ ”တက္ကသိုလ်လွမ်းချင်း” ၀တ္ထုထွက်ရှိပြီး ”ကျေနပ်ဖို့အကြောင်း တောင်းပန်ချင်သည်” ၀တ္ထုကို ဆရာငြိမ်းကျော်နှင့်တွဲဖက်ပြီး ၀တ္ထုရှည်ထွက်အဖြစ် ထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ”မောင်စိန်သောင်း၊ မနှင်းရည်”ကို ဇာတ်ကောင်ပြုပြီး မဂ္ဂဇင်းတွေမှာ ရေးသားခဲ့ပါတယ်။
၁၉၈၁ ခုနှစ်မှာတော့ ”မောင်” ၀တ္ထုရှည်၊ ”အရွယ်လွန်” ၀တ္ထုရှည်တွေ၊ ၁၉၈၄ မှာတော့ ”လှပါတယ် မသီတာ”၊ ”ရည်းစားစကား”၊ ”ချစ်ခင်စမှော်ရုံမှာလေ” ၀တ္ထုရှည်တွေ၊ ၁၉၉၀ ခုနှစ်မှာတော့ ”ခုနစ်စဉ်အလွမ်း” ရုပ်ရှင်ဖြင့် ဒုတိယအကြိမ် ဒါရိုက်တာအကယ်ဒမီဆုရရှိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ”ရယ်စရာမောစရာ” ရုပ်ရှင်ကား။ ”ရင်ထဲကဆောင်းရာသီ” ရုပ်ရှင်ကားများရိုက်ကူးခဲ့ပါတယ်။ ဆရာမောင်ဝဏ္ဏဟာ ၂၀၀၅ မှာတော့ ”အပြင်းပြေဖတ်ဖို့ ဖီလော်ဆော်ဖီ” စာအုပ်နဲ့ ”ရင်တွေခုန်နေသည်” လုံးချင်းဝတ္ထုရှည်၊ ”ဒုက္ခကို မြိန်ရေရှက်ရေ ခံစားနေသော မောင်ဝဏ္ဏ” ၀တ္ထု ရှည်။ ”မင်းကိုကိုယ်ချစ်တယ်” ၀တ္ထုရှည်။ ”ကံကောင်းတယ်ဆိုတာဘာလဲ” (ဘာသာပြန်) စတဲ့ စာအုပ်များတွေ ထွက်ရှိခဲ့ပါတယ်။
Leave a Reply