၂၄ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ ရုပ်မြင်သံကြားထုတ်လွှင့်ချက်များ)
ဒေါ်အောင်ဆန်းစုကြည် ဆန္ဒမဲပေးခွင့်ရရှိမည်
နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရမှာဖြစ်တဲ့အကြောင်း မြန်မာစစ်အစိုးရ အရာရှိတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ ကော်မရှင် ကထုတ်ပြန်ထားတဲ့ ဗဟန်းမြို့နယ် မဲဆန္ဒရှင်စာရင်းမှာပါမလာတဲ့အတွက် မဲပေးခွင့် မရဘူးဆိုပြီး သတင်းတွေထွက်ခဲ့တာပါ။ ရွေးကောက်ပွဲဥပဒေကို အဓိပါယ်ကောက်ယူမှု လွဲမှားတာသာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မဲပေးခွင့်ရမှာဖြစ်တဲ့အကြောင်း ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ နေအိမ်ကနေ အပြင် ထွက်ခွင့်တော့ရမှာ မဟုတ်ဘူးလို့ ဆိုထားပြန်ပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ခြံအပြင်ထွက်စရာမလိုဘဲ ဘယ်လိုမဲပေးခွင့်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဗိုလ်ချုပ်ခင်သား ဒေါက်တာရဲနိုင်ဝင်းမိသားစု မဲပေးခွင့်ရ
ဒီလ (၂၄) ရက်နေ့မှာပဲ ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက် ရပ်ကွက်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးကောင်းစီနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြားမဲဆန္ဒရှင် ၄၀၀ ကျော်ရဲ့ အမည်စာရင်းတွေကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲမှာ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့ မိသားစုဝင်တွေလည်းပါဝင်နေပါတယ်။ အဲ့ဒီထဲမှာတော့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့သား ဒေါက်တာရဲနိုင်ဝင်းမိသားစုဝင်တွေ ပါဝင်နေတာပါ။ ၂၀၀၄ ခုနှစ် အောက်တိုဘာမှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့်ကို အကျင့်ပျက်လာဘ်စားမှုနဲ့ အရေးယူတယ်လို့ သတင်းထုတ်ပြန်ပြီး နေအိမ်အကျယ် ချုပ်ချထားခဲ့သလို သားဖြစ်သူ ဒေါက်တာရဲနိုင်ဝင်းကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သူ့ရဲ့ ပုဂံဆိုက်ဘာတက် အင်တာနက်လုပ်ငန်းကြီးကိုလည်း စစ်အစိုးရ သိမ်းဆည်းခဲ့ ပြီးတဲ့နောက်ပိုင်း အခုလို ဆန္ဒမဲပေးခွင့်ရရှိလာတာလဲဖြစ်ပါတယ်။
ဒီထုတ်ပြန်တဲ့ မဲဆန္ဒရှင် စာရင်တွေထဲမှာတော့ မြန်မာပြည်ကို တစ်ပါတီအာဏာရှင်စနစ်နဲ့ (၂၆) ကျော် အုပ်ချုပ်ခဲ့ ဗိုလ်ချုပ်နေ၀င်းရဲ့ မိသားစုဝင်တွေ မဲပေးခွင့်ရမရကိုလည်း မသိရှိရသေးပါဘူး။ ၂၀၀၂ ခုနှစ်မှာ နအဖစစ်အစိုးရကပဲ နိုင်ငံတော် အာဏာသိမ်းဖို့ကြံစည်မှုနဲ့ ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်နဲ့ထားရှိခဲ့ပြီး ၂၀၀၈ နှစ်ကုန်ပိုင်းက ပြန်လည် လွတ်မြောက်လာတဲ့ ဗိုလ်ချုပ်ကြီး ဦးနေ၀င်းရဲ့ သမီးဒေါ်စန္ဒာဝင်းနဲ့ မြေးတွေကို မဲစာရင်းမှာ ထည့်သွင်း ဖော်ပြထားခြင်း ရှိမရှိနဲ့ မြန်မာပြည်တွင်းမှာနေထိုင်ခြင်း ရှိမရှိတွေကို ထုတ်ဖော်ပြောဆို ခြင်းမရှိသေး တာလဲဖြစ်ပါတယ်။
တစညပါတီ၂၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပ
ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားသတင်းတွေဘက်မှာဆိုရင်တော့ “တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ” ထူထောင်ခြင်း ၂၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဒီလ (၂၄) ရက်နေ့ မနက်ပိုင်းက ပါတီဌာနချုပ်ရုံးရှိတဲ့၊ ရန်ကုန်မြို့၊ ဆရာစံလမ်း ကုက္ကိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာတော့ တစညပါတီရဲ့ ၂၂ နှစ်တာ နိုင်ငံရေးဖြန်သန်းမှုတွေနဲ့ လက်ရှိရွေးကောက်ပွဲ မဲအောင်နိုင်ရေး၊ ပါတီစည်းရုံးရေးနဲ့ ပါတီမူဝါဒဆိုင်ရာတွေကို ပါတီတာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ လက်ရှိအခြေ အနေမှာတော့ တစညပါတီဟာ ကြံ့ခိုင်ရေးပါတီပြီးရင် မြန်မာတစ်နိုင်ငံလုံးမှာ ဒုတိယ လွှတ်တော်ကိုယ်စား လှယ်အများဆုံး တင်သွင်းထားနိုင်တဲ့ ပါတီတစ်ခုဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ်လောင်း တစ်ထောင်နီပါး ၀င်ရောက်ယှဉ်ပြိုင်ဖို့ တင်သွင်းထားတာလဲဖြစ်ပါတယ်။ တစည ပါတီဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြောင့် ပြုကျခဲ့ရတဲ့ မဆလအစိုးရခေါ် မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီဝင်ဟောင်းတွေနဲ့ ထူထောင်ထားတဲ့ နိုင်ငံရေး ပါတီတစ်ခုဖြစ်ပြီး ပါတီတွင်း ကြိုးနီစနစ်လွန်ကဲတဲ့ နိုင်ငံရေးပါတီတစ်ခုအဖြစ် ဝေဖန်ခံနေရတဲ့ ပါတီတစ်ခုလည်း ဖြစ်ပါတယ်။
ပါတီတွေရဲ့ တီဗွီ၊ ရေဒီယို ဟောပြောတင်ပြမှု စတင်
နိုင်ငံရေးပါတီတွေရဲ့ အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေမှာ ဟောပြောတင်ပြမှုတွေကို ဒီလ (၂၄) ရက်နေ့ကနေ စတင်ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ မြို (ခေါ်) ခမီအမျိုးသား ညီညွတ်ရေးအဖွဲ့နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီတို့ရဲ့ ဟောပြောတင်ပြမှု တွေကို စတင်ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီထုတ်လွှင့်မှုတွေကို မြန်မာ့ရုပ်မြင်သံကြား MRTV ရဲ့ ည (၈) နာရီ သတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်မှာဖြစ်ပြီး ပါတီတစ်ခုကို (၁၅) မိနစ်နှုန်းနဲ့ မိနစ် (၃၀) ကြာ ထုတ်လွှင့်ပြသပေးနေတာလည်းဖြစ်ပါတယ်။ ထုတ်လွှင့်ပြီးသမျှ အစီအဉ်တွေကို လာမယ့် အောက်တိုဘာလ (၁၂) ရက်နေ့မှာ နောက်တကြိမ် ထပ်မံထုတ်လွှင့်ပေးမှာလည်းဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ ဟောပြောတင်ပြမယ့် အကြောင်းအရာတွေကိုတော့ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်နဲ့ ပြန့်ကြားရေးဝန်ကြီးဌာနတို့က စီစစ်ဖြတ်တောက်ပြီးမှ ရိုက်ကူးကြရမှာလဲဖြစ်ပါတယ်။ ပါတီတွေအနေနဲ့ ဒို့တာဝန်အရေး ၃ ပါးကို ထိခိုက်စေရန်၊ နိုင်ငံတော်အား အကြည်ညို ပျက်စေရန်၊ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် ဒါမှမဟုတ် ဂုဏ်သိက္ခာကျဆင်းစေရန် စတဲ့ကန့်သတ်ချက် ၉ ချက်ကို အဓိက လိုက်နာကြာရမှာဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်ကြေညာ ထားပါတယ်။
ပါတီတွေရဲ့ ဟောပြောတင်ပြမည့် စာမူများ ကော်မရှင် ထပ်မံပယ်ချ
တဖက်က ခုလိုနိုင်ငံရးပါတီတွေရဲ့ဟောပြောမှုတွေစတင်နေသလို အခြားတဖက်မှာလည်း နိုင်ငံရေးပါတီ တွေရဲ့ ဟောပြောဖို့တင်သွင်းထားတဲ့လျှောက်လွှာတွေ ပယ်ချခံရမှုတွေလည်း ဆက်လက်ဖြစ်ပေါ်နေ ပါတယ်။ နောက်ဆုံးပယ်ချခံရတဲ့ ပါတီတွေကတော့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ ချုပ် ဥက္ကဌ ဦးအေးလွင်ရဲ့စာမူနဲ့ သူ့ရဲ့ညီဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ဥက္ကဌ ဦးရဲထွန်းတို့ရဲ့စာမူတွေပဲဖြစ်ပါတယ်။ ဟောပြောတင်ပြမယ့် စာမူပါအကြောင်းအရာတွေဟာ ကော် မရှင်ရဲ့ ညွန်ကြားချက်ပါ တားမြစ်ချက်တွေနဲ့ ငြိစွန်းနေတယ်ဆိုပြီး ခုလိုပယ်ချလိုက်တာဖြစ်တယ်လို့ ဒီဗီဘီကရရှိတဲ့ ကော်မရှင်ရဲ့ အကြောင်းကြားစာထဲမှာ ဖော်ပြထား ပါတယ်။ ဒီအရင်ကလည်း ဦးသုဝေဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဟောပြောတင်ပြမယ့် အကြောင်းအရာတွေကို ကော်မရှင်က လူပုဂ္ဂိုလ်တစ်ဦးကို ရည်ရွယ်ရေးသားထားတယ်ဆိုပြီး ပယ်ချခဲ့ပါ သေးတယ်။
ဦးတင်ဦး ဥရောပကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့
ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးက ပြည်တွင်း က ရွေးကောက်ပွဲ ထောက်ခံသူတွေနဲ့ ဥရောပအခြေစိုက်အဖွဲ့အစည်းတခုတို့ရဲ့ ဆက်စပ်နေမှုတွေနဲ့ ပတ်သက်ပြီး ဥရောပကော်မရှင်ကို အိတ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်ပါတယ်။ ဥရောပကော်မရှင် မြန်မာပြည်တာဝန်ခံ မစ္စတာအင်ဒရီယာလစ် (Andreas List) ထံကို ဦးတင်ဦးက ပြီးခဲ့တဲ့ သတင်းပတ်ကပဲ ရေးသားပေးပို့လိုက်တာ လည်းဖြစ်ပါတယ်။ ဒီစာထဲမှာတော့ “ဥရောပ ကော်မရှင် အနေနဲ့ စစ်အစိုးရကိုယ်စား ဝါဒဖြန့်နေသူတွေနဲ့ လက်တွဲ လုပ်ဆောင်နေမှုတွေမရှိကြောင်း ရှင်းရှင်း လင်းလင်း သိသာနိုင်စေရေးအတွက် ဆောင်ရွက်ပေးဖို့ တိုက်တွန်းရေးသားထားတဲ့ အကြောင်းတွေ အဓိက ပါဝင်ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖိုပ AI တောင်းဆို
ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတာသတင်းတွေ ဘက်မှာတော့ မြန်မာပြည်ထဲက အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်စလုံးကို ရွေးကောက်ပွဲမတိုင်ခင် အမြန်ဆုံး ပြန်လွှတ်ပေးဖို့  AI ခေါ် လန်ဒန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ကြီးက တောင်းဆိုလိုက် ပါတယ်။ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂၃ ရက်ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာခုလို တောင်းဆိုလိုက်တာပါ။ မြန်မာ အစိုးရအနေနဲ့  တဖက်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်သွင်းအကျဉ်းချလို့ ရွေးကောက်ပွဲ အပြင်ရောက်အောင်လုပ်ထားပြီး တဖက်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲလုပ်မယ်လို့ပြောဆိုနေတာဟာ ယုံရခက်ကြီးဖြစ်နေတယ်လို့ အေအိုင်အဖွဲရဲ့ မြန်မာ့အရေး သုတေသီ ဘန်ဂျမင်ဇာဝါကီ Benjamin Zawacki က ကြေညာချက်မှာ ပြောကြားထားပါတယ်။
Leave a Reply