အံ့ဘုန်းမြတ် ၁၅ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ)
နအဖစစ်အစိုးရရဲ့ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်က ထူထောင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီ ၅ ခုကို စတင်ခွင့်ပြီး ငါးလအတွင်းမှာပဲ ပယ်ဖျက် လိုက်ပါတယ်။ ထူထောင်ခွင့် ရရှိထားတဲ့ နိုင်ငံရေးပါတီတွေ ၄၂ ပါတီထဲက ၅ ပါတီကို နိုင်ငံရေးပါတီများ ဥပဒေတွေနဲ့အညီ မဆောင်ရွက်နိုင်တာကြောင့် ကော်မရှင်က ပယ်ဖျက်လိုက်တာပါ။ ဒီပါတီ ၅ ခုကတော့ ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်၊ မြန်မာလူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီ၊ မြိုတိုင်ရင်းသားပါတီနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ပဲ ဖြစ်ပါတယ်။
ဒီပါတီတွေဟာ နိုင်ငံရေးပါတီတရပ်အနေနဲ့ ထူထောင်ခွင့်ရရှိပြီး ၄ လကျော်မှာ အခုလို ပယ်ဖျက်ခံလိုက်ရတာလည်း ဖြစ်ပါတယ်။ ဒီလိုပယ်ဖျက်ခံရထဲမှာ ပါဝင်တဲ့ မြန်မာ့ဒီမိုကရေစီကွန်ဂရက်ပါတီရဲ့ ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွဋ်ကတော့ ကော်မရှင်က နိုင်ငံရေးပါတီတွေကို အချိန်လုံအလောက် မပေးခဲ့တဲ့အပေါ် ဝေဖန်ပြောဆိုလိုက်ပါတယ်။
“နိုင်ငံရေးသဘောအရဆိုရင် တိုင်းပြည်မှာ နိုင်ငံရေးပါတီတွေကို ဒီမိုကရေစီရေး အပြောင်းအလဲအတွက် ရှင်သန်ခွင့် ပေးရမယ်။ ရှင်သန်နိုင်ဖို့ အစိုးရလုပ်တဲ့လူတွေက အားပေးရမယ်။ အဲဒါ ဖြစ်သင့်တဲ့ ကိစ္စပေါ့နော်။ အဲဒီတော့ အခု ဒီအခြေ အနေ မရဘူးဗျာ။ အစိုးရကရော၊ ကော်မရှင်ကရော နိုင်ငံရေးပါတီတွေကို ရှင်သန်နိုင်ဖို့ အခွင့်အရေးကို မပေးဘူး ဖြစ်နေတယ်။ အဓိက မပေးတာက အချိန်ပဲဗျ။ ကျနော်တို့က အချိန်ရတယ်ဆိုရင် ပြည်သူကို စည်းရုံးမယ်။ ပါတီတရပ်အနေနဲ့ ရပ်တည်နိုင်ဖို့ အချိန်အလုံအလောက် ရမယ်ဆိုရင် ကျနော်တို့ အဆင်ပြေတယ်ပေါ့ဗျာ။ အဲဒီတော့ တနင်္လာနေ့မှာ ပါတီထောင်တယ်။ အင်္ဂါနေ့ကျတော့ အမတ်လောင်း စာရင်းတင်ရတယ်။ ဗုဒ္ဓဟူးနေ့ကျတော့ ရွေးကောက်ပွဲ ၀င်ရမယ်ဆိုတဲ့ လက်ပေါက်က ကျနော်တို့အတွက် မဖြစ်ဘူး။ ဒါကတော့ တိုင်းပြည်မှာ မဖြစ်သင့်တဲ့ ကိစ္စပါ။”
ပါတီရပ်တည်ရေး ပျက်ပြယ်သွားတဲ့ မြန်မာ့ဒီမိုကရေစီကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကောင်းမြတ်ထွဋ်ဟာ တသီးပုဂ္ဂလအနေနဲ့ပဲ ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပ မဲဆန္ဒနယ်မြေကနေ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အဲဒီမဲဆန္ဒနယ်မှာပဲ ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကတော့ လက်ရှိမြို့တော်ဝန် ဦးအောင်သိန်းလင်းပဲ ဖြစ်ပါတယ်။ ပါတီပယ်ဖျက်ခံလိုက်ရတဲ့ မြန်မာ့လူဘောင်သစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇင်အောင်ကလည်း ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်အနေနဲ့ သာတူညီမျှမှုမရှိတဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပြီး သူတို့ပါတီအနေနဲ့ ဆိုင်းဘုတ်ဖြုတ်ရလည်း နိုင်ငံရေးကို အသွင်အမျိုးမျိုးနဲ့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
“ဒီနေ့အချိန်မှာ ကျနော်တို့ ရွေးကောက်ပွဲဝင်ဖို့က ကျနော်တို့က အခက်အခဲ အမျိုးမျိုးကြားကနေ ရင်ဆိုင်လာရတော့ နောက်ဆုံး ကျနော်တို့ မ၀င်နိုင်တာပါ ဒါပါပဲ။ ကျနော်တို့ကတော့ တကယ့်ရည်ရွယ်ချက်နဲ့ ပေါ့ဗျာ။ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီက တကယ့် အမျိုးသားသင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းကို ကျနော်တို့က ဖြစ်အောင် လုပ်တာလေ။ ကျနော်တို့ ပြန်လည်ရှင်သန်ဖို့ ကျနော်တို့ လုပ်ခဲ့တာ။ ဒါပေမယ့် ဒီကနေ့ မရှင်သန်နိုင်တဲ့ အခြေအနေကတော့ ကျနော်တို့ မ တတ်နိုင်ဘူးပေါ့ဗျာ။ ကျနော်တို့ ကြိုးစားခဲ့တာပဲ။ ပြည်သူ့လူ့ဘောင်သစ်တို့ ဘာတို့ ပေါ်တာကိုက ဥပဒေအရ ဘာပဲပြောပြော တရားမျှတမှုကတော့ ဘယ်ရှိမလဲ။ တရားမျှတမှုမရှိလို့ ဒါတွေက ဖြစ်လာတာလေ။ ကျနော်တို့ မတတ်နိုင်ဘူး။ ကျနော်တို့က လုပ်နိုင်သလောက် ဆက်လုပ်ဖို့ပဲ ရှိပါတယ်။ ဖျက်သိမ်းတယ်ဆိုတော့လည်း ဆိုင်းဘုတ်တွေ ဘာတွေ ဖျက်ပေမယ့် ကျနော်တို့ လူတွေကတော့ ရှိနေတာပဲလေ။”
ပါတီသစ် ၅ ခုကို ပယ်ဖျက်လိုက်တဲ့အတွက် လက်ရှိအခြေအနေမှာ နိုင်ငံရေး ပါတီသစ် ၃၇ ပါတီပဲ ကျန်ရှိပါတော့တယ်။ ဒါ့အပြင် နိုင်ငံရေးပါတီအဖြစ် အစောဆုံးလျှောက်ထားခဲ့တဲ့ ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ ကချင်ပြည်နယ် တိုးတက်ရေးပါတီအပါအ၀င် တိုင်းရင်းသားပါတီ ၃ ခုကိုလည်း ပါတီထူထောင်ခွင့် မပြုတော့ဘူးလို့ ကော်မရှင်က ကြေညာထားပါတယ်။
Leave a Reply