ရွေးကောက်ပွဲဆိုင်ရာ နေ့စဉ်သတင်းများ (၂၀၁၀ စက်တင်ဘာ ၂၁)


၂၁ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ ရုပ်မြင်သံကြားထုတ်လွှင့်ချက်များ)

မဲရုံများပြားမှုတွေကြောင့် ပါတီတွေအခက်တွေ့

လာမယ့် ရွေးကောက်ပွဲကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးထဲမှာတင် မြို့နယ် မဲဆန္ဒနယ်တွေ အလိုက် မဲရုံစုစုပေါင်း မဲရုံပေါင်း ၆၀၀၀ ခန့်ရှိမယ်လို့ ကော်မရှင်ရဲ့ စာရင်းဇယားတွေကို ကိုးကားပြီးတော့ နိုင်ငံရေးပါတီခေါင်းဆောင်အချို့ဆိုပါတယ်။ အဲ့ဒီထဲမှာတော့ စမ်းချောင်းမြို့နယ်မှာ မဲရုံပေါင်း ၆၀၊ မရမ်းကုန်းမြို့နယ်မှာ ၁၂၅ ရုံ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မှာ မဲရုံပေါင်း ၁၅၀ နဲ့ သင်္ကန်းကျွန်း မြို့နယ်မှာ မဲရုံပေါင်း ၁၂၅ ရုံ တည်ရှိမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရဲ့ နိုင်ငံရေးပါတီတွေကို ထုတ်ပြန်တဲ့ ကြေညာချက်တွေအရ မဲဆန္ဒရှင် ၁၀၀၀ စာအတွက် မဲရုံ တစ်ရုံနှုံး ထားရှိမှာလည်း ဖြစ်ပါတယ်။ ဒီလို မဲရုံတွေများပြားမှုတွေကြောင့် နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေအနေနဲ့ မဲရုံကိုယ် စားလှယ်ထားရှိရေးနဲ့ မဲမသမာမှုတွေကို စောင့်ကြည့်ရေးအတွက် အခက်အခဲတွေဖြစ်စေတယ် လို့လည်း နိုင်ငံရေးပါတီခေါင်းဆောင် အသီးသီးက ဆိုကြပါတယ်ခင်ဗျာ။

မဲဆန္ဒရှင်စာရင်း ပြည်သူအများစု စိတ်မ၀င်စား

ဒီလ ၂၀ ရက်နေ့ကနေ စတင်ပြီး မဲဆန္ဒရှင် အမည်စာရင်းတွေကို ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရုံးတွေမှာ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်မယ့် ဆန္ဒမဲပေးကြရမယ့် မဲဆန္ဒရှင် ပြည်သူ အများစုကတော့ သူတို့ရဲ့ မဲဆန္ဒစာရင်းတွေကို စိတ်ဝင်စားမှုမရှိကြတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်ပါတယ်။ ဒါအပြင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်တွေကို ဘယ်လိုဘယ်ပုံ အဆင့်ဆင့် ရွေးချယ်ကြရမယ်ဆိုတဲ့ ဆန္ဒမဲပေးစနစ်တွေကိုလည်း တိတိကျကျ မသိရှိကြတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတဲ့အတွက် ဆန္ဒမဲစနစ်တွေကို ပညာပေးဖို့ အထူးလိုအပ်နေတယ်လို့လည်း ပါတီခေါင်းဆောင် တွေက အကြံပြုပြောဆိုကြပါတယ်။

ပါတီများ စက်တင်ဘာ ၂၄ ကစတင်ပြီး ရုပ်သံထုတ်လွှင့်မည်

အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဒီလ (၂၄) ၇က်နေ့မှာ စတင် ဟောပြောတင်ပြနိုင်ဖို့အတွက် ရိုက်ကူးမှုတွေနဲ့ စာမူတင်သွင်းမှုတွေ နိုင်ငံရေးပါတီတွေ စတင်ပြုလုပ် နေကြပြီဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ (၇) မျက်နှာရှိတဲ့ ပါတီဟောပြောချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေးကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ရဲ့ စစ်ဆေးမှုတွေခံယူဖို့ ကြိုတင်တင်ပြနေကြရတာလဲဖြစ်ပါတယ်။ ဒီလ (၂၄) ရက်နေ့မှာတော့ မြို (ခေါ်) ခမီအမျိုးသား ညီညွတ်ရေးအဖွဲ့နဲ့ တိုင်းရင်းသားစည်းလုံးညွတ်ရေးပါတီတို့ကို စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။ တစ်ရက်ကို ပါတီနှစ်ခုနှုန်းနဲ့ နိုင်ငံရေး ပါတီ (၃၇) ပါတီအတွက် (၁၈) ရက်ကျော် ကြာမြင့်မှာဖြစ်ပြီး တစ်နေ့ကို ပါတီတစ်ခု (၁၅) မိနစ်နှုန်းနဲ့ မိနစ် (၃၀) စာ ထုတ်လွှင့်ပေးသွားမှာလည်းဖြစ်ပါတယ်။

တစည အစိုးရအထောက်အပံ့ရယူခြင်းမရှိဟုဆို

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဟာ အစိုးရဆီက ငွေကြေးအထောက်အပံ့ ရယူခြင်းမရှိသလို စစ်အစိုးရ၀န်ကြီးတွေခေါင်းဆောင်တဲ့ ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပတ်သက်ဆက်နွှယ်မှု မရှိတဲ့အကြောင်း ဒီဗီဘီကိုပြောပါတယ်။ တစညလို့ လူသိများတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ အမတ်နေရာ ၉၈၀ လောက်မှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကိုယ်စား လှယ်လောင်း ၄ ဦးအပယ်ခံထားရတဲ့အတွက် အယူခံဝင်နေတယ်လို့လည်းသိရပါတယ်။ ဒီပါတီဟာ ဦးနေ၀င်ခေါင်းဆောင်ခဲ့တဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ပါတီ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် စည်းရုံးရေးရက်တိုသင်တန်းပေး

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သူပါတီရဲ့ စည်းရုံးရေးအတွက် ကိုယ်စားလှယ်လောင်း တွေကို ရက်တိုသင်တန်းတခု ပေးခဲ့တယ်လို့သိရပါတယ်။  ပါတီဥက္ကဌ နအဖဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေက ဒီလဒုတိယပတ်မှာ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ နေပြည်တော် မှာရှိတဲ့ ပြည်ထောင်စုကြံ့ရေးနဲ့ ဖွံ့ဖြိုးပါတီရုံးချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီအခမ်းအနားကို စစ်ဘက်ကအနားယူပြီး ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း ၃ဝဝ ကျော်အပါအဝင် ကြံ့ဖွံ့အမတ် လောင်း ၄၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး လူထုစည်းရုံးရေးတွေမှာ ပြောကြားသင့်တဲ့ အကြောင်းအရာတွေ၊ ဥပဒေရေးရာတွေကို ညွှန်ကြားပို့ချခဲ့တယ်လို့လည်း ကြံ့ခိုင်ရေး သတင်းရပ်ကွက် တွေကဆိုတယ်လို့ ပြည်ပမီဒီယာတွေမှာ  ရေးသား ဖော်ပြနေကြပါတယ်။

တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ စာနယ်ဇင်းရှင်း

ရွေးကောက်ပွဲအကြိုကာလလှုပ်ရှားမှုတွေ ဘက်မှာဆိုရင်တော့ လာမယ့်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ အနေနဲ့ ၀င်ရောက်ရှင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးဘတင်ဆွေ၊ ဦးရန်ကျော်အပါအ၀င် (၁၄) ဦးဟာ နိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်ဖွဲ့ခြင်း မရှိတဲ့အကြောင်း အသိပေးတဲ့ သတင်းစာရှင်းလင်းပွဲကို ဒီလ (၂၁) အင်္ဂါနေ့က၊ ရန်ကုန်မြို့။ ဆူးလေဘုရားလမ်း မှာရှိတဲ့ ကုန်သည်ကြီးများဟိုတယ်မှာ ပြုလုပ်သွားပါတယ်။ ဒီအခမ်းအနားမှာတော့ ဦးဘတင့်ဆွေ၊ ဦးရန်ကျော် အပါအ၀င် တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် (၁၄) ဦးက ဘာကြောင့်ရွေးကောက်ပွဲဝင်ရတယ်ဆိုတဲ့ အကြောင်းအ၇င်းတွေကို အဓိကထား ရှင်းလင်းပြောကြားခဲ့ကြသလို အနာဂတ်မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် မပေါ်ထွန်းရေး၊ ဒီမိုကရေစီလမ်းကြောင်းနဲ့ သွေဖီနေတဲ့ ဥပဒေတွေ ပယ်ဖျက်ပေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ဖော်ဆောင်ကျိုးစားသွားမယ်လို့ တသီးပုဂ္ဂလ လွတ်တော် အမတ်လောင်းတွေက ပြောဆိုကြပါတယ်။

“မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ” ကိုယ်စားလှယ်အချို့ ပယ်ဖျက်ခံရ

တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းမှာ နေထိုင်ကြတဲ့ မွန်လူမျိုးတွေအတွက် ဖွဲ့စည်းထားတဲ့  “မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ” ရဲ့ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ချို့ကို ကော်မရှင်က ပယ်ဖျက်လိုက်တယ်လို့လည်း ဒီဗွီဘီမွန်သတင်းကဆိုပါတယ်။ ကော်မရှင်ကနေ အခုလို ပယ်ဖျက်လိုက်တဲ့ အကြောင်းပြချက်ကတော့ ဒီဒေသတွေက မွန်လူမျိုးတွေဟာ မွန်လူမျိုး အစစ်မဟုတ် ကြောင်းနဲ့ သတ်မှတ်ထားတဲ့ နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ (၀.၁) ရာခိုင်နှုန်း မပြည့်မှီတာကြောင့် ဖြစ်တယ်လို့ အမည်စာရင်းပယ်ဖျက်ခံရတဲ့ အမတ်လောင်းတို့က ပြောပါတယ်။ ဒီလိုပြုလုပ်တာကြောင့် မွန်လူမျိုးတွေအတွက် နစ်နာကြရပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေက လူမျိုးနေရာမှာ မွန်-မြန်မာ ဖြစ်နေရင်လည်း အစိုးရမှ မွန်လူမျိုးအဖြစ် မသတ်မှတ်တဲ့အတွက် အရေအတွက်မပြည့်မီရခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းမှာတင် မွန်လူမျိုး သိန်းချီ ရှိနိုင်တယ်လို့တည်း “မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ” ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်ကွန်းချမ်းက ပြောပါတယ်ခင်ဗျာ။

ကမ္ဘာငြိမ်းချမ်းရေးနေ့ ရွေးကောက်ပွဲဆန့်ကျင်ရေးပိုစ်စကဒ်တာဖြန့်ဝေ

စက်တင်ဘာ ၂၁ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လှုပ်ရှားမှုအဖြစ် ‘စစ်မှန် သော ငြိမ်းချမ်းရေးကိုရဖို့ ၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင်စို့’ ဆိုတဲ့ ပိုစ်စကဒ်တွေကို ရန်ကုန်မှာ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။ မင်္ဂလာဒုံဈေး၊ ထောက်ကြံ့ဈေး၊ ၀ါယာလက်ဈေးနဲ့ လှည့်တန်းဈေးတွေမှာ ဖြန့်ဝေခဲ့တာလို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။ အလားတူ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်းတော၊ ရသေ့တောင်နဲ့ ဘူးသီးတောင်စတဲ့ဒေသတွေမှာလဲ ပိုစ်စကဒ်တွေကို  ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

ပါတီထူထောင်ခွင့်နောက်ဆုံး အခြေအနေ

လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကို နိုင်ငံရေးပါတီအဖြစ် ထူထောင် ခွင့်နဲ့ ဆက်လက်တည်ထောင်ခွင့် လျှောက်ထားခဲ့တဲ့ နိုင်ငံရေးပါတီစုစုပေါင်း (၄၅) ခုရှိခဲ့ပြီး။ အဲ့ဒီထဲက တိုင်းရင်းသားပါတီ (၃) ခုကို ထူထောင်ခွင့်မပေးခဲ့ပါဘူး။ ဒါအပြင် ပါတီ (၅) ခုကို နိုင်ငံရေးပါတီများဥပဒေနဲ့အညီ မဆောင်ရွက်နိုင်တဲ့အတွက် ဖျက်သိမ်းခဲ့သလို ပါတီတစ်ခုကိုလည်း မှတ်ပုံတင် ထပ်မံတင်ပြနိုင်ခြင်း မရှိတဲ့အတွက် ဖျက်သိမ်းထားတဲ့အတွက် လက်ရှိအခြေအနေမှာ နိုင်ငံရေးပါတီ ၃၇ ပါတီပဲကျန်ရှိပါတော့တယ်။ ဒီကနေ့အထိ နောက်ဆုံးအနေနဲ့ ပါတီဝင်အင်အားတင်ပြထားတဲ့ ပါတီကတော့ “စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ” ကချင်ပြည်နယ် (စဒက)နဲ့ “ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ” တို့က ပါတီဝင်အင်အားစာရင်း တင်ပြခဲ့ကြပြီး သတ်မှတ်ရက်အတွင်း ပါတီဝင်အင်အားစာရင်း တင်ပြပြီးတဲ့ပါတီ (၃၄)  ပါတီရှိပြီဖြစ်တဲ့ကြောင်း ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

Leave a comment