၁၅ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ ရုပ်မြင်သံကြားအစီအစဉ်တွင်ဖော်ပြချက်)
တနင်္သာရီတိုင်း မြိတ်မြို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီက မဲဆွယ်စည်းရုံးရာမှာ ရပ်ကွက်အာဏာပိုင်တွေက တရပ်ကွက်ကို (၁၅) ယောက် မတက်မနေရ ပုံစံနဲ့ဆင့်ခေါ်ခဲ့တယ်လို့ မြိတ်မြို့ခံတွေက ပြောပါတယ်။ ဘုရားကိုင်နယ်မြေ၊ မြိတ်တောင်ဘုန်းကြီးကျောင်းမှာ ပြုလုပ်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ မဲဆွယ်ပွဲကိုလည်း ရဲလုံခြုံရေးတွေနဲ့ ကျင်းပခဲ့တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။ အခုလ ၁၁ ရက်နေ့မှာလည်း ကြံ့ခိုင်ရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလောင်းအဖြစ် ၀င်ရောက်ယှဉ် ပြိုင်မယ့် စီးပွားရေးလုပ်ငန်းရှင် ယုဇနဦးဌေးမြင့်ကလည်း မြိတ်မြို့၊ ဆိပ်ငယ်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ သူ့နေအိမ်ကို မြိတ်မြို့ပေါ်ရှိ ဗလီတွေက ဗလီဆရာတွေအပါအ၀င် မွတ်ဆလင်ဘာသာရေးခေါင်းဆောင် ၃၂ ဦးကို နေအိမ်ကို ဖိတ်ကြားပြီး ကြံ့ခိုင်ရေးပါတီကို မဲရအောင် တိုက်တွန်းပေးဖို့ စည်းရုံးခဲ့တယ်လို့ ဆိုပါတယ်။
————————————————-
မြန်မာပြည်အလယ်ပိုင်း ဒီပဲယင်းမြို့မှာ အခြေစိုက်တည်ထောင်ထားတဲ့ ညီညွတ်သောဒီမိုကရက်တစ်ပါတီက မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့  ချင်းပြည်နယ်ထဲက ပလက်ဝ ၊ ထန်တလန်မြို့ နယ်တွေမှာ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၈ ဦးဝင်ရောက် ယှဉ်ပြိုင်မှာဖြစ်ပါတယ်လို့ ပါတီဥက္ကဌ ဦးဗိုလ်မောင်းက ဒီဗွီဘီကိုပြောပါတယ်။ ပါတီဥက္ကဌ ဦးဘိုမောင်းကတော့ ဒီပဲယင်းမဲဆန္ဒနယ်မှာ ပြည်သူ့လွှတ်တော်အတွက် ၀င်ရောက်ယှဉ်ပြိုင် အရွေးချယ်ခံမှာဖြစ်ပြီး လျှပ်စစ်မီးအပါအ၀င် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အဓိကလုပ်ဆောင်သွားဖို့ ပါတီမူဝါဒတွေချမှတ်ထားတယ်လို့လည်း ဦးဘိုမောင်းက ဒီဗွီဘီကို ပြောပါတယ်။
————————————————-
ပဲခူးတိုင်း ပဲခူးမြို့ပေါ်မှာ ဒီလ (၁၄) ရက်နေ့က ရွေးကောက်ပွဲဆန့်ကျင်ရေး လှုပ်ရှားမှုတခု ဖြစ်ပွားခဲ့တယ်လို့ မြိုကခံတွေက ပြောပါတယ်။ ပဲခူးမြို့သစ် ၉ ရပ်ကွက်မှာ ဒေါ်အောင်ဆန်းစုကြည်ပုံပါ စာရွက်ပေါ်မှာ ‘နိုင်ငံသားတိုင်းဟာ မဲပေးပိုင်ခွင့်ရှိသလို မဲမပေးဘဲ နေပိုင်ခွင့်လည်းရှိပါတယ်’ ဆိုတဲ့ စာသားပါရှိတဲ့အပြင် ၂၀၁၀ ရွေးကောက်ပွဲကို အလိုမရှိစတဲ့ စာသားတွေ ရေးသားထားတဲ့ရွက်တွေကို ဖြန့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီစာတွေကို ဘယ်သူဘယ်ဝါတွေက ဖြန့်ဝေခဲ့လဲဆိုတောကို အတိအကျမသိရသေးပဲ အဲ့ဒီနေ့ နေခင်းပိုင်းမှာ သက်ဆိုရာ အာဏာပိုင်တွေက လိုက်လံသိမ်းဆည်း ခဲ့တယ်လို့လည်း ပဲခူးမြို့ခံတွေက ပြောပါတယ်။
————————————————-
တိုင်းရင်းသား ဒေသတွေဘက်က ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှု သတင်းတွေ ဘက်မှာဆိုရင်တော့ ရခိုင်ပြည်နယ် ကျောက်တော်အခြေစိုက် မြို (ခေါ်) ခမီ အမျိုးသားညီညွတ်ရေးအဖွဲ့ ပါတီဟာ လွှတ်တော် ၃ ရပ်စလုံးမှာ ယှဉ်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀ ဦးတင်ထားရာမှာ ၉ ဦးခွင့်ပြုချက်ရပြီး ၁ ဦးက အချိန် နောက်ကျတဲ့အတွက် ပယ်ဖျက်ခံလိုက်ရပါတယ်။ ပါတီ ဥက္ကဌ ဦးစံသာအောင်က အမျိုးသားလွှတ်တော်မှာ ကျောက်တော် မြို့နယ်ကနေ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝမြို့မှာလည်း လွှတ်တော်ကိုယ်စားလှယ် ၂ ဦး သွားရောက် ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ မြို (ခေါ်) ခမီအမျိုးသားညီညွတ်ရေးပါတီဟာ ၁၉၉၀ ရွေး ကောက်ပွဲမှာ တုန်းကလည်းပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဦးစံသာအောင်ဟာ ကျောက်တော်မြို့နယ် မဲဆန္ဒနယ်ကနေ ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသူ တစ်ဦးဖြစ်ပါတယ်။
————————————————-
ကရင်ပြည်နယ်အတွင်းက မဲဆန္ဒနယ်အချို့မှာဆိုရင်လည်း တိုင်းရင်းသားပါတီနှစ်ခု ထိပ်တိုက်တိုး ယှဉ်ပြိုင်ကြရမယ့် အခြေအနေမျိုးတွေဖြစ်ပေါ်နေပါတယ်။ လှိုင်းဘွဲမြို့နယ်မဲန္ဒနယ်မြေအတွင်းမှာ အရပ်သားတွေ ဦးဆောင်ထူထောင်ထားတဲ့ “ဖလုံစဝေါ်ဒီမိုကရက်ပါတီ” နဲ့ အရင်က ဒီကေဘီအေလို့ လူသိများတဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်ခေါင်းဆောင် ဦးသာထူးကျော်ဦးဆောင်တဲ့ “ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ”တို့ ထိပ်တိုက်ယှဉ်ပြိုင်ရမယ့် အခြေအနေတွေဖြစ်နေပါတယ်။ ဒီဒေသထဲမှာ ကြံ့ခိုင်ရေးပါတီက ၀င်ရောက်လှုပ်ရှားမှုမပြုလုပ်ပဲ မကြာသေးခင်ကမှ ဒီကေဘီအေ ခေါင်းဆောင်ဟောင်းတွေနဲ့ ထူထောင်ထားတဲ့ “ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ” ကို ၀င်ရောက်ယှဉ်ပြိုင်ဖို့ ညွှန်ကြားခဲ့တာလဲဖြစ်ပါတယ်။ “ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ” ဟာ ကရင်ပြည်နယ်ထဲက လှိုင်းဘွဲနဲ့ ကြားအင်းစိတ်ကြီးမြို့နယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ ဦး ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီတစ်ခုဖြစ်ပြီးတော့ အစိုးရက ကျောထောက်နောက်ခံပြုထားတဲ့ ပါတီတခုအဖြစ် ဝေဖန်ခံနေရတဲ့ ပါတီတစ်ခုဖြစ်တယ်။
Leave a Reply