Archive for

ဂျာနယ်အချို့အား စာပေစီစစ်ရေးက ထပ်မံပိတ်ပင်


အံ့ဘုန်းမြတ် (၂၇ ဇန်န၀ါရီ ၂၀၁၁) (ဒီဗွီဘီ)

ပြည်တွင်းမှာထုတ်ဝေနေတဲ့ ဂျာနယ်တွေထဲက ဂျာနယ်အချို့ကို ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်ရှိ စာပေစီစစ်နှင့် မှတ်ပုံတင်ဌာနက ပိတ်ပင်မှုတွေပြုလုပ်လိုက်ပြီး ဂျာနယ်တစောင်ကိုတော့ ပြင်းထန်စွာသတိပေး လိုက်တယ်လို့သိရပါတယ်။ ဒီကနေ့မှာပဲ မော်နီတာဂျာနယ်ရဲ့ ပုံနှိုပ်ထုတ်ဝေခွင့်ကို ၃၁.၁.၂၀၁၁ ကနေ ၁၄.၂.၂၀၁၁ ရက်နေအထိ နှစ်ပတ်နဲ့ ဟယ်လိုဂျာနယ်ကို ပုံနှိုပ်ထုတ်ဝေခွင့် တပတ်ပိတ်ပင်လိုက်တာဖြစ်ပြီး The First ဂျာနယ်ကို ပြင်းထန်စွာ သတိပေးလိုက်တာ ဖြစ်တယ်လို့ စီစစ်ရေး အသိုင်းအ၀ိုင်းက ပြောပါတယ်။

ဒီဂျာနယ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကျင်းပပြုလုပ်ခဲတဲ့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်မင်္ဂလာ ညစာစားပွဲမှာ တက်ရောက်လာကြတဲ့ အနုပညာရှင်တွေရဲ့ ဓာတ်ပုံတွေကို ဆင်ဆာပိတ်ပင်မှုများ မလုပ်ပဲ ပုံနှိုပ်ထုတ်ဝေခဲ့တာ ကြောင့် အခုလို အရေးယူ ပိတ်ပင်ခံရတာဖြစ်တယ်လို့လည်း စီစစ်ရေးအသိုင်းအ၀ိုင်းက ပြောပါတယ်။ ဒီလိုပိတ် ပင်ခံရတဲ့အပေါ် ပိတ်ပင်ခံရတဲ့ ဂျာနယ်တစောင်ရဲ့ တာဝန်ခံအယ်ဒီတာတဦးက အခုလို ပြောပါတယ်။

“ကျွန်တော်တို့က အနုပညာရှင်တွေမှ မဟုတ်ပါဘူး။ အပြင်က မိန်းကလေးတွေလည်း ဒီအတိုင်းပဲ ၀တ်နေကြတဲ့ခေတ်မှာ အနုပညာရှင်တွေ ၀တ်တာက ဘာမှမဆန်းတဲ့ ခေတ်ရောက်နေပါပြီ။ အဲဒါကို ကျွန်တော်တို့က ခေတ်ရဲ့ တကယ့်သရုပ်မှန်ကိုပြချင်တာပါ။ အဲဒီတော့ မြန်မာ့ယဉ်ကျေးမှုဆိုတာ သူနေရာသူရှိတာပဲ။ ဘုရားပေါ်တော့ ဘယ်သူမှ အဲဒီလိုမတတ်ဘူးလေ။ သူ့နေရာနဲ့သူ ခေတ်နဲ့အညီ ၀တ်စားတာကို ကျွန်တော်တို့ဖော်ပြတယ်။ စာနယ်ဇင်းတိုင်း ခေတ်သမိုင်းဆိုတာ တင်ပြချင်ကြတာချည့်ပါ။ ဒီလိုဖော်ပြလို့ အရေးယူခံရတွေလည်း မထူးဆန်းတော့ပါဘူး။ အခုလည်း ဒီလိုလုပ်တဲ့အတွက် ဒီလိုအရေးယူခံရတယ်ပေါ့ဗျာ။ ဒါလည်းသမိုင်းတစ်ခုဖြစ်သွားတာပေါ့။”

ပိတ်ပင်ခံခဲ့ရတဲ့ ဂျာနယ်တွေထဲက မော်နီတာဂျာနယ်ကို ဦးမြတ်ခိုင်က ဦးဆောင်ထုတ်ဝေနေတာဖြစ်ပြီး ဟလိုဂျာနယ်ကိုတော့ ဗိုလ်ချုပ်သက်နိုင်ဝင်းရဲ့ သမက် ကိုရန်ပိုင်ဝင်းက ထုတ်ဝေနေတာဖြစ်ပါတယ်။ မြန်မာပြည်က စာနယ်ဇင်းလောကမှာ စာပေစီစစ်ရေးက မကြာခဏဆိုသလို ဂျာနယ်တွေကို အခုလို ပိတ်ပင်လေ့ရှိပြီး ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှု သတင်းဓာတ်ပုံတွေကို ဖော်ပြခဲ့ကြတဲ့ ဂျာနယ် ၁၀ ဆောင်ထက် မနည်းကိုလည်း ပိတ်ပင်ခဲ့ဘူးပါတယ်။ ဒီလိုဂျာနယ်တွေကို စာပေစီစစ်ရေးက ပိတ်ပင်မှုတွေ ဆက်လက်ပြုလုပ်နေတာကြောင့် နအဖစစ်အစိုးရက မကြာခင်မှာ ခေါ်ယူမယ့် လွှတ်တော်နောက်ပိုင်း အစိုးရသစ်လက်ထက်မှာလည်း စာနယ်ဇင်းဆိုင်ရာ ဖိနှိုပ်မှုတွေ ဆက်လက်ပြုလုပ်နေဦး မှာသာဖြစ်တယ်လို့ အခြားစာနယ်ဇင်းအသိုင်းက ပုဂ္ဂိုလ်အချို့ကလည်း သုံးသပ်ပြောဆိုကြပါတယ်ခင်ဗျာ။

အစိုးရသစ် ဖွဲ့စည်းပုံများ ပြင်ဆင်လျှက်ရှိ၊ မကြာခင်ထုတ်ပြန်လာနိုင်


အံ့ဘုန်းမြတ် ၂၆ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)

နအဖစစ်အစိုးရက နှစ်နှစ်ဆယ်ကျော်အတွင်း ပထမဆုံးခေါ်ယူမယ့် လွှတ်တော်တွေကနေ အသစ်ပြန်လည် ဖွဲ့စည်းမယ့် အစိုးရသစ်ရဲ့ ဖွဲ့စည်းပုံ တွေကိုလည်း ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး မကြာခင် ထုတ်ပြန်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ လက်ရှိပြင်ဆင်နေတဲ့ အစိုးရအဖွဲ့သစ်ရဲ့ ဖွဲ့စည်းပုံတွေ၊ တာဝန်ယူရမယ့် ရာထူးတွေနဲ့ အမည်တွေကို ၂၄ ရက်နေ့က စတင်ပြီး နေပြည်တော်မှာ ပြုလုပ်နေတဲ့ လေးလပတ် အထူးအစည်းအဝေးမှာ ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။

ဒီလိုပြင်ဆင်နေမှုတွေနဲ့ပတ်သက်ပြီး သမ္မတအဖြစ် လက်ရှိဝန်ကြီးချုပ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသိန်းစိန်နဲ့ ဦးသူရရွှေမန်းတို့ လျာထားမှုရှိနေပါတယ်။ ဒုတိယသမ္မတတွေအဖြစ် လက်ရှိဝန်ကြီးတွေထဲက တဦးနဲ့ အရပ်သားကြံ့ ခိုင်ရေးပါတီရဲ့ အမတ်တဦးတို့ကို ခန့်ထားမှာ ဖြစ်တယ်လို့ တပ်မတော်ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ပုဂ္ဂိုလ်အချို့က ဆိုပါတယ်။ ဒီလိုပြင်ဆင်နေတဲ့ထဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေ အတွက် ပြင်ဆင်လျာထားမှုတွေကိုတော့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ နီးစပ်သူတဦးက အခုလို ပြောပြပါတယ်။

“သူတို့က အခုကတည်းက အမည်စာရင်းတွေဘာတွေ လုပ်ပြီးသားပေါ့။ ရန်ကုန်နဲ့ မန္တလေးကတော့ အဲဒီထဲကနေ မြို့တော်ဝန်တယောက်စီ ခန့်မယ်ပေါ့။ အဲ ဒီကနေ ၀န်ကြီးချုပ် ၁ ယောက်စီနဲ့ ကျန်တဲ့ ၈ ယောက်ကတော့ သူတို့ စီအီးစီပေါ့။ ၈ ယောက်က ၂ ယောက်တဖွဲ့ ၄ ဖွဲ့လို့ ပြောတယ်။ နောက်ပြီးတော့ ဦးအောင်သောင်းတို့ ဦးကျော်ဆန်းတို့ ဦးဌေးဦးတို့ ဦးအောင်သိန်းလင်းတို့လည်း ပါတီလိုင်းမှာပဲ နေခဲ့ရမယ်လို့ ပြောတယ်။”

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့မှာ ၀န်ကြီးချုပ်တွေအပါအ၀င် လွှတ်တော်ကော်မတီအဖွဲ့နဲ့ ဒေသဆိုင်ရာဝန်ကြီးတွေအဖြစ် တာဝန်ယူလုပ်ကိုင်မယ့် ပုဂ္ဂိုလ် ၃၀၀ နီးပါး ရှိနေလို့လည်း သူက ဆိုပါတယ်။ အစိုးရသစ်လက်ထက် ပေါ်ပေါက်လာမယ့် ဒေသဆိုင်ရာ ၀န်ကြီးဌာနတွေက လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကိုလည်း အခုလိုပြောပါတယ်။

“တပ်မတော်ဆိုရင် စစ်ဆင်ရေးတွေ ဘာတွေလုပ်မယ်ဆိုရင် သူက ကာ ကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လုပ်မှာပဲ။ ပြည်နယ်နဲ့ တိုင်းတွေနဲ့တော့ မဆိုင်ဘူးပေါ့။ ကျန်တဲ့အပိုင်းတွေကတော့ ၀န်ကြီးဌာနတော်တော်များများတော့ ကျနော်တို့ ကြားတာ ပြည်ထဲရေးတောင် ပြည်နယ်နဲ့ တိုင်းတွေမှာ ရှိနေတဲ့လုံခြုံရေးဌာနပေါ့။ သူကနေ သူ့တိုင်းနဲ့ သူ့ဟာနဲ့ လုပ်မှာပေါ့။ ဒီပြင်တိုင်းနဲ့ဆိုရင် ဆက်စပ်ပြီးတော့ လုပ်မှာပေါ့။ လူကြီးတယောက်တည်းက တနိုင်ငံလုံးကို လှည့်ပတ်ပြီး မသွားနိုင်တော့ဘူး။ ကျန်တဲ့ တိုင်းတွေမှာ ဥပမာ ပဲခူးတိုင်း ပြည်ထဲရေးဝန်ကြီးပေါ့။ ရဲနဲ့ လုံခြုံရေးတွေ သူကိုင် မယ်ပေါ။၊ ဗဟိုက မူလောက်ပဲ ရှိတော့မယ်။ အဲလိုပြောတာပဲ။”

နအဖစစ်အစိုးရဟာ ၂၂ နှစ်တာ ကာလအတွင်း ပထမဆုံးလွှတ်တော်ခေါ်ယူဖို့ ကြေညာထားတာ ၅ ရက်သာ ကျန်ရှိပြီး ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ၂၇ ရက်နေ့အရောက် သတင်းပို့ကြဖို့ ကြေညာထားပါတယ်။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဌ နုတ်ထွက်


အံ့ဘုန်းမြတ် ၂၅ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရဲ့ ဥက္ကဌ ဦးညိုမင်းလွင် ဒီလ ၂၄ ရက်နေ့ကစတင်ပြီး ပါတီဥက္ကဌ တာဝန်ကနေ နုတ်ထွက်လိုက်တယ်လို့ သိရပါတယ်။ ဒီလိုနုတ်ထွက်လိုက်တာနဲ့ပတ်သက်ပြီး ပြည်ထောင်စုကော်မရှင်ကို သူကိုယ်တိုင် အဲဒီနေ့က သွားရောက်အသိပေးခဲ့သလို ပါတီကိုလည်း အကြောင်းကြားစာပေးပို့ နုတ်ထွက်သွားတာလည်း ဖြစ်ပါတယ်။ ဦးညိုမင်းလွင်အနေနဲ့ ပါတီဥက္ကဌအဖြစ် ရေရှည်လုပ်ဆောင်ဖို့ ငွေရေးကြေးရေး အကျပ်အတည်းဖြစ်လာတာကြောင့် အခုလို နုတ်ထွက်သွားရတာသာ ဖြစ်တယ်လို့ အထွေထွေအတွင်းရေးမှူး ဦးနေမျိုးဝေက ပြောပါတယ်။

“စီးပွားရေးက လင်မယားနှစ်ယောက်လုံး ရှာပေမယ့် မရှိဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲကာလတုန်းက ရန်ပုံငွေကို ကျနော်ကပဲ တောက်လျှောက်စီစဉ်ရတယ်။ အခုနောက်ပိုင်း သူက ပိုပြီးခက်ခဲကျပ်တည်းလာတယ်။ သူက စီးပွားသွားရှာမယ်ပေါ့ ပါတီဝင်အနေနဲ့တော့ ရှိမှာပေါ့။ ကျန်တဲ့ လောလောဆယ်တော့ ယာယီဥက္ကဌတော့ ကျနော်ပဲလုပ်နေတယ်။ ရည်မှန်းထားတဲ့လူတော့ ရှိတာပေါ့။ ကိုမိုးကေင်းတို့ ဘာတို့ သူတို့လုပ်ချင်တာပေါ့။ ဒါပေမယ့် တိုက်တွန်းရမှာပေါ့။ ဒီမှာက သိပ်ပြီးတော့ တိုက်တိုက်တွန်းတွန်း လုပ်မှရမယ်။”

လက်ရှိအခြေနေမှာတော့ ယာယီဥက္ကဌရာထူးကို ဦးနေမျိုးဝေနဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်မောင်အေးက တာဝန်ယူလုပ်ကိုင်နေတယ်လို့လည်း ဦးနေမျိုးဝေကဆိုပါတယ်။ အသစ်ပြန်လည်ဖွဲ့စည်းမယ့် ပါတီရဲ့ ဖွဲ့စည်းပုံတွေအတွက် လုပ်ကိုင်မယ့် နိုင်ငံရေးသမားတွေ ရှားပါးနေပုံကိုလည်း ဦးနေမျိုးဝေက အခုလိုဆိုပါတယ်။

“ကျနော်တို့က အဖြစ်ကို လုပ်ခဲ့ရတာ။ ရွေးကောက်ပွဲဝင်ဖို့ ပါတီတရပ်အနေနဲ့ ရပ်တည်နိုင်အောင် လူစုနိုင်အောင် တရားဝင်အောင် ပါတီကိုထောင်ရတယ်။ ပါတီက အဖြစ်ထောင်ရတာ။ တကယ် အင်္ဂါရပ်နဲ့ ညီအောင်လုပ်တာ ကျနော်နဲ့ ကိုတင်မောင်အေးနှစ်ယောက်ဘဲ လုပ်နေရသလို ဖြစ်နေတယ်။ ပါတီမှာ စီအီးစီ ပြန်ဖွဲ့ရင် ကိုယ့် အိုးပိုင်အိမ်ပိုင်လေးတွေနဲ့ သွားစရိတ်လာစရိတ် ရှိတဲ့လူတွေနဲ့ လုပ်ရဦးမယ်။ နိုင်ငံရေးလုပ်မယ်ဆိုရင် ခုနကဟာကို ထည့်စဉ်းစားရတော့မယ်။ မိဘလုပ်စာ စားတဲ့ နိုင်ငံရေးသမားရှိမယ်၊ သားသမီးလုပ်စာ စားတဲ့ နိုင်ငံရေးသမားရှိမယ်၊ မိဘလုပ်စာစားတဲ့ နိုင်ငံရေးသမားက ငယ်လွန်းတယ်။ သားသမီးလုပ်စာကို စားတဲ့ နိုင်ငံရေးသမားက အသက်က ကြီးလွန်းသွားပြီ။ ကျနော်တို့လို လူလတ်ပိုင်းကျတော့ ကိုယ်ကိုယ်တိုင် ငွေရှာရတဲ့ သဘောလေးရှိတယ်။ နည်းနည်းအခက်အခဲလေး ပိုရှိတယ်။ အဲလိုလူမျိုးကို ကျနော်တို့က ပိုဦးစားပေးပြီးတော့ နိုင်ငံရေး လုပ်လိုစိတ် ရှိမယ်။ စီးပွားရေးကလည်း ခုနလို ထမင်းစားဖို့ အစဉ်ပြေမယ့် လူမျိုးကို ရှာရမယ်။ လူလတ်တန်းစားထဲက။”

မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဟာ ရွေးကောက်ပွဲကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် (၇) ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တဦးမှ အနိုင်ရရှိခြင်း မရှိခဲ့ပါဘူး။ နအဖစစ်အစိုးရဟာ နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲ ကျင်းပဖို့ ၇ လလောက်အလိုမှာ ပါတီထူထောင်ခွင့်တွေကို စတင်လက်ခံခဲ့ပြီး နိုင်ငံရေးပါတီအနေနဲ့ ပါတီမှတ်ပုံတင်ကြေးကုန်ကျစရိတ်တွေ၊ ပါတီပုံနှိပ်ထုတ်ဝေခွင့်အတွက် ကုန်ကျစရိတ်တွေ အပါအ၀င် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအတွက် အာမခံငွေအပါအ၀င် အထွေထွေကုန်ကျစရိတ် ကျပ်ငွေ သိန်း ၁၀၀ အထက် ကုန်ကျခဲ့ရပါတယ်။

ကိုယ်စားလှယ်တွေအနေနဲ့ လုပ်ပိုင်ခွင့်ရရှိမှာမဟုတ်


အံ့ဘုန်းမြတ် ၂၄ ဇန်န၀ါရီ ၂၀၁၁ (ဒီဗွီဘီ)

လာမယ့် ၃၁ ရက်နေ့မှာ နအဖစစ်အစိုးရက နှစ် ၂၀ ကျော်ကာလမှာ ပထမဆုံးခေါ်ယူမယ့် လွှတ်တော်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားတဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အရပ်သားဒီမိုကရက်တစ် ကိုယ်စားလှယ်တွေအနေနဲ့ လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့်တွေ ရရှိနိုင်မှာ မဟုတ်ဘူးလို့ မြန်မာ့နိုင်ငံရေး အကဲခတ်တွေက သုံးသပ် ပြောဆိုလိုက်ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က အတည်ပြု ထုတ်ပြန်ပေးလိုက်တဲ့ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်ထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃၈၈ ဦးအနေနဲ့ ထက်အောက် ဖွဲ့စည်းပုံတွေကြောင့် လွှတ်တော်တွင်း လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ခွင့်တွေ ရရှိမှာမဟုတ်ဘူးလို့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းတဦးဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးတင်ဦးက ပြောပါတယ်။

“ကွပ်ကဲမှု ပုံစံက တခါတည်းပါလာတယ်။ ကွပ်ကဲမှုဆိုတာက အပေါ်ကနေ ဗိုလ်မှူးချုပ်က နောက်မှာ အောက်က ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး စသည်ဖြင့်ပေါ့။ ဆိုပါတော့ အမျိုးသားလွှတ်တော်မှာပဲ တက်တက်၊ ပြည်သူ့လွှတ်တော်မှာပဲ တက်တက် သူက ဖွဲ့စည်းပေးပြီး လေ့ကျင့်ပေးပြီးတော့ တခါတည်း ထည့်လိုက်တာပဲ။ ဘာမှကို ထွေရာလေးပါးပြောစရာ မလိုဘူးလေ။ အဲဒါနဲ့ပတ်သက်လို့ တသံတည်း ထွက်ပေါ့။ တခုတည်း ပြောကြပေါ၊၊ ဒီလိုဟာမျိုးလေးတွေ ဖြစ်တာပေါ့။”

ပြည်ပအခြေစိုက် မြန်မာ့အရေးလေ့လာသူ တဦးဖြစ်တဲ့ ကိုအောင်သူငြိမ်းကလည်း အခုထုတ်ပြန်လာတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ စာရင်းတွေကို ထောက်ရှုပြီး အခုလို သုံးသပ်ပါတယ်။

“ပါလာတဲ့ ကိုယ်စားလှယ်တွေက ရာထူးငယ်တွေဖြစ်တယ်။ သူတို့က အထက်ကပေးတဲ့ အမိန့်အတိုင်း လိုက်နာဖို့ အနေအထားမှာ ရှိပါတယ်။ အထက်က ဖြူရင်ဖြူတယ်၊ မည်းရင် မည်းတယ်။ အဲတော့ တကယ့်တကယ်ကို လေးလေးနက်နက် ဆွေးနွေးပြီးတော့ စဉ်းစားချင့်ချိန်ဖို့ အနေအထားထက် စာရင် မဲပေးဖို့ လူဝင်ဖြည့်ထားတဲ့ အနေအထားမျိုး ပိုဖြစ်နေတာ တွေ့ရတယ်။”

ဇန်န၀ါရီ ၃၁ ရက် လွှတ်တော်ထဲမှာ ကြံ့ခိုင်ရေးပါတီက အနိုင်ရ တပ်မတော် အရာရှိဟောင်းတွေနဲ့ ယူနီဖောင်းဝတ်နဲ့ တက်ရောက်မယ့် တပ်မတော်သား ကိုယ်စားလှယ်တွေကြား ဆက်ဆံရေး အခြေအနေကိုလည်း ဦးတင်ဦးက အခုလို သုံးသပ်ပါတယ်။

“ကြံ့ခိုင်ရေးအသင်းက လူတွေကလည်းပဲ၊ အရင်ထဲက တပ်မတော်ထဲမှာ အကြီးအကဲ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကော၊ အဆင့်ဆင့် တာဝန်ထမ်းခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တွေကော သူတို့က ယူနီဖောင်းချွတ်ပြီးတော့ အရပ်ဝတ်နဲ့ ပါတာပဲ။ သူတို့ရဲ့ နဂိုမူလ Basic Of Training စိတ်နဲ့ ပတ်သက်လို့ ထိန်းချုပ်ထားတာက အဆင့်ဆင့် ကွပ်ကဲမှု ဆိုတာ ခြားနားပြီးသားလေ၊ အဲတော့ ဒီသွေးက ဘယ်ပျောက်မလည်းဗျ။”

ဒါအပြင် ကြံ့ခိုင်ရေးပါတီရဲ့အမတ် တပ်မတော်အငြိမ်းစားအရာရှိကြီးတွေနဲ့ အခု တပ်မတော်သား ကိုယ်စားလှယ်တွေကြား ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကိုလည်း မြန်မာ့အရေး လေ့လာနေတဲ့ ကိုအောင်သူငြိမ်းက အခုလို ဆိုပါတယ်။

“ရွေးချယ်ခံထားရတဲ့ စစ်တပ်အရာရှိဟောင်းတွေနဲ့ အခုမှ တပ်မတော် ကိုယ်စားလှယ်ဆိုပြီး တက်လာပြီးတော့ ၀ါအရကော အသက်အရကော သိပ်ငယ်လွန်းတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီကြားထဲမှာ ဆက်ဆံရေးမှာ ပြဿနာတခုရှိတယ်လို့ ထင်ပါတယ်။ နောက် ဒုတိယ ပြဿနာတခုကတော့ အခု စစ်တပ်ဘက်ကလာတဲ့ အရာရှိတွေက အသက် သိပ်ငယ်လွန်းတဲ့ အခါကျတော့ ဥပဒေတွေ မူဝါဒတွေကို တကယ့် တကယ် လေးလေးနက်နက် ဆွေးနွေးပြီး ချမှတ်ရမယ့် ကိစ္စမျိုးမှာ အကျိုးရှိမလား ဆိုတဲ့ မေးခွန်းပေါ့။ ဒါလည်း ပြဿနာ ရှိတယ်လို့ ကျနော်ထင်တယ်။ နောက်တခုက ကျနော်တို့ ရွေးကောက်ပွဲဝင်တဲ့ တချို့ပါတီတွေ စဉ်းစားခဲ့တာ ရှိတယ်။ အခု လာမယ့်ပါလီမန်ထဲမှာ စစ်တပ်ဘက်က လာမယ့်လူနဲ့ အရပ်ဘက်က လာတဲ့ကိုယ်စားလှယ်တွေ ကြားထဲမှာ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးတရပ် ထူထောင်နိုင်မလားဆိုတဲ့ စိတ်ကူးတွေလည်း ရှိပါတယ်။ အဲတော့ အဲဒီစိတ်ကူးတွေနဲ့ ပတ်သက်လို့လည်း ပြောမယ်ဆိုရင် တော်တော်တော့ မှေးမှိန်သွားတဲ့ အနေအထားမျိုး ရှိပါတယ်။”

ဒီတပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ထဲမှာ ပြည်သူတွေ လိုအပ်နေတဲ့ ဒီမိုကရေစီရေး အတွက် အမှန်တကယ် လုပ်ဆောင်မယ် မလုပ်ဆောင်ဘူး ဆိုတာကိုတော့ မကြာခင်မှာ လက်တွေ့ မြင်တွေ့ရမှာလို့ ဦးတင်ဦးက ဆိုပါတယ်။

“ကြည့်သေးတာပေါ့။ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် ပြောလို့ရမယ်၊ တ သံတည်းပဲ ထွက်လား။ အသံကောထွက်လား။ ပြည်သူလူထုနဲ့ ဘယ်လောက်ထိ အကျိုးပြုလုပ်နိုင်မလဲ။ နောက်သူတို့ပြောတဲ့အတိုင်း ဘယ်လောက်ထိ ဒီမိုကရေစီနဲ့ ပတ်သက်တာကို သွားမလဲ။ အဲဒါတော့ အဓိက လုပ်ကြည့်တဲ့အခါကျတော့ တွေ့မှာပဲလေ။ အဲတော့ စနေတဲ့ ပုံသဏ္ဍာန် အခင်းအကျင်းက ကျနော်အမြဲတမ်း ပြောနေတဲ့အတိုင်းပဲ မမှန်ဘူးဆိုတာ ပဲလေ။ ဒီလွှတ်တော်က ၀င်ရောက်လာတဲ့ ဗိုလ်ချုပ်ကြီးတွေ ဗိုလ်မှူးကြီးတွေကို ကွပ်ကဲမှာ မဟုတ်ဘူး။ အပေါ်ကရှိနေတဲ့ အကြီးဆုံးပုဂ္ဂိုလ်က လွှတ်တော်ကို ကွပ်ကဲမှာပဲ။ အဲဒါဘယ်လောက်မှန်လဲ။ အဲဒါကိုမှ မဟုတ်ဘူး။ မှန်တယ်လို့ လုပ်ပြသွားရင်တော့ ပြည်သူတွေအတွက် ၀မ်းသာစရာပေါ့။ ကျနော်တို့ ပြောတဲ့အတိုင်း လုပ်ရင်တော့ ဒါခင်ဗျားတို့ ပြောပြောနေတဲ့ စစ်ကျွန်စနစ် ပြန်ထူထောင်တာပဲ ဖြစ်မှာပေါ့။ အဲလိုပဲ သွားမှာပဲ။ အဲတော့ အခင်းအကျင်းက ၃၁ ရက်နေ့တော့ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ သူတို့ ရွေးတာတွေ ချယ်တာတွေ သမ္မတ ခန့်တာနဲ့၊ ဒု-သမ္မတ ခန့်တာနဲ့ ပြည်နယ်ဥက္ကဋ္ဌ ဘယ်သူဘယ်ဝါ ဒါတွေနဲ့ အလုပ်ရှုပ်နေမှာပဲ။ ဘာမှတော့ တိုင်းပြည်အတွက် ပြောနိုင်ဆိုနိုင်မှာ မဟုတ်သေးဘူး။”

လာမယ့် ၃၁ ရက်နေ့မှာ နအဖစစ်အစိုးရက ပထမဆုံးအဖြစ် ခေါ်ယူထားတဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော်အသီးသီးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၃၈၈ ဦး၊ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိထားတဲ့ လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းက ၈၈၂ ဦး ရှိနေတာကြောင့် နှစ်မျိုးပေါင်း ကိုယ်စားလှယ် ဦးရေဟာ ၁၂၇၀ အထိ ရှိလာမှာ ဖြစ်ပါတယ်။

အရပ်သားဒီမိုကရက်တစ်အင်အားစု နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီ စုစုပေါင်း ၃၇ ပါတီက အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်းကတော့ ၂၇၂ ဦးရှိနေပြီး စစ်တပ်နဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်စုစုပေါင်းရဲ့ အစွန်းထွက်လောက်ပဲ ရှိနေတာကို တွေ့ရပါတယ်။ ဒီလိုအရေအတွက် ကွာခြားမှုတွေကြောင့်လည်း လာမယ့် ပါလီမန်အတွင်းမှာ အရပ်သား ဒီမိုကရက်တစ်အင်အားစုတွေအနေနဲ့ ဘာမှ လုပ်ဆောင်နိုင်ဖွယ် မရှိသလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပိုင်းတွေကိုလည်း အများဆုံး အနိုင်ရရှိ ထားတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ တပ်မတော်သားကိုယ်စားလှယ်တွေကပဲ စိတ်ကြိုက် ပြင်ဆင်သွားမယ့် အခြေအနေမျိုးတွေ ရှိနေတယ်လို့ အခြားနိုင်ငံရေးအကဲခတ်တွေကလည်း ဝေဖန်ပြောဆိုနေကြပါတယ်။

၂၀၀၉ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ပေးပွဲတွင် အမျိုးသမီး သရုပ်ဆောင်နှင့် အမျိုးသား ဇာတ်ပို့ဆုတို့အား ချီးမြှင့်နိုင်ခြင်း မရှိ


ဒီကနေ့ နေပြည်တော်မှာ ၅ ကြိမ်မြောက် ကျင်းပပြုလုပ်တဲ့ ၂၀၀၉ ခုနှစ်အတွက် ရွေးချယ်ပေးအပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ) ပေးပွဲအခမ်းအနားမှာ အမျိုးသမီး သရုပ်ဆောင်ဆုနဲ့ အမျိုးသားဇာတ်ပို့ဆုတွေကို ချီးမြှင့်နိုင်ခြင်း မရှိခဲ့ပါဘူး။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) ကို နှစ်စဉ် ဆုအမျိုးအစား ၁၁ မျိုးကို နအစစ်အစိုးရရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ပေးအပ်ချီးမြှင့်လေ့ရှိပေမယ့်လည်း ဒီနှစ်မှာ ထည့်သွင်း ပေးအပ် ချီးမြှင်းခြင်း မရှိတာလဲ ဖြစ်ပြီး ကျန်ဆု ၉ မျိုးကို ပေးအပ်ခဲ့ပါတယ်။ ဒီဆုတွေထဲက ရုပ်ရှင်အတက်ပညာနဲ့ဆိုင်တဲ့ ဆုတွေကိုတော့ ဆန်းဦးနှင့် အဖွဲ့က အတိတ်ရဲ့အရိပ်ရဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်ရှင်အသံဆု၊ ကိုကိုဌေးနှင့်အဖွဲ့က အတိတ်ရဲ့အရိပ်ရဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ပဲ ရုပ်ရှင်ဓာတ်ပုံဆု၊ မြင့်ဦးဦးမြင့်က ကြိုးကြာတောင်ပံခတ်သံ ရုပ်ရှင်ဇာတ်ကားနဲ့ ရုပ်ရှင်ဇာတ်ညွှန်းဆု၊ ဓီရာမိုရ်က ဇော်က ကနေသည် ဇာတ်ကားနဲ့ ရုပ်ရှင်တေးဂီတဆု၊ ဇော်မင်း(ဟံသာမြေ) က ကျောက်စက်ရေဇာတ်ကားနဲ့ ရုပ်ရှင် တည်းဖြတ်ဆုတွေကို အသီးသီးရရှိခဲ့ကြပါတယ်။

ရုပ်ရှင်အနုပညာဆိုင်ရာဆုတွေထဲက ဒါရိုက်တာဆုကို ဒါရိုက်တာမီးပွားက ဇော်က ကနေသည် ဇာတ်ကား၊ အကောင်းဆုံး ဇာတ်ကားဆုကို ကြိုးကြာတောင်ပံခတ်သံဇာတ်ကားနဲ့ ဇင်ယော်ရုပ်ရှင်ကုမ္ပဏီတို့က ရရှိခဲ့ကြပါတယ်။

ရုပ်ရှင်အနုပညာရှင်ဆုတွေထဲက ဆုနှစ်ဆုကိုပဲ ပေးအပ်ချီးမြှင့်တဲ့နေရာမှာတော့  အမျိုးသားသရုပ်ဆောင်ဆုကို နေတိုးက မိုးညအိပ်မက်မြူ ဇာတ်ကားနဲ့ ရရှိခဲ့ပြီး အမျိုးသမီး ဇာတ်ပို့ဆုကိုတော့ စိုးပြည့်သဇင်က မိုးညအိပ်မက်မြူရုပ်ရှင်ဇာတ်ကားနဲ့ပဲ ရရှိခဲ့ပါတယ်။

ဒီနှစ်ပေးအပ်ချီးမြှင့်ခြင်းမရှိတဲ့ အမျိုးသားဇာတ်ပို့ဆုနဲ့ အမျိုးသမီးသရုပ်ဆောင် ဆုတွေအတွက် အရင်က လွင်မိုးနဲ့ အိန္ဒြာကျော်ဇင်တို့ကို ခန့်မှန်းခဲ့ကြပေမယ့်လည်း သရုပ်ဆောင်လွင်မိုးဟာ ပြီးခဲ့ရွေးကောက်ပွဲကာလအတွင်း အနိုင်ရကြံ့ခိုင်ရေးပါတီအတွက် မဲဆွယ်စည်းရုံးမှုတွေကို ပြုပေးခဲ့တဲ့အပေါ် ဝေဖန်သံတွေထွက်ပေါ်ခဲ့ပြီး အကယ်ဒမီဆုကိုလည်း လွင်မိုးနဲ့အတူ အကျိုးပြုပေါ်လစီဇာတ်ကားတွေ စဉ်ဆက်မပျက်ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာဇင်ယော်မောင်မောင်ရဲ့ ကြိုးကြာ တောင်ပန်ခက်သံ ဇာတ်ကားနဲ့ပဲ ဆုတွေအများအပြားရရှိလိမ့်မယ်လို ဝေဖန်မှုတွေ ရှိခဲ့ပြီး အခုလို ချီးမြှင့်ခြင်း မရှိခဲ့တာလဲဖြစ်ပါတယ်။

ဒီလို အမျိုးသားဇာတ်ပို့ဆုနဲ့ အမျိုးသမီးသရုပ်ဆောင် ဆုနှစ်ဆုကို ပေးအပ်ချီးမြှင့်ခြင်း မရှိတာနဲ့ပတ်သက်ပြီး မြန်မာ့ရုပ်ရှင်လောကမှာ ဒီဆုတွေကို ချီးမြှင့်ထိုက်တဲ့ အနုပညာရှင်တွေကို မမွေးထုတ်ပေးနိုင်ခဲ့တဲ့အခြေအနေအမျိုးအဖြစ် ရုပ်ရှင်သမိုင်းမှာ မှတ်တမ်းဝင်သွားရပြီလို့ ၀ါရင့် အနုပညာဂျာနယ် အယ်ဒီတာချုပ် တဦးက ဂျီတော့ချက်တင်က တဆင့်ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်အတွက် ၂၀၀၉ ခုနှစ်က နေပြည်တော်မှာ ပြုလုပ်တဲ့ အကယ်မဒီဆုပေးပွဲမှာလည်း အမျိုးသမီးသရုပ်ဆောင်၊ အမျိုးသမီးဇာတ်ပို့ဆု စတာတွေကို ပေးအပ်ချီးမြှင့်ခြင်း မရှိခဲ့ပါဘူး။

ဒီနှစ် အကယ်ဒမီဆုပေးပွဲတွေကို ကျင်းပပြုလုပ်နေကျ နေရက်ထက်စောပြီး နေပြည်တော်မှာ အစိုးရက လွှတ်တော်ခေါ်ယူမှာဖြစ်တာကြောင့် နှစ်ပတ်လောက် စောပြီး ကျင်းပပြုလုပ်ပါတယ်။ ဒီအခမ်းအနားအတွင်းမှာလည်း သတင်းသမားတွေအတွက် သတင်းဓာတ်ပုံရိုက်ကူးဖို့အတွက် စီစဉ်ပေးထားပေမယ့်လည်း သတင်းမှတ်တမ်း ဓာတ်ပုံ ရိုက်ကူးသူတွေ များပြားလွန်းတာကြောင့် အခက်အခဲတွေဖြစ်ခဲ့ရတယ်လို့လည်း သွားရောက် သတင်းယူနေတဲ့ အနုပညာဂျာနယ်တွေက သတင်းသမားအချို့က facebook ကနေ ပြောပြကြပါတယ်။

 

 

Categories

%d bloggers like this: