၂၀ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ ရုပ်မြင်သံကြားထုတ်လွှင့်ချက်များ)
ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စာရင်းတွေစတင်ကြေညာ
ရွေးကောက်ပွဲကျင်းပရေးကော်မရှင်နေ ဒီလ (၂၀) ရက်နေ့မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စာရင်းကို ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရုံးတွေမှာ စတင်ကြောညာလိုက်ပါတယ်။ ရန်ကုန်မြို့တွင်းက မြို့နယ်အချို့က ရပ်ကွက် တွေမှာ ရယကအဖွဲ့ဝင်တွေက အသံချဲစက်နဲ့ လှည့်လည်ပြီး မဲဆန္ဒရှင်တွေရဲ့ စာရင်းတွေ ကပ်ထားတဲ့အကြောင်း ဒီလ (၁၉) ရက်နေ့ညက ကြေညာခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ကျန်တဲ့ မြန်မာ့အနှံက ရပ်ကွက်ကျေးရွာတွေမှာလည်း အလားတူ ကြေညာတာမျိုးတွေရှိခဲ့ပြီး အာဏာပိုင်တွေက နေအိမ်တွေမှာ အိမ်ထောင်စုစာရင်းတွေနဲ့ မဲဆန္ဒရှင်စာရင်းကို လိုက်လံ စစ်ဆေးမှုတွေကို ထပ်မံပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒမဲပေးခွင့်ကန့်သတ်
ဒီလ (၂၀) ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တဲ့ မဲဆန္ဒရှင်စာရင်းမှာ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မဲပေးခွင့်မရပဲ တားဆီးပိတ်ပင်ခံထားရတယ်လို့ လည်းသိရပါတယ်။ ဗဟန်းမြို့နယ်၊ ရပ်ကွက်ရွေးကောက်ပွဲကော်မ၇ှင်က ထုတ်ပြန်ကြေညာထားတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ မဲဆန္ဒရှင်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည်ကို ချန်လှန်ထားတာ ဖြစ်တယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရသလို မဲပေးပိုင်ခွင့်ပါထပ်ပြီး ဆုံးရှူံးရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူနဲ့အတူနေထိုင်တဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့လည်း မဲစာရင်းမှာမပါဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ သပိတ်မှောက် ထားသူတစ်ဦးဖြစ်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုစဉ်က ဆန္ဒမဲပေးခဲ့ဘူးပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပါတီစာစောင်များထုတ်ဝေ
နအဖစစ်အစိုးရ ဗိုလ်ချုပ်ဟောင်း ၀န်ကြီးတွေဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်ခိုင်ဖြိုးပါတီ သတင်းလွှာစာစောင်တွေကို စတင်ထုတ်ဝေဖြန့်ချိလာပါတယ်။ လစဉ်ထုတ်နဲ့ အပတ်စဉ်ထုတ် သတင်းလွှာတွေ စာစောင် တွေကို စောင်ရေသိန်းချီ ရိုက်နှိပ်ထုတ်ဝေပြီး အခမဲ့ဖြန့်ချိနေတာလည်း ဖြစ်ပါတယ်။ လစဉ်ထုတ် ပြည်ခိုင်ဖြိုးပါတီ သတင်းလွှာမှာ စာမျက်နှာ ၄၀ ပါရှိပြီး စက္ကူအချော ရောင်စုံ ရိုက်နှိပ်ထားတာပါ။ စာစောင်တွေအတွင်း ကြံ့ဖွံ့ပါတီရဲ့ မူဝါဒ၊ အလုပ်သမား လယ်သမားရေးတွေ ဆောင်ရွက်ပေးမယ်စသဖြင့် ဖေါ်ပြမဲဆွယ်ထားတာကို တွေ့ရပါတယ်။ လက်ကမ်းစာစောင် တွေမှာလဲ မဲပေးပုံစံမှာ ပြည်ခိုင်ဖြိုးကို အမှန်ခြစ်ထားတဲ့ နမူနာပုံစံ ဖေါ်ပြထားပါတယ်။ ထူးခြားတာက ဒီသတင်းလွှာတွေမှာ နအဖ ၀ါဒဖြန့်နေတဲ့ လမ်း၊ တံတားကြီးတွေကို သူတို့ပါတီက ပြုလုပ်ထားတဲ့ပုံစံ ဖော်ပြခဲ့တာမို့ ပြည်ခိုင်ဖြိုးပါတီနဲ့ နအဖ အတူတူပဲဆိုတာကို ဖော်ပြသလို ဖြစ်နေတယ်လို့ ဝေဖန် နေကြပါတယ်။ ဒါ့အပြင် စာစောင်ရိုက်နှိပ် စားရိတ် ကြီးမားနေတဲ့အပြင် ပုဂ္ဂလိက စာပုံနှိုပ်စက်တွေက ပုံနှိုပ်ပေးဖို့ ကြောင့်လန့်နေကြတာကြောင့် အခြားပါတီတွေ အခက်အခဲတွေကြားက စောင်ရေ နည်းနည်းဘဲ ထုတ်ဝေနေချိန်မှာ ခုလိုပြည်ခိုင်ဖြိုးက သိန်းချီထုတ်ဝေလာတာကြောင့် အစိုးရပိုင်ပုံနှိပ်စက်တွေကို အသုံးပြု နေတာဖြစ်နိုင်တယ် လို့လည်း ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။
ဒီမိုကရက်တစ်ပါ (မြန်မာ) ပါတီစာစောင်ထုတ်ဝေ
ဦးသုဝေဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကလည်း “ဒေါင်းအိုးဝေ” လို့ အမည်ရတဲ့ ပါတီစာစောင်ကို ဒီလ (20) ရက်နေ့မှာပဲ ထုတ်ဝေလိုက်ပါတယ်။ ဒီမိုကရက်တစ်ပါတီကနေ ပြီးခဲ့တဲ့လပိုင်းကလည်း “ကဒေါင်း” ရွေးကောက်ပွဲဂျာနယ်ကို ထုတ်ဝေခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုဝေဖန် ရေးသားခဲ့တဲ့ ပါတီဥက္ကဌ ဦးသုဝေရဲ့ ဆောင်းပါးမှာ “ကလိန်ကချစ်” ဆိုတဲ့ အသုံးအနှုန်းပါဝင်ခဲ့တာကြောင့် စာပေစီစစ်ရေးကနေ ဆိုင်းငံပစ်ဒဏ်အဖြစ် ဒဏ်ငွေ နှစ်သိန်းကျော် ချမှတ်ခံထားရပါတယ်။
ဟောပြောချက် ပါတီစည်းရုံးရေးအသုံးချမှု ဆရာနေ၀င်းမြင့်ကန့်ကွက်
မန္တလေးက စာရေးဆရာ နေ၀င်းမြင့်ရဲ့ စင်္ကာပူစာပေဟောပြောပွဲ အကြောင်းအရာတွေကို တစည အမတ်လောင်း တစ်ဦးက သူ့ရဲ့ ပါတီစည်းရုံးရေးမှာ ခွင့်ပြုချက်မတောင်းခံပဲ ဖြန့်ဝေစည်းရုံးခဲ့တဲ့အပေါ် ကာယံရှင်ဖြစ်တဲ့ ဆရာနေ၀င်းမြင့်က ကန့်ကွက် လိုက်ပါတယ်။ ဆရာနေ၀င်းမြင့်ရဲ့ ၂၀၀၉ စက်တင်ဘာ ၉ ရက်က စင်ကာပူနိုင်ငံမှာ စာရေးဆရာ ချစ်ဦးညို၊ စာရေးဆရာမ ဂျူးတို့နဲ့အတူ သွားရောက်ဟောပြောခဲ့တဲ့ စာပေဆိုင်ရာ ဟောပြောချက်တွေကို မင်းဘူးမြို့နယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အမတ်လောင်း ဦးခင်လှိုင်က သူရဲ့စည်းရုံးရေးဆိုင်ရာ ဟောပြောချက်နှင့်အတူ စီဒီနဲ့ ထည့်သွင်းဖြန့် ဝေခဲ့တဲ့အပေါ် ကန့်ကွက်လိုက်တာလဲဖြစ်ပါတယ်။
————————
ကေအိုင်အိုကို ရွေးကောက်ပွဲပြီးတာနဲ့ အပျက်ခြေမုန်းမယ်လို့ ကြံ့ဖွံ့ဥက္ကဌဆို
တိုင်းရင်းသားဒေသတွေဘက်က ရွေးကောက်ပွဲအကြိုကာလ သတင်းတွေဘက်မှာဆိုရင်တော့ နအဖစစ်အစိုးရဲ့ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကို ရွေးကောက်ပွဲပြီးတာနဲ့ အပျက်ခြေမုန်းပစ်မယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဌ၊ လက်ရှိ နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်စိန်က ပြောကြားလိုက်ပါတယ်။ ဒီလအတွင်း သူ့ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်းမှာ ပြည်သူ့စစ်ဖြစ်တဲ့ လဆန်အောင်ဝါနဲ့ အင်ဒီအေ (ကေ) ပြည်သူ့စစ်တပ်ဖွဲ့က လူတွေကို ခေါ်ယူပြီး ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ နအဖစစ်အစိုးရဘက်ကနေ ကေအိုင်အိုကိုတွေ့ဆုံးဆွေးနွေးဖို့ လမ်းဖွင့်ပေးခဲ့ပြီး၊ နယ်ခြားစောင့်တပ် ဖွဲ့ဖို့ပြောထားခဲ့သလို၊ ပြည်သူ့စစ်တပ်ဖွဲ့ဖို့လည်း ပြောထားပြီး လက်နက်ချ ဖို့နောက်ဆုံး ပြောဆိုထား တာကြောင့် ဒါကိုလက်မခံတဲ့အတွက် အခုတော့ လက်နက်ချ အလင်းဝင်လာရင်တောင် လက်မခံတော့ဘူးလို့လည်း ပြောကြားခဲပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးတာဝန်ခံ ဂျိမ်းလွမ်းဒေါင်ကတော့ စစ်အစိုးရအနေနဲ့ တိုင်းရင်းသားတန်းတူ ညီမျှရေးကို ရာနှုန်းပြည့်မဟုတ်ဘူးဆိုရင်တောင်မှ ထက်ဝက်လောက်ပဲပါရှိမယ်ဆိုရင်ကို ဒီပြောဆိုချက်တွေကို လက်ခံမှာဖြစ်တယ်လို့ ပြန်လည်ပြောဆိုထားပါတယ်။ ကေအိုင်အိုခေါင်းဆောင်းဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ “ကချင်ပြည်နယ်တိုးတက်ရေးပါတီ” KSPP ကို လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ပါတီထူထောင်ခွင့် မပေးသလို တသီးပုဂ္ဂလအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှုကိုလည်း ကော်မရှင်က ပယ်ဖျက်လိုက်ပြီးတဲ့ နောက်ပိုင်း အခုလို ၀န်ကြီးချုပ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌက ပြောကြားလာတာလဲဖြစ်ပါတယ် ခင်ဗျာ။
မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရတို့ကြား စစ်ရေးတင်မာ
မွန်ပြည်နယ်ဘက်မှာဆိုရင်လည်း မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရကြား စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ ဒီဗွီဘီမွန်သတင်းကဆိုပါတယ်။ စစ်အစိုးရကမ်းလှမ်းထားတဲ့ ပြည်သူ့စစ် အသွင်ပြောင်းလွဲဖို့ကိစ္စကို မွန်ပြည်သစ်ပါတီက တရားဝင်ငြင်းပယ် လိုက်ပြီးတဲ့နောက်ပိုင်း နှစ်ဖက်လုံးမှ စစ်ရေးပြင်ဆင်မှုတွေ ရှိနေတာကြောင့် မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာအချို့က တိုင်းရင်းသားပြည်သူတွေ ထွက်ပြေးထိန်းရှောင်နေကြရပါတယ်။
ထိုင်းနိုင်ငံရှိ မြန်မာများ မဲပေးဖို့ စီစဉ်
ရွေးကောက်ပွဲကာလအတွင်း မြန်မာ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတဲ့ ရွေ့ပြောင်းမြန်မာ အလုပ်သမားတွေလည်း ဆန္ဒပေးဖို့အတွက် လူဝန်မှုကြီးကြပ်ရေးဌာနနဲ့ မြန်မာသံရုံးတို့က ပြင်ဆင်နေကြတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ကြားမှာတော့ တလကျော်သာ ကျန်ရှိတော့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုဘယ်ပုံဆန္ဒမဲပေးကြမယ်ဆိုတာ မသိရှိကြရသေးသလို အသစ်ထူထောင်ထားတဲ့ ပါတီတွေရဲ့ အကြောင်းကိုလည်း မသိရှိရသေးပဲ။ သူတို့ရဲ့ ဆန္ဒမဲတွေ ကြံ့ခိုင်ေ၇းပါတီရဲ့ မဲဖြစ်သွားမှာကို စိုးရိမ်နေကြရပါတယ်။
Leave a Reply