သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ရွေးကောက်ပွဲဆိုင်ရာ နေ့စဉ်သတင်းများ (၂၀၁၀ စက်တင်ဘာ ၂၂)


၂၂ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ ရုပ်မြင်သံကြားထုတ်လွှင့်ချက်များ)

မဲဆန္ဒရှင်စာရင်း မိတ္တူတစ်မျက်နှာ ကျပ် နှစ်ရာ

ဒီလ (၂၀) ရက်နေ့က ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ထုတ်ပြန်ကြေညာခဲ့တဲ့ မဲဆန္ဒရှင် စာရင်းတွေကို နိုင်ငံရေးပါတီတွေအနေနဲ့ ရယူလိုတယ်ဆိုရင် မိတ္တူတစ်မျက်နှာကို ကျပ်နှစ်ရာနဲ့ ကူယူနိုင်မယ်လို့ ကြေညာထားပါတယ်။ ဒီလိုကြေညာထားတာကြောင့် မဲဆန္ဒနယ်တစ်နယ်မှာ ရှိသမျှမဲဆန္ဒရှင်အားလုံးရဲ့ ကိုယ်ရေး အချက်အလက်တွေကို ရယူဖို့ နိုင်ငံရေးပါတီတွေ အခက်တွေ့နေ ကြရပြီး မဲဆန္ဒနယ်အများအပြားမှာ လွှတ်တော်ကိုယ် စားလှယ်လောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေအနေနဲ့လည်း ဒီစာရင်းတွေအတွက် ငွေကြေးအမြောက်အများ အကုန်ကျခံကြရမယ့် အခြေ အနေမျိုးတွေဖြစ်ပါတယ်။

မဲရုံမှူးသင်တန်း သင်ကြားမှု မလုံလောက်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  မဲရုံစောင့်ကြည့်ရေး ရွေးကောက်ပွဲဆိုင်ရာ ရက်တိုသင်တန်း တွေကို ပြည်နယ်နဲ့တိုင်းဒေသတွေအလိုက် ဖွင့်လှစ်ပို့ချလျှက်ရှိနေပါတယ်။ ဒီလိုသင်ကြားပို့ချတဲ့နေရာမှာ သင်တန်းချိန်တိုတောင်းပြီး လုံလောက်တဲ့ သရုပ်ပြမှုတွေထိထိရောက်ရာက် မရှိတာကြောင့် သင်တန်းသားတွေကိုတိုင် မဲရုံစောင့်တာဝန်ကို ဘယ်လိုယူရမလဲဆိုတာနားမလည်နိုင် ဖြစ်နေကြတယ် လို့ သင်တန်းဆင်း မဲရုံစောင့်တာဝန် ယူထားသူအချို့က မီဒီယာတွေကိုပြောပါတယ်။ လက်ရှိအခြေအနေ မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ရွေးကောက်ပွဲကာလအတွင် တာဝန်ထမ်းဆောင်ဖို့အတွက် ပြည်သူရှစ်သောင်း ကျော်ကိုသင်တန်းပေးပြီးပြီလို့ ဆိုပါတယ်။

အစိုးရ၀န်ထမ်းများ ကြိုတင်မဲဖြင့် ပြည်ခိုင်ဖြိုးပါတီကို မဲပေးရမည်

လာမယ့်ရွေးကောက်ပွဲမှာ အစိုးရ၀န်ထမ်းတွေအပါအ၀င် မိသားစုတွေအနေနဲ့ ဆန္ဒမဲပေးဖို့မလိုပဲ ကြံ့ခိုင်ရေးပါတီရဲ့ မဲတွေအဖြစ် ကြိုတင်မဲပေးစနစ်နဲ့ စီမံလုပ်ဆောင်ဖို့ရှိနေတယ်လို့ နေပြည်တော် သတင်းရပ် ကွက်ဆိုပါတယ်။ နေပြည်တော်မဲဆန္ဒနယ်မှာ အစိုးရ၀န်ထမ်းနဲ့ မိသားစုဝင် သုံးသိန်းဝန်းကျင် အပါအ၀င် ဒေသခံပြည်သူတွေလည်းရှိနေပြီး နေပြည်တော်တိုင်းဒေသကြီးရဲ့ မဲဆန္ဒရှင်စာရင်း ဦးရေတွေကိုတော့ ရွေးကောက်ပွဲ တစ်လကျော်သာကျန်ရှိတော့ပေမယ့် တိတိကျကျ မသိရသေးပါဘူး။ အစိုးရ၀န်ထမ်းတွေ မိသားစုဝင်တွေအနေ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် ဆန္ဒမဲပေးစဉ်တုန်းကလည်း ကြိုတင်မဲစနစ်နဲ့ပဲ ထောက်ခံမဲတွေအဖြစ် ပေးခဲ့ကြရတယ်လို့လည်း အစိုးရ၀န်ထမ်းအသီးသီးက ဆိုပါတယ်။ ဒါအပြင် တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလို လက်နက်ကိုင်ဝန်ထမ်းတွေ ကြက်ခြေနီ၊ အရံမီးသတ်လို့ အရံလက်နက်ကိုင် ၀န်ထမ်းတွေအနေနဲ့လည်း ရွေးကောက်ပွဲရက်မှာ မဲပေးခွင့်မရှိပဲ ကြိုတင်မဲအနေနဲ့ပဲ ပေးသွားကြမှာဖြစ်ပါတယ်။ ဒီကြိုတင်မဲ စနစ်တွေနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်ခွင့်တွေနဲ့ပတ်သက်ပြီး ကော်မရှင်က တိတိကျကျ ထုတ်ပြန်ကြေညာ ပေးထားတာမျိုး မရှိသေးပါဘူး။

ပါတီစာစောင်များ ဆက်လက်ထုတ်ဝေ

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပါတီစာစောင်နဲ့ လက်ကမ်းစာစောင်တွေ ထုတ်ဝေခဲ့ပြီးတဲ့ နောက်ပိုင်းမှာပဲ အခြားနိုင်ငံရေးပါတီတွေလည်း ပါတီစာစောင်တွေ ထပ်မံထုတ်ဝေလာကြတာ တွေ့ရပါတယ်။ အဲ့ဒီထဲမှာဆိုရင်တော့ ခေတ်သစ်ပြည်သူ့ပါတီက “ဆင်ချင်သိမြင်အပ်သော ဒီမိုကရေစီအနှစ်သာရများ” စာစောင်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က “ဒေါင်းအိုဝေ” စာစောင်၊ တစညလို့ လူသိများတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက “တိုင်းရင်းသား သတင်းလွှာ” စာစောင်နဲ့ ရှမ်းပြည်နယ်အခြေစိုက် ထူထောင်ထားတဲ့ ကျားဖြူပါတီလို့ လူသိများတဲ့ “ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်” ပါတီက “ကျားဖြူ သတင်းလွှာ” စာစောင်တွေကို အသီးသီးထုတ်ဝေလာကြတာလဲဖြစ်ပါတယ်။ ကျားဖြူသတင်းလွှာစာစောင်ထဲမှာတော့ ရွေးကောက်ပွဲ ဆိုင်ရာသတင်းတွေ၊ ပါတီစည်းရုံးရေးမူဝါဒတွေ၊ နိုင်ငံရေးအသိပညာပေးဆောင်းပါးတွေနဲ့ သတင်း ဓာတ်ပုံတွေကို ဝေေ၀ဆာဆာဖော်ပြလာတာတွေ့ရပါတယ်ခင်ဗျာ။

ပအိုဝ်းအပစ်ရပ်ပြည့်သူ့စစ်အဖွဲ့ ကြံ့ခိုင်ရေးပါတီအာ ကူညီဆောင်ရွက်မှု ရပ်တံဖို့

ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ ပြောကြား

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ လှုပ်ရှားနေတဲ့ PNA ခေါ် ပအိုဝ်း အပစ်ရပ် ပြည်သူ့စစ်အဖွဲ့အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ စစ်အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီကို ကူညီအားပေး ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေတာကို ရပ်စဲဖို့ နအဖစစ်အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ကပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၂၁ ရက်စွဲနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်သတိပေးထားတာလည်း ဖြစ်ပါတယ်။

မွန်နာမည်ကြီးတေးသံရှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်

မွန်နာမည်ကြီး အဆိုတော်တဦးဖြစ်တဲ့ မင်းကျန်ရစ်ဟာ မွန်ပြည်နယ်လွှတ်တော်အတွက် မော်လမြိုင် မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) မှာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် အရွေးခံမယ်လို့ သိရပါတယ်။ ဒါ့အပြင် မင်းကျန်ရစ်ဟာ သူ့ပါတီအတွက် ပါတီစည်းရုံး ရေးသီချင်းတွေကိုလည်း သီဆိုဖြန့်ချိပေးဖို့ စီစဉ်နေပြီလို့လည်း သိရပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း (၃၄) ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မွန်ပြည်နယ်မှ (၂၉) ဦး၊ ကရင်ပြည်နယ်မှ (၄) ဦး၊ တနင်္သာရီတိုင်းမှ (၁) ဦး အသီးသီး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ကျားဖြူပါတီစည်းရုံးရေး ရှမ်းနာမည်ကြီးတေးသံရှင်များ ကူညီ

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီကို ရှမ်းနာမည်ကြီးတေးသံရှင်တွေက ပါတီအောင်နိုင်ရေး ကူညီမယ်လို့ သိရပါတယ်။ ရှမ်းနာမည်ကြီးတေးသံရှင်တွေက ပါတီစည်းရုံးရေး သီချင်းတွေ သီဆိုပြီး ကူညီကြမှာလည်းဖြစ်ပါတယ်။  အဲဒီသီချင်းတွေမှာ ပြည်သူ အတွက်တကယ် အလုပ် လုပ်မယ်ဒီမိုကရေစီ၊ လူ့အခွင့်အရေးငြိမ်းချမ်းရေး၊ ပြည်ထောင်စုအရေးအကြောင်းနဲ့ ကျားဖြူပါတီကို မဲပေးကြဖို့အကြောင်းတွေကို  ဂုဏ်ပြုစပ်ဆိုထားပါတယ်။ ဒီတေးသီချင်းတွေဟာ ပြည်ပမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေကြားမှာတော့ အင်တာနက်ဝက်ဘ်ဆိုက်တွေက တဆင့် ပြန့်နှံ့နေပြီဖြစ်ပေမယ့် ပြည်တွင်းမှာတော့ တရားဝင်ဖြန့် ချီခြင်းမရှိသေးပါဘူး။

တစညပါတီ ၂၂ နှစ်ပြည့် အခမ်းအနားကျင်းပမည်

ရွေးကောက်ပွဲမှာ ဒုတိယအင်အားအကြီးမားဆုံးနဲ့ ရှေ့ပြေးနေတဲ့ တစညလို့ လူသိများတဲ့ ဦးနေ၀င်း ဦးဆောင်ထူထောင်ခဲ့တဲ့ “မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ” ၀င်ဟောင်းတွေနဲ့ ထူထောင်ထားတဲ့ တစညပါတီရဲ့ (၂၂) ပြည့်အခမ်းအနားကို ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီလ (၂၄) ရက် သောကြာနေ့မှာကျရောက်မယ့် တစညပါတီရဲ့ ၂၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့၊ ဆရာစံလမ်း၊ ကုက္ကိုင်းမှာရှိတဲ့ ပါတီဌာနချုပ်ရုံးမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး လက်ရှိနိုင်ငံရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပါတီတာဝန်ရှိသူတွေက ရှင်းလင်းပြောကြားမယ် လို့လည်း သိရပါတယ်။

ကြံ့ခိုင်ရေးပါတီ၏ အမတ်လောင်းနှစ်ဦးကို ကော်မရှင်က ပယ်ချ

ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်အ ရွေးခံကြမယ့် ချင်းပြည်နယ်က ချင်းအမတ်လောင်း ၂ ဦးကို လွန်ခဲ့တဲ အပတ်က  ရွေးကောက်ပွဲ ကော် မရှင်ကနေ ပယ်ဖျက်လိုက်ကြောင်း ချင်းသတင်းဌာနမှာဖော်ပြပါတယ်။ ပယ်ဖျက်ခံရသူတွေဟာ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ပူးဟရမ်ကျဲအိုနဲ့ ထန်တလန်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ပူးငွန်ဟရမ်းတို့ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံခြားမှာ သွားရောက်နေထိုင်ခဲ့ဖူး တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကော်မရှင်က ပယ်ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာ့ရွေးကောက်ပွဲ ဒီမိုကရေစီနည်းလမ်းမကျဟု အမေရိကန်ဆို

လာမယ့် နိုဝင်ဘာ (၇) ရက် မြန်မာရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီနဲ့ တခြားပါတီတွေပါဝင်ခွင့်မရဘဲ ပယ်ဖျက်ခံရတဲ့အပေါ်  ဒါဟာ စိတ်ပျက်စရာကိစ္စ နောက်တခုဖြစ်တဲ့အကြောင်းနဲ့ မြန်မာရွေးကောက်ပွဲ ဟာ တခုခုတော့ ဖြစ်မှာဖြစ်ပေမယ့် ဒီမိုကရေစီနည်းလမ်းတော့ ကျမှာမဟုတ်ဘူးလို့ အမေရိကန် အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မတ်ခ်တိုနာက ၀ါရှင်တန်မှာမနေ့က ပြုလုပ်တဲ့ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်ခင်ဗျာ။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: