အံ့ဘုန်းမြတ် ၁၀ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)
ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော်စတဲ့ လွှတ်တော်သုံးရပ်လုံးရဲ့ ပထမဆုံးအကြိမ် လွှတ်တော်အစည်းအဝေးတွေကို လာမယ့် ဇန်န၀ါရီလ ၃၁ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်၊ နေပြည်တော်မှာ စတင်ခေါ်ယူဖို့ ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ နေ့လယ် မြန်မာစံတော်ချိန် နေ့လယ် ၁ နာရီက ထုတ်လွှင့်တဲ့ MRTV-4 ရုပ်မြင်သံကြားသတင်းမှာ လွှတ်တော်ခေါ်ယူမယ့် နေရက်အချိန်တွေကို ကြေညာချက် ၃ စောင်နဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။
ဒီကြေညာချက်တွေထဲက ၁/၂၀၁၁ အတွင်းမှာတော့ ပထမဆုံးအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် ၄၄၃ နှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ် ၃၂ တို့၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များအရ ပထမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေပြည်တော်တွင် ၁၃၇၂ ခုနှစ် ပြာသိုလပြည့်ကျော် ၁၂ ရက်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက် နံနက် ၈ နာရီ ၅၅ မိနစ်မှာ စတင်ခေါ်ယူမယ်လို့ ဖော်ပြပါရှိပါတယ်။
ကြေညာချက်အမှတ် ၂/၂၀၁၁ အတွင်းမှာတော့ ပထမဆုံးအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် ၄၄၃ နှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ် ၃၂ တို့၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များအရ ပထမအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးကို နေပြည်တော်တွင် ၁၃၇၂ ခုနှစ် ပြာသိုလပြည့်ကျော် ၁၂ ရက်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက် နံနက် ၈ နာရီ ၅၅ မိနစ်မှာ စတင်ခေါ်ယူမယ်လို့ ဖော်ပြပါရှိပါတယ်။
ကြေညာချက်အမှတ် ၃/၂၀၁၁ အတွင်းမှာတော့ ပထမဆုံးအကြိမ် တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် အစည်းအဝေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ် ၄၄၃ နှင့် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ် ၃၂ တို့၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များအရ ပထမအကြိမ်ပြည်သူ့လွှတ်တော်အစည်းအဝေးကို သက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှာ ၁၃၇၂ ခုနှစ် ပြာသိုလပြည့်ကျော် ၁၂ ရက်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက် နံနက် ၈ နာရီ ၅၅ မိနစ်မှာ စတင်ကျင်းပဖို့ ခေါ်ယူမှာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။
မြန်မာနိုင်ငံမှာ နောက်ဆုံးအနေနဲ့ ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးကို ၁၉၈၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတအဖြစ် ဒေါက်တာမောင်မောင်ကို ရွေးချယ်တင်မြှောက်ခဲ့ပြီး စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော် အရေးပေါ်အစည်းအဝေးကို ရန်ကုန်မြို့ ပြည်သူ့လွှတ်တော် အစည်းအဝေး ခန်းမမှာကျင်းပပြုလုပ်တဲ့အခါမှာ နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်အမှူးပြုသော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၅၄ ဦး တက်ရောက်ကြပြီး အဲ့ဒီ ပြည်သူ့လွှတ်တော် အရေးပေါ် အစည်းအဝေးဟာ မြန်မာနိုင်ငံမှာ နောက်ဆုံးခေါ်ယူခဲ့တဲ့ လွှတ်တော် အစည်းအဝေးဖြစ်ဖြစ်ပါတယ်။ ဒါကြောင့် အခု ၂၀၁၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ ရလဒ်အရ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ (၃၁) ရက်နေ့ ခေါ်ယူမယ့် လွှတ်တော်တွေဟာ ၂၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ခေါ်ယူမည့်လွှတ်တော် အစည်းအဝေးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လွှတ်တော်တွေကို မကြာခင်မှာ ခေါ်ယူတော့မှာဖြစ်တာကြောင့် ကြိုတင်လေ့လာနိုင်ရန်အတွက် ဥပဒေ၊နည်းဥပဒေစာအုပ် (၁၇) အုပ်ကိုလည်း ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ထုတ်ဝေထားပြီး ရန်ကုန်မြို့ရှိ စာပေဗိမ္ဗာန်စာအုပ်ဆိုင်၊ သတင်းနဲ့စာနယ်ဇင်းလုပ်ငန်းစာအုပ်ဆိုင်တွေနဲ့ အမြို့မြို့အနယ်နယ်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး စာအုပ်အရောင်းဆိုင်တွေမှာ စတင်ရောင်းချနေပြီလို့ ဆိုပါတယ်။ ဒီစာအုပ်တွေကတော့
၁။ နိုင်ငံတော်အထိမ်းအမှတ် တံဆိပ်ဥပဒေနှင့် နည်းပဒေ
၂။ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြောက်ခြင်းဆိုင်ရာဥပဒေနှင့် နည်းပဒေ
၃။ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ
၎။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်အစိုးရအဖွဲ့ ဥပဒေ
၅။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥပဒေ
၆။ နေပြည်တော်ကောင်စီဥပဒေ
၇။ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပေဒ
၈။ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥပဒေ
၉။ နိုင်ငံတော်အလံဥပဒေနှင့် နည်းဥပဒေ
၁၀။ နိုင်ငံတော်သီချင်းဥပဒေနှင့် နည်းဥပဒေ
၁၁။ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ
၁၂။ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ
၁၃။ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ
၁၄။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများ
၁၅။ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေ
၁၆။ ပြည်ထောင်စု ရှေ့နေ့ချုပ် ဥပဒေ
၁၇။ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေ
Leave a Reply