သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ရွေးကောက်ပွဲဆိုင်ရာ နေ့စဉ်သတင်းများ (၂၀၁၀ စက်တင်ဘာ ၂၃)


၂၃ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ ရုပ်မြင်သံကြားထုတ်လွှင့်ချက်များ)

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ စာမူများအား ကော်မရှင်ကပယ်ချ

အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာ ထုတ်လွှင့်ပြသဖို့အတွက် တင်ပြတဲ့  ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ စာမူတွေကို ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းတယ်ဆိုတယ်ဆိုပြီး ကော်မရှင်က ပယ်ချလိုက်တယ် ပါတီဥက္ကဌ ဦးသုဝေက ပြည်ပမီဒီယာတွေကိုပြောပါတယ်။ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကနေတော့ ဟောပြောမယ့် အကြောင်းအရာတွေထဲမှာ ပုဂ္ဂိုလ်ရေးထိခိုက်စေမယ့် စကားလုံးတွေပါဝင်တယ်လို့ ပြောဆိုပြီး ပယ်ချလိုက်တာလို့လည်း ဦးသုဝေကပြောပါတယ်။ ဒီလို ပယ်ချလိုက်တဲ့အတွက် နောက်တစ်ကြိမ် ထပ်မံပြန်ပြရမှာဖြစ်ပြီး ထပ်မံပယ်ချဦးမယ်ဆိုရင်တော့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ မသိတော့ဘူးလို့လည်း ဦးသုဝေက ဆိုပါတယ်။

နိုင်ငံရေးပါတီတချို့နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိအချို့တွေ့ဆုံ

ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတချို့နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိအချို့ ဒီလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှာတွေ့ဆုံပြီး ပါတီတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ အနာဂတ် နိုင်ငံရေး အခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား ၀န်ကြီးဌာနက အရာရှိတဦး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံနဲ့ ပထမအတွင်းဝန်တို့ ၃ ဦးတို့ဟာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ကပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာ လည်းဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲကုန်ကျစားရိတ် စနစ်တကျပြုစုဖို့ ကော်မရှင်ထပ်မံအသိပေး

လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းတွေကို စနစ်တကျ ပြုစုထားကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီလ ၁၆ ရက်နေ့က ကိုယ်စားလှယ်အသီးသီးကို ထုတ်ပြန် အကြောင်းကြားထားပါတယ်။ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတွေကို ပြုစုရာမှာ တစ်ပြေးညီ ဖြစ်စေဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ပုံစံအတိုင်း စာရင်းပြုစု ဆောင်ရွက်ရမှာ လည်ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စာလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲအသုံးစားရိတ်အဖြစ် ကျပ်ငွေ သိန်း ၁၀၀ အထိပဲ ကော်မရှင်က သုံးစွဲခွင့်ပြုထားပါတယ်။

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် နည်းပါး

လာမယ့်ရွေးကောက်ပွဲအတွင်း ၀င်ရောက်ယှဉ်ပြိုင်မယ့် လွတ်တော်ကိုယ်စားလှယ် လောင်းစာရင်းထဲမှာ အမျိုးသမီးအရည်အတွက် နည်းပါးနေတာတွေ့ရပါတယ်။  အမတ်နေရာ ၁၆၂ နေ ရာနဲ့ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားအင်အားစု အန်ဒီအက်ဖ်ပါတီက ၁၀ ဦး၊ အမတ်နေရာ ၁၅၆ နေရာဝင်ပြိင်မယ့် ရှမ်းတိုင်း ရင်းသားဒီမိုကရက်တစ်ပါတီ (SNPP) က ၁၀ ဦးနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ၇ ဦးတို့ အသီးသီး ပါဝင်ယှဉ်ပြိုင်ကြမှာလဲဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အများဆုံးနဲ့ ဒုတိယအများဆုံး ၀င်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီနဲ့ တစညပါတီတို့မှာတော့ အမျိုးသမီး လွတ်တော်ကိုယ စားလှယ် ဘယ်လောက်ပါဝင်တယ် ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ နောက်ဆုံး ရရှိတဲ့စာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၆၉ ဦးရှိပြီး အဲ့ဒီထဲ မှာ အမျိုးသမီးကိုယ်စားလှယ်လောင်းက ၁၇ ဦးပဲ ပါဝင်ပါတယ်။

အခြားပါတီစည်းရုံးရေး ကြံ့ခိုင်ရေးပါတီနှောက်ယှက်

ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ စည်းရုံးရေး အခြေအနေဘက်က သတင်းတွေမှာဆိုရင်တော့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ရဲ့ ဒလမြို့နယ်က ၀င်အရွေးခံမဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီရဲ့ စည်းရုံးရေးမှာ နယ်မြေခံကြံခိုင်ရေးပါတီဝင်တဦးက နှောက်ယှက်ခဲ့ပါတယ်။  ပါတီပိုစတာနဲ့ လက်ကမ်းစာစောင် တွေဝေငှနေချိန်မှာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက လုယူဆွဲဖြဲခဲ့တာပါ။  ဒီလိုနှောက်ယှက်ခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပါတီနဲ့ ရွေးကောက်ပွဲကျင်းရေး ကော်မရှင်နဲ့ အာဏာပိုင်အဆင့်ဆင့်ကို တင်ပြ တိုင်ကြားသွားမယ်လို့လဲ  လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီက ပြောပါတယ်။

မှားယွင်းငွေသွင်းခဲ့တဲ့ ကိုယ်စားလှယ် အာမခံ ငွေပြန်ထုတ်လို့မရ

ပဲခူးတိုင်းအနောက်ခြမ်း လက်ပတန်းမြို့နယ် မဲဆန္ဒနယ်က ပြည့်သူ့လွှတ်တော်အတွက် ၀င်ရောက်ယှဉ် ပြိုင်မယ့် “ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်” ပါတီက ဦးတင်ဦးဟာ ပြည်ခရိုင်မြန်မာ့ စီးပွားရေးဘဏ်မှာ ကိုယ်စားလှယ်လောင်းအဖြစ် အာမငွေ ငါးသိန်းပေးသွင်း လျှောက်ထားခဲ့ပြီးမှ မဲဆန္ဒနယ်မှားယွင်းနေတဲ့အတွက် သာယာဝတီခရိုင်မြန်မာ့ စီးပွားရေးဘဏ်မှာ ပြောင်းရွှေ့ လျှောက်ထားပြီး ငွေစာ၇င်း ပြောင်းလို့မရတဲ့အတွက် ထပ်မံပေးသွင်းခဲ့ရပါတယ်။ ဒါကြောင့် မှားယွင်းပေးသွင်းခဲ့တဲ့ငွေကို ပြည်ခရိုင်မြန်မာ့စီးပွားရေးဘဏ်ကနေ ပြန်လည် ထုတ်ယူလို့ မရဖြစ်နေတယ်လို့ သိရပါတယ်ခင်ဗျာ။

ကမန်းအမျိုးသားတိုးတက်ရေးပါတီ ပါတီဝင်အင်အားတင်ပြ

တိုင်းရင်းသားဒေသတွေဘက်က ရွေးကောက်ပွဲအကြိုကာလ သတင်းတွေဘက်မှာဆိုရင်တော့ ကမန် အမျိုးသားတိုးတက်ရေးပါတီဟာ စည်းရုံးလို့ရတဲ့ ပါတီဝင်အင်အားစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို  ဒီလ ၂၂ရက်နေ့မှာ လာရောက်တင်ပြခဲ့တယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ထား ပါတယ်။ ကမန်အမျိုးသားပါတီဟာ ရွေးကောက်ပွဲဝင်ခွင့်ရထားတဲ့ ဇကာတင် ၃၇ ပါတီထဲက ပါတီဝင် အင်အား တင်ပြဖို့  နောက်ဆုံး ကျန်နေတဲ့၃ ပါတီထဲက တခုဖြစ်ပါတယ်။

ကျားဖြူပါတီ အမျိုးသမီးကိုယ်စားလှယ်တစ်ဦး ပယ်ဖျက်ခံရ

ရှမ်းပြည်နယ် အခြေစိုက်ထူထောင်ထားတဲ့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရက် တစ်ပါတီရဲ့ အမျိုးသမီးလွတ်တော်တဦးကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။ အပယ်ခံရသူဟာ နန်းစောအုံ ဆိုသူဖြစ်ပြီး၊ ကချင်ပြည်နယ်ထဲက ဗမာလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းတင်သွင်းထားသူဖြစ်ပါတယ်။ ကော်မရှင် ဘက်ကတော့ နန်းစောအုံရဲ့ နိုင်ငံသား စီစစ်ရေးကဒ်ပြားက လူမျိုးမှာ ရှမ်းလူမျိုးဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချလိုက်တာလဲဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ ကျားဖြူပါတီ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၅၆ ဦးပဲ ကျန်ရှိပါတော့တယ်။ အခုလို ပယ်ချခံရတာနဲ့ပတ်သက်ပြီး ထပ်မံယူခံဝင်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့ကျောင်းသားလူငယ်တွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့
စစ်အာဏာရှင် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု ကော်မီတီက တောင်းဆို

ရွေးကောက်ပွဲဆန့်ကျင်ရေးစာတွေ ဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ ကျောင်းသား လူငယ်တွေကို အမြန်ဆုံးပြန်လွတ်ပေး ဖို့စစ်အာဏာရှင် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု ကော်မီတီက တောင်းဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲဆန့် ကျင်ရေး လက်ကမ်းစာဆောင်တွေကို ဖြန့်လို့ဆိုပြီး ဒီလ ၁၇ ရက်နေ့က ဖမ်းဆီးခံထားရတဲ့ သက္ကသိုလ်ကျောင်းသားတွေကို အမြန်ဆုံးပြန်လွတ်ပေးဖို့ ကြေညာချက် တစ်စောင် ထုတ်ပြန်ထုတ်ဝေ တောင်ဆိုလိုက်တာလဲဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဖမ်းဆီးစစ်ဆေးခံ ကျောင်းသားလူငယ် ၇ နှစ် ဦးရှိနေပြီး အဲ့ဒီက (၃) ဦးကတော့  ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

မန္တလေးတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး စာကပ်လှုပ်ရှားမှုဖြစ်ပွား

အထက်မြန်မာပြည်မြို့တော် မန္တလေးမြို့မှာ လွန်ခဲ့တဲ့ ရက်ပိုင်းတွေကပဲ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာကပ်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ ဒီစာတွေထဲမှာတော့ “ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ ပြည်သူတွေအနေနဲ့ မဲပေးခွင့်ရှိသလို ဥပဒေအရ မဲမပေးဘဲ နေပိုင်ခွင့်ရှိသည် ဆိုသည့် စာသားပါရှိပြီး အဝါရောင် မဲပုံးပုံကို ကြက်ခြေခတ်အနီဖြင့် ခတ်ထားကာ အောက်ခြေ၌ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ (၇) ရက်၊ ဥပဒေအရ မဲမပေးဘဲ သပိတ်မှောက်ကြစို့” စတဲ့စာသားတွေပါဝင်တယ်လို့လည်း မန္တလေးမြို့ခံတွေက ပြောပါတယ်။ အလားတူ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ရန်ကုန်အပါအ၀င် အခြားနယ်မြို့တွေမှာလည်း ဖြစ်ပေါ်နေပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: