အံ့ဘုန်းမြတ် ၁၀ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)
စစ်အုပ်ချုပ်ရေးနဲ့ နိုင်ငံကို နှစ် ၂၀ ကျော် အုပ်ချုပ်နေတဲ့ နအဖစစ်အစိုးရက ၂၂ နှစ်ကျော်ကာလအတွင်း ပထမဆုံးအနေနဲ့ လွှတ်တော်အရပ်ရပ်ကို လာမယ့် ၃၁ ရက်နေ့မှာ စတင်ခေါ်ယူတော့မယ်လို့ ကြေညာလိုက်ပါပြီ။ နအဖစစ်အစိုးရအနေနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး လွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပုဒ်မ ၄၄၃ နဲ့ ၁၂၃ တို့အရ လာမယ့် ၃၁ ရက်နေ့၊ နံနက် ၈ နာရီ ၅၅ မိနစ်မှာ စတင်ခေါ်ယူမယ်လို့ ဒီကနေ့မှာ ကြေညာလိုက်တာပါ။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မယ့် နေ့မတိုင်ခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည်ဖော်ရေး အတွက် ကြိုတင်ဆောင်ရွက်တဲ့ လုပ်ငန်းတွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆောင်ရွက်တယ်လို့ မှတ်ယူရမယ်ဆိုတဲ့ အချက်နဲ့ ခေါ်ယူလိုက်တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ပုဒ်မ ၁၂၃ အရလည်း ပြည်သူ့လွှတ်တော်ရဲ့ သက်တမ်းတရပ် စတင်တဲ့ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို အထွေထွေရွေးကောက်ပွဲ စတင်ကျင်းပတဲ့နေ့ရက်ကနေ ရက်ပေါင်း ၉၀ အတွင်း ကျင်းပရမယ်ဆိုတဲ့ ဥပဒေပါ ပြဌာန်းချက်တွေနဲ့ ကိုက်ညီမှုတွေ ရှိပေမယ့်လည်း လွှတ်တော်ခေါ်ယူရေး ဥပဒေပုဒ်မ ၁၂၄ (က) အရ ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်ပြီးနောက် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ခေါ်ယူကျင်းပရမယ်ဆိုတဲ့ ဥပဒေကိုတော့ လိုက်နာခြင်းမရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုပထမဆုံးအကြိမ်လွှတ်တော် ခေါ်ယူတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလေးအနက်မထားဘဲ လွှတ်တော်ခေါ်ယူလိုက်တဲ့အပေါ်ကို ပြည်ထောင်စုဒီမို ကရေစီပါတီ ဥက္ကဋ္ဌသစ် ဦးသိန်းတင်အောင်က ခုလို သုံးသပ်ပါတယ်။
“နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ မတည်ခင်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကောင်အထည်ဖော်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၄၄၃ ကို သုံးစွဲပြီးတော့ လုပ်လို့ရတယ်လို့တော့ ဖော်ပြထားတယ်။ ဒါပေမယ့် အဲဒီဟာက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဌာန်းချက် မရှိရင်တော့ အဲဒီ ပုဒ်မ ၄၄၃ ကို သုံးပြီးခေါ်လို့ရမှာပေါ့။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှတ်တော်ခေါ်ယူရေး ပြဌာန်းချက်ကြီးက အခိုင်အမာရှိနေတော့ ပြဌာန်းချက်နဲ့ အညီလုပ်ရမှာပေါ့။ တခြားပုဒ်မတခုကို သုံးပြီးတော့ ကျော်ခေါ်လို့မှ မရဘဲ။ ဒါပေမယ့် အဲဒီ ၁၂၄ (က) က ခေါ်လို့မရဘူး ဆိုရင်လည်း ဖြေရှင်းချက်နဲ့ လုပ်ရမှာပဲ။ ဒီတိုင်းမသိလိုက် မသိဖာသာ ကျော်လုပ်တယ်ဆိုရင်တော့ အခြေခံဥပဒေ ပြဌာန်းချက်ကို ကျော်လုပ်တယ်လို့ပဲ ကျနော်တို့က နားလည်တာပေါ့။”
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဦးအေးလွင်ကတော့ ခုလို ကြိုဆိုလိုက်ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်ထောင်စုလွှတ်တော် အစည်းအဝေး လုပ်ပြီဆိုတဲ့အခါကျမှ အသက်ဝင်မှာကို။ အဲတော့ မြန်မာနိုင်ငံအနေနဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေအသက်ဝင်ခြင်းက စစ်အုပ်ချုပ်ရေး ရပ်စဲခြင်းပဲလေ။ ကျနော်တို့အနေနဲ့က လွှတ်တော်ခေါ်တာကို ကျနော်တို့လက်ခံတယ်။ ဥပဒေနည်းဥပဒေပါ ပြဌာန်းချက်တွေကို တော့ သူတို့ လိုက်လျောညီထွေ လုပ်မှာပါ။ ဒီမတိုင်ခင်က ရွေးကောက်ပွဲ ဖြတ်သန်းမှုမှာက မသမာမှုတွေ ရှိတာက ရှိတာပေါ့။ အဲဒါတွေလည်း သီးခြားပေါ့နော်။ လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် တက်ပြီးတော့ ကိုယ်စားလှယ်အဖြစ် စပြီးဆောင်ရွက်နေကြတဲ့နေရာမှာ သူတို့ကို လွှတ်တော်ကိုယ်စားလှယ် အဖြစ်က ပျက်ပြယ်သွားရင် ထိုင်ခုံလွှတ်သွားမှာပေါ့။ အစားထိုးရွေးကောက်ပွဲတွေ ကြားဖြတ် ရွေးကောက်ပွဲတွေတော့ ပရိုစီဂျာတွေအတိုင်း လုပ်သွားရမယ့်ဟာတွေပါ။”
ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေထဲက ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်သလို စစ်တွေမြို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က
“အချိန်လုံလောက်မှုကတော့ ၃၁ ရက် ဇန်န၀ါရီဆိုတော့ လာမယ့်ဖေဖော်ဝါရီ ၇ ရက် ဆိုရင် ရက်ပေါင်း ၉၀ ပြည့်တော့မှာလေ၊ ကျနော်တို့ဘက်က ပြင်ဆင်ချိန်လေးတွေတော့ လိုတာပေါ့။ ပါလီမန်အသစ်၊ အခင်းအကျင်းအသစ်ပဲလေ ကျနော်တို့ မီးစင် ကြည့်ကရမယ့် ပုံစံမျိုးတွေ ရှိတာပေါ့။ ဘာဘဲဖြစ်ဖြစ် ကျနော်တို့ ဘက်က အဆိုတင်သွင်းတာတွေကို အချက်တွေနဲ့ တင်သွင်းမှာပေါ့။ အဆိုတင်သွင်းပြီးမှ ဥပဒေပြုခြင်း ကိစ္စတွေက ဖွဲ့စည်းပုံအရ ပါလီမန်မှာ ဥပဒေပြုရေးတွေက ဆက်လုပ်သွားမှာပါ။”
အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီရဲ့ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဦးမြတ်ဉာဏစိုးကတော့ လွှတ်တော် ခေါ်လိုက်တဲ့အပေါ် ခုလို ဆိုပါတယ်။
“ကျနော်တို့ကို ၃၁ရက်နေ့မှာခေါ်မယ်ဆိုရင် အနည်းဆုံး ၂ ပတ်လောက်တော့ ကြိုတင်ပြီးတော့ ဖိတ်စာပို့ရပါမယ်။ အဲဒီဖိတ်စာပို့ဖို့အတွက်ကတော့ ကျနော်တို့ လက်ထဲကို ဘာမှမရောက်သေးဘူး။ ဘာမှမဆက်သွယ်သေးပါဘူး။ မီဒီယာတွေက သက်ဆိုင်ရာကော်မရှင်တွေကို တိုင်းကော်မရှင် အဖွဲ့အစည်းတွေကို စုံစမ်းမေးမြန်းတာ ရှိပါတယ်။ ဒီကိစ္စကတော့ မီဒီယာကနေတဆင့် ပြန်ကြားတာပါ။ တိုင်းကော်မရှင် အဖွဲ့အစည်းတွေမှာလည်း ကျနော်တို့စီ ဘာမှ ဖိတ်ကြားတာတွေ မရောက်သေးဘူး ဆိုတာ သိထားပါတယ်။”
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာဦးခင်ရွှေကလည်း လွှတ်တော်ခေါ်ယူတဲ့အပေါ်
“နေပြည်တော်မှာ လွှတ်တော်သုံးရပ်အတွက် အခန်းသုံးခန်းရှိတော့ တပြိုင်နက်တည်း စုထားလို့ရတာပေါ့။ ပြောထားတဲ့အတိုင်း ရက် ၉၀ ပြည့်သွားတယ်ပေါ့။ ရက် ၉၀ က ဖေဖော်ဝါရီလထဲ ပြည့်မယ်ဆိုတော့ ကတိအတိုင်း လုပ်ပေးတဲ့သဘောပါ။ အားလုံးတော့ တက်ကြမှာပါ။ တက်ပြီးတော့မှ အဲဒီမှာ လိုအပ်တာတွေကို ဘယ်လို လုပ်ကြမယ်ဆိုတာ ၀ိုင်းဝန်း အကြံပေးကြမယ်။ ဘာဂိုက်လိုင်းမှ မရှိပါဘူး။ ကိုယ့်ဘာကို ဒီမိုကရေစီပဲ။”
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရအနေနဲ့ လွှတ်တော်ခေါ်ယူမယ့်နေ့တွေကို ဒီကနေ့မှာပဲ တရားဝင်ထုတ်ပြန်ကြေညာလိုက်ပေမယ့် တပ်မတော်က တိုက်ရိုက်ခန့်အပ်မယ့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းရဲ့ စာရင်းတွေကိုတော့ ခုချိန်ထိ ထုတ်ပြန်ကြေညာခြင်း မရှိသေးပါဘူး။
ဒီလွှတ်တော်အရပ်ရပ်ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးမှာ သမ္မတနဲ့ ဒုတိယသမ္မတတွေရဲ့ အမည်တွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေက ၁ ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက ၁ ဦးစီနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ၁ ဦးစီ စုစုပေါင်း ၃ ဦးကို အဆိုတင်သွင်းကြရမှာ ဖြစ်ပါတယ်။ အဲဒီထဲကမှ မဲခွဲဆုံးဖြတ်ပြီး မဲအများဆုံးရရှိတဲ့ ရာထားခံရသူ သမ္မတလောင်းကို သမ္မတအဖြစ် ခန့်အပ်မှာဖြစ်ကာ ကျန်နှစ်ဦးကတော့ ဒုတိယသမ္မတတွေအဖြစ် ခန့်အပ်မှာ ဖြစ်ပါတယ်။
Leave a Reply