Archive for

ရွေးကောက်ပွဲဆိုင်ရာ နေ့စဉ်သတင်းများ (၂၀၁၀ စက်တင်ဘာ ၂၄)


၂၄ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ ရုပ်မြင်သံကြားထုတ်လွှင့်ချက်များ)

ဒေါ်အောင်ဆန်းစုကြည် ဆန္ဒမဲပေးခွင့်ရရှိမည်

နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရမှာဖြစ်တဲ့အကြောင်း မြန်မာစစ်အစိုးရ အရာရှိတဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ အစောပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ ကော်မရှင် ကထုတ်ပြန်ထားတဲ့ ဗဟန်းမြို့နယ် မဲဆန္ဒရှင်စာရင်းမှာပါမလာတဲ့အတွက် မဲပေးခွင့် မရဘူးဆိုပြီး သတင်းတွေထွက်ခဲ့တာပါ။ ရွေးကောက်ပွဲဥပဒေကို အဓိပါယ်ကောက်ယူမှု လွဲမှားတာသာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မဲပေးခွင့်ရမှာဖြစ်တဲ့အကြောင်း ဒါပေမယ့် ရွေးကောက်ပွဲနေ့မှာ နေအိမ်ကနေ အပြင် ထွက်ခွင့်တော့ရမှာ မဟုတ်ဘူးလို့ ဆိုထားပြန်ပါတယ်။ ဒါ့ကြောင့် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ခြံအပြင်ထွက်စရာမလိုဘဲ ဘယ်လိုမဲပေးခွင့်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဗိုလ်ချုပ်ခင်သား ဒေါက်တာရဲနိုင်ဝင်းမိသားစု မဲပေးခွင့်ရ

ဒီလ (၂၄) ရက်နေ့မှာပဲ ဗဟန်းမြို့နယ် ရွှေတောင်ကြား (၁) ရပ်ကွက် ရပ်ကွက်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးကောင်းစီနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရုံးမှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အခြားမဲဆန္ဒရှင် ၄၀၀ ကျော်ရဲ့ အမည်စာရင်းတွေကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲမှာ ၀န်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ခင်ညွန့်ရဲ့ မိသားစုဝင်တွေလည်းပါဝင်နေပါတယ်။ အဲ့ဒီထဲမှာတော့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့သား ဒေါက်တာရဲနိုင်ဝင်းမိသားစုဝင်တွေ ပါဝင်နေတာပါ။ ၂၀၀၄ ခုနှစ် အောက်တိုဘာမှာ ၀န်ကြီးချုပ် ဗိုလ်ချုပ်ခင်ညွန့်ကို အကျင့်ပျက်လာဘ်စားမှုနဲ့ အရေးယူတယ်လို့ သတင်းထုတ်ပြန်ပြီး နေအိမ်အကျယ် ချုပ်ချထားခဲ့သလို သားဖြစ်သူ ဒေါက်တာရဲနိုင်ဝင်းကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး သူ့ရဲ့ ပုဂံဆိုက်ဘာတက် အင်တာနက်လုပ်ငန်းကြီးကိုလည်း စစ်အစိုးရ သိမ်းဆည်းခဲ့ ပြီးတဲ့နောက်ပိုင်း အခုလို ဆန္ဒမဲပေးခွင့်ရရှိလာတာလဲဖြစ်ပါတယ်။

ဒီထုတ်ပြန်တဲ့ မဲဆန္ဒရှင် စာရင်တွေထဲမှာတော့ မြန်မာပြည်ကို တစ်ပါတီအာဏာရှင်စနစ်နဲ့ (၂၆) ကျော် အုပ်ချုပ်ခဲ့ ဗိုလ်ချုပ်နေ၀င်းရဲ့ မိသားစုဝင်တွေ မဲပေးခွင့်ရမရကိုလည်း မသိရှိရသေးပါဘူး။ ၂၀၀၂ ခုနှစ်မှာ နအဖစစ်အစိုးရကပဲ နိုင်ငံတော် အာဏာသိမ်းဖို့ကြံစည်မှုနဲ့ ဖမ်းဆီးပြီး နေအိမ်အကျယ်ချုပ်နဲ့ထားရှိခဲ့ပြီး ၂၀၀၈ နှစ်ကုန်ပိုင်းက ပြန်လည် လွတ်မြောက်လာတဲ့  ဗိုလ်ချုပ်ကြီး ဦးနေ၀င်းရဲ့ သမီးဒေါ်စန္ဒာဝင်းနဲ့ မြေးတွေကို မဲစာရင်းမှာ ထည့်သွင်း ဖော်ပြထားခြင်း ရှိမရှိနဲ့ မြန်မာပြည်တွင်းမှာနေထိုင်ခြင်း ရှိမရှိတွေကို ထုတ်ဖော်ပြောဆို ခြင်းမရှိသေး တာလဲဖြစ်ပါတယ်။

တစညပါတီ၂၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကျင်းပ

ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားသတင်းတွေဘက်မှာဆိုရင်တော့ “တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ” ထူထောင်ခြင်း  ၂၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ဒီလ (၂၄) ရက်နေ့ မနက်ပိုင်းက ပါတီဌာနချုပ်ရုံးရှိတဲ့၊ ရန်ကုန်မြို့၊ ဆရာစံလမ်း ကုက္ကိုင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။  အခမ်းအနားမှာတော့ တစညပါတီရဲ့ ၂၂ နှစ်တာ နိုင်ငံရေးဖြန်သန်းမှုတွေနဲ့ လက်ရှိရွေးကောက်ပွဲ မဲအောင်နိုင်ရေး၊ ပါတီစည်းရုံးရေးနဲ့ ပါတီမူဝါဒဆိုင်ရာတွေကို ပါတီတာဝန်ရှိသူတွေက ပြောဆိုခဲ့ပါတယ်။ လက်ရှိအခြေ အနေမှာတော့ တစညပါတီဟာ ကြံ့ခိုင်ရေးပါတီပြီးရင် မြန်မာတစ်နိုင်ငံလုံးမှာ ဒုတိယ လွှတ်တော်ကိုယ်စား လှယ်အများဆုံး တင်သွင်းထားနိုင်တဲ့ ပါတီတစ်ခုဖြစ်ပြီး လွှတ်တော်ကိုယ်စား လှယ်လောင်း တစ်ထောင်နီပါး ၀င်ရောက်ယှဉ်ပြိုင်ဖို့ တင်သွင်းထားတာလဲဖြစ်ပါတယ်။ တစည ပါတီဟာ ၁၉၈၈ ခုနှစ် လူထုအုံကြွမှုကြောင့် ပြုကျခဲ့ရတဲ့ မဆလအစိုးရခေါ် မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီဝင်ဟောင်းတွေနဲ့ ထူထောင်ထားတဲ့ နိုင်ငံရေး ပါတီတစ်ခုဖြစ်ပြီး ပါတီတွင်း ကြိုးနီစနစ်လွန်ကဲတဲ့ နိုင်ငံရေးပါတီတစ်ခုအဖြစ် ဝေဖန်ခံနေရတဲ့ ပါတီတစ်ခုလည်း ဖြစ်ပါတယ်။

ပါတီတွေရဲ့ တီဗွီ၊ ရေဒီယို ဟောပြောတင်ပြမှု စတင်

နိုင်ငံရေးပါတီတွေရဲ့ အစိုးရပိုင် ရုပ်မြင်သံကြားနဲ့ ရေဒီယိုတွေမှာ ဟောပြောတင်ပြမှုတွေကို ဒီလ (၂၄) ရက်နေ့ကနေ စတင်ထုတ်လွှင့်ပြသနေပြီဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ မြို (ခေါ်) ခမီအမျိုးသား ညီညွတ်ရေးအဖွဲ့နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီတို့ရဲ့ ဟောပြောတင်ပြမှု တွေကို စတင်ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။ ဒီထုတ်လွှင့်မှုတွေကို မြန်မာ့ရုပ်မြင်သံကြား MRTV ရဲ့ ည (၈) နာရီ သတင်းအစီအစဉ်အပြီးမှာ ထုတ်လွှင့်မှာဖြစ်ပြီး ပါတီတစ်ခုကို (၁၅) မိနစ်နှုန်းနဲ့ မိနစ် (၃၀) ကြာ ထုတ်လွှင့်ပြသပေးနေတာလည်းဖြစ်ပါတယ်။ ထုတ်လွှင့်ပြီးသမျှ အစီအဉ်တွေကို လာမယ့် အောက်တိုဘာလ (၁၂) ရက်နေ့မှာ နောက်တကြိမ် ထပ်မံထုတ်လွှင့်ပေးမှာလည်းဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေရဲ့ ဟောပြောတင်ပြမယ့် အကြောင်းအရာတွေကိုတော့ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်နဲ့ ပြန့်ကြားရေးဝန်ကြီးဌာနတို့က စီစစ်ဖြတ်တောက်ပြီးမှ ရိုက်ကူးကြရမှာလဲဖြစ်ပါတယ်။ ပါတီတွေအနေနဲ့ ဒို့တာဝန်အရေး ၃ ပါးကို ထိခိုက်စေရန်၊ နိုင်ငံတော်အား အကြည်ညို ပျက်စေရန်၊ တပ်မတော်ပြိုကွဲရေးကို ဖြစ်ပေါ်စေရန် ဒါမှမဟုတ် ဂုဏ်သိက္ခာကျဆင်းစေရန် စတဲ့ကန့်သတ်ချက် ၉ ချက်ကို အဓိက လိုက်နာကြာရမှာဖြစ်တယ်လို့ ကော်မရှင်က ထုတ်ပြန်ကြေညာ ထားပါတယ်။

ပါတီတွေရဲ့ ဟောပြောတင်ပြမည့် စာမူများ ကော်မရှင် ထပ်မံပယ်ချ

တဖက်က ခုလိုနိုင်ငံရးပါတီတွေရဲ့ဟောပြောမှုတွေစတင်နေသလို အခြားတဖက်မှာလည်း နိုင်ငံရေးပါတီ တွေရဲ့ ဟောပြောဖို့တင်သွင်းထားတဲ့လျှောက်လွှာတွေ ပယ်ချခံရမှုတွေလည်း ဆက်လက်ဖြစ်ပေါ်နေ ပါတယ်။ နောက်ဆုံးပယ်ချခံရတဲ့ ပါတီတွေကတော့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ ချုပ် ဥက္ကဌ ဦးအေးလွင်ရဲ့စာမူနဲ့ သူ့ရဲ့ညီဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ဥက္ကဌ ဦးရဲထွန်းတို့ရဲ့စာမူတွေပဲဖြစ်ပါတယ်။  ဟောပြောတင်ပြမယ့် စာမူပါအကြောင်းအရာတွေဟာ ကော် မရှင်ရဲ့ ညွန်ကြားချက်ပါ တားမြစ်ချက်တွေနဲ့ ငြိစွန်းနေတယ်ဆိုပြီး ခုလိုပယ်ချလိုက်တာဖြစ်တယ်လို့ ဒီဗီဘီကရရှိတဲ့ ကော်မရှင်ရဲ့ အကြောင်းကြားစာထဲမှာ ဖော်ပြထား ပါတယ်။ ဒီအရင်ကလည်း ဦးသုဝေဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဟောပြောတင်ပြမယ့် အကြောင်းအရာတွေကို ကော်မရှင်က လူပုဂ္ဂိုလ်တစ်ဦးကို ရည်ရွယ်ရေးသားထားတယ်ဆိုပြီး ပယ်ချခဲ့ပါ သေးတယ်။

ဦးတင်ဦး ဥရောပကော်မရှင်ထံ အိတ်ဖွင့်ပေးစာ ပေးပို့

ရွေးကောက်ပွဲကို သပိတ်မှောက်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဌ ဦးတင်ဦးက ပြည်တွင်း က ရွေးကောက်ပွဲ ထောက်ခံသူတွေနဲ့ ဥရောပအခြေစိုက်အဖွဲ့အစည်းတခုတို့ရဲ့ ဆက်စပ်နေမှုတွေနဲ့ ပတ်သက်ပြီး ဥရောပကော်မရှင်ကို အိတ်ဖွင့်ပေးစာတစောင် ပေးပို့လိုက်ပါတယ်။ ဥရောပကော်မရှင် မြန်မာပြည်တာဝန်ခံ မစ္စတာအင်ဒရီယာလစ် (Andreas List) ထံကို ဦးတင်ဦးက ပြီးခဲ့တဲ့ သတင်းပတ်ကပဲ ရေးသားပေးပို့လိုက်တာ လည်းဖြစ်ပါတယ်။ ဒီစာထဲမှာတော့ “ဥရောပ ကော်မရှင် အနေနဲ့ စစ်အစိုးရကိုယ်စား ဝါဒဖြန့်နေသူတွေနဲ့ လက်တွဲ လုပ်ဆောင်နေမှုတွေမရှိကြောင်း ရှင်းရှင်း လင်းလင်း သိသာနိုင်စေရေးအတွက် ဆောင်ရွက်ပေးဖို့ တိုက်တွန်းရေးသားထားတဲ့ အကြောင်းတွေ အဓိက ပါဝင်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးဖိုပ AI တောင်းဆို

ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတာသတင်းတွေ ဘက်မှာတော့ မြန်မာပြည်ထဲက အကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ ကျော်စလုံးကို ရွေးကောက်ပွဲမတိုင်ခင် အမြန်ဆုံး ပြန်လွှတ်ပေးဖို့  AI ခေါ် လန်ဒန်အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ ကြီးက တောင်းဆိုလိုက် ပါတယ်။ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ၃ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၂၃ ရက်ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာခုလို တောင်းဆိုလိုက်တာပါ။ မြန်မာ အစိုးရအနေနဲ့  တဖက်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်သွင်းအကျဉ်းချလို့ ရွေးကောက်ပွဲ အပြင်ရောက်အောင်လုပ်ထားပြီး တဖက်မှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲလုပ်မယ်လို့ပြောဆိုနေတာဟာ ယုံရခက်ကြီးဖြစ်နေတယ်လို့ အေအိုင်အဖွဲရဲ့ မြန်မာ့အရေး သုတေသီ ဘန်ဂျမင်ဇာဝါကီ Benjamin Zawacki က ကြေညာချက်မှာ ပြောကြားထားပါတယ်။

Advertisements

ရွေးကောက်ပွဲဆိုင်ရာ နေ့စဉ်သတင်းများ (၂၀၁၀ စက်တင်ဘာ ၂၃)


၂၃ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ ရုပ်မြင်သံကြားထုတ်လွှင့်ချက်များ)

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ စာမူများအား ကော်မရှင်ကပယ်ချ

အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာ ထုတ်လွှင့်ပြသဖို့အတွက် တင်ပြတဲ့  ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ စာမူတွေကို ရွေးကောက်ပွဲဥပဒေနှင့် ငြိစွန်းတယ်ဆိုတယ်ဆိုပြီး ကော်မရှင်က ပယ်ချလိုက်တယ် ပါတီဥက္ကဌ ဦးသုဝေက ပြည်ပမီဒီယာတွေကိုပြောပါတယ်။ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကနေတော့ ဟောပြောမယ့် အကြောင်းအရာတွေထဲမှာ ပုဂ္ဂိုလ်ရေးထိခိုက်စေမယ့် စကားလုံးတွေပါဝင်တယ်လို့ ပြောဆိုပြီး ပယ်ချလိုက်တာလို့လည်း ဦးသုဝေကပြောပါတယ်။ ဒီလို ပယ်ချလိုက်တဲ့အတွက် နောက်တစ်ကြိမ် ထပ်မံပြန်ပြရမှာဖြစ်ပြီး ထပ်မံပယ်ချဦးမယ်ဆိုရင်တော့ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာ မသိတော့ဘူးလို့လည်း ဦးသုဝေက ဆိုပါတယ်။

နိုင်ငံရေးပါတီတချို့နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိအချို့တွေ့ဆုံ

ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတချို့နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက အရာရှိအချို့ ဒီလ ၂၁ ရက်နေ့က ရန်ကုန်မြို့မှာတွေ့ဆုံပြီး ပါတီတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ အနာဂတ် နိုင်ငံရေး အခြေအနေတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမား ၀န်ကြီးဌာနက အရာရှိတဦး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး ယာယီတာဝန်ခံနဲ့ ပထမအတွင်းဝန်တို့ ၃ ဦးတို့ဟာ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF)၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ကပါတီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တာ လည်းဖြစ်ပါတယ်။

ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲကုန်ကျစားရိတ် စနစ်တကျပြုစုဖို့ ကော်မရှင်ထပ်မံအသိပေး

လာမယ့်ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းတွေကို စနစ်တကျ ပြုစုထားကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီလ ၁၆ ရက်နေ့က ကိုယ်စားလှယ်အသီးသီးကို ထုတ်ပြန် အကြောင်းကြားထားပါတယ်။ နိုင်ငံရေးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလလွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်းတွေကို ပြုစုရာမှာ တစ်ပြေးညီ ဖြစ်စေဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ပုံစံအတိုင်း စာရင်းပြုစု ဆောင်ရွက်ရမှာ လည်ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စာလှယ်လောင်းတွေအနေနဲ့ ရွေးကောက်ပွဲအသုံးစားရိတ်အဖြစ် ကျပ်ငွေ သိန်း ၁၀၀ အထိပဲ ကော်မရှင်က သုံးစွဲခွင့်ပြုထားပါတယ်။

အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် နည်းပါး

လာမယ့်ရွေးကောက်ပွဲအတွင်း ၀င်ရောက်ယှဉ်ပြိုင်မယ့် လွတ်တော်ကိုယ်စားလှယ် လောင်းစာရင်းထဲမှာ အမျိုးသမီးအရည်အတွက် နည်းပါးနေတာတွေ့ရပါတယ်။  အမတ်နေရာ ၁၆၂ နေ ရာနဲ့ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားအင်အားစု အန်ဒီအက်ဖ်ပါတီက ၁၀ ဦး၊ အမတ်နေရာ ၁၅၆ နေရာဝင်ပြိင်မယ့် ရှမ်းတိုင်း ရင်းသားဒီမိုကရက်တစ်ပါတီ (SNPP) က ၁၀ ဦးနဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ၇ ဦးတို့ အသီးသီး ပါဝင်ယှဉ်ပြိုင်ကြမှာလဲဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အများဆုံးနဲ့ ဒုတိယအများဆုံး ၀င်ရောက်ယှဉ်ပြိုင်မယ့် ကြံ့ခိုင်ရေးပါတီနဲ့ တစညပါတီတို့မှာတော့ အမျိုးသမီး လွတ်တော်ကိုယ စားလှယ် ဘယ်လောက်ပါဝင်တယ် ဆိုတာကိုတော့ မသိရှိရသေးပါဘူး။ နောက်ဆုံး ရရှိတဲ့စာရင်းတွေအရ ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၁၆၉ ဦးရှိပြီး အဲ့ဒီထဲ မှာ အမျိုးသမီးကိုယ်စားလှယ်လောင်းက ၁၇ ဦးပဲ ပါဝင်ပါတယ်။

အခြားပါတီစည်းရုံးရေး ကြံ့ခိုင်ရေးပါတီနှောက်ယှက်

ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ စည်းရုံးရေး အခြေအနေဘက်က သတင်းတွေမှာဆိုရင်တော့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ရဲ့ ဒလမြို့နယ်က ၀င်အရွေးခံမဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီရဲ့ စည်းရုံးရေးမှာ နယ်မြေခံကြံခိုင်ရေးပါတီဝင်တဦးက နှောက်ယှက်ခဲ့ပါတယ်။  ပါတီပိုစတာနဲ့ လက်ကမ်းစာစောင် တွေဝေငှနေချိန်မှာ ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက လုယူဆွဲဖြဲခဲ့တာပါ။  ဒီလိုနှောက်ယှက်ခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာပါတီနဲ့ ရွေးကောက်ပွဲကျင်းရေး ကော်မရှင်နဲ့ အာဏာပိုင်အဆင့်ဆင့်ကို တင်ပြ တိုင်ကြားသွားမယ်လို့လဲ  လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်တင်တင်ရီက ပြောပါတယ်။

မှားယွင်းငွေသွင်းခဲ့တဲ့ ကိုယ်စားလှယ် အာမခံ ငွေပြန်ထုတ်လို့မရ

ပဲခူးတိုင်းအနောက်ခြမ်း လက်ပတန်းမြို့နယ် မဲဆန္ဒနယ်က ပြည့်သူ့လွှတ်တော်အတွက် ၀င်ရောက်ယှဉ် ပြိုင်မယ့် “ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်” ပါတီက ဦးတင်ဦးဟာ ပြည်ခရိုင်မြန်မာ့ စီးပွားရေးဘဏ်မှာ ကိုယ်စားလှယ်လောင်းအဖြစ် အာမငွေ ငါးသိန်းပေးသွင်း လျှောက်ထားခဲ့ပြီးမှ မဲဆန္ဒနယ်မှားယွင်းနေတဲ့အတွက် သာယာဝတီခရိုင်မြန်မာ့ စီးပွားရေးဘဏ်မှာ ပြောင်းရွှေ့ လျှောက်ထားပြီး ငွေစာ၇င်း ပြောင်းလို့မရတဲ့အတွက် ထပ်မံပေးသွင်းခဲ့ရပါတယ်။ ဒါကြောင့် မှားယွင်းပေးသွင်းခဲ့တဲ့ငွေကို ပြည်ခရိုင်မြန်မာ့စီးပွားရေးဘဏ်ကနေ ပြန်လည် ထုတ်ယူလို့ မရဖြစ်နေတယ်လို့ သိရပါတယ်ခင်ဗျာ။

ကမန်းအမျိုးသားတိုးတက်ရေးပါတီ ပါတီဝင်အင်အားတင်ပြ

တိုင်းရင်းသားဒေသတွေဘက်က ရွေးကောက်ပွဲအကြိုကာလ သတင်းတွေဘက်မှာဆိုရင်တော့ ကမန် အမျိုးသားတိုးတက်ရေးပါတီဟာ စည်းရုံးလို့ရတဲ့ ပါတီဝင်အင်အားစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို  ဒီလ ၂၂ရက်နေ့မှာ လာရောက်တင်ပြခဲ့တယ်လို့ ကော်မရှင်က သတင်းထုတ်ပြန်ထား ပါတယ်။ ကမန်အမျိုးသားပါတီဟာ ရွေးကောက်ပွဲဝင်ခွင့်ရထားတဲ့ ဇကာတင် ၃၇ ပါတီထဲက ပါတီဝင် အင်အား တင်ပြဖို့  နောက်ဆုံး ကျန်နေတဲ့၃ ပါတီထဲက တခုဖြစ်ပါတယ်။

ကျားဖြူပါတီ အမျိုးသမီးကိုယ်စားလှယ်တစ်ဦး ပယ်ဖျက်ခံရ

ရှမ်းပြည်နယ် အခြေစိုက်ထူထောင်ထားတဲ့ ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသား ဒီမိုကရက် တစ်ပါတီရဲ့ အမျိုးသမီးလွတ်တော်တဦးကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်တယ်လို့ သိရပါတယ်။ အပယ်ခံရသူဟာ နန်းစောအုံ ဆိုသူဖြစ်ပြီး၊ ကချင်ပြည်နယ်ထဲက ဗမာလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းတင်သွင်းထားသူဖြစ်ပါတယ်။ ကော်မရှင် ဘက်ကတော့ နန်းစောအုံရဲ့ နိုင်ငံသား စီစစ်ရေးကဒ်ပြားက လူမျိုးမှာ ရှမ်းလူမျိုးဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပယ်ချလိုက်တာလဲဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိအခြေအနေမှာ ကျားဖြူပါတီ အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၅၆ ဦးပဲ ကျန်ရှိပါတော့တယ်။ အခုလို ပယ်ချခံရတာနဲ့ပတ်သက်ပြီး ထပ်မံယူခံဝင်ဖို့ရှိတယ်လို့လည်း သိရပါတယ်။

ဖမ်းဆီးခံရတဲ့ကျောင်းသားလူငယ်တွေကို အမြန်ဆုံး ပြန်လွတ်ပေးဖို့
စစ်အာဏာရှင် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု ကော်မီတီက တောင်းဆို

ရွေးကောက်ပွဲဆန့်ကျင်ရေးစာတွေ ဖြန့်ဝေခဲ့တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ဖမ်းဆီးခံရတဲ့ ကျောင်းသား လူငယ်တွေကို အမြန်ဆုံးပြန်လွတ်ပေး ဖို့စစ်အာဏာရှင် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု ကော်မီတီက တောင်းဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲဆန့် ကျင်ရေး လက်ကမ်းစာဆောင်တွေကို ဖြန့်လို့ဆိုပြီး ဒီလ ၁၇ ရက်နေ့က ဖမ်းဆီးခံထားရတဲ့ သက္ကသိုလ်ကျောင်းသားတွေကို အမြန်ဆုံးပြန်လွတ်ပေးဖို့ ကြေညာချက် တစ်စောင် ထုတ်ပြန်ထုတ်ဝေ တောင်ဆိုလိုက်တာလဲဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ ဖမ်းဆီးစစ်ဆေးခံ ကျောင်းသားလူငယ် ၇ နှစ် ဦးရှိနေပြီး အဲ့ဒီက (၃) ဦးကတော့  ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

မန္တလေးတွင် ရွေးကောက်ပွဲဆန့်ကျင်ရေး စာကပ်လှုပ်ရှားမှုဖြစ်ပွား

အထက်မြန်မာပြည်မြို့တော် မန္တလေးမြို့မှာ လွန်ခဲ့တဲ့ ရက်ပိုင်းတွေကပဲ ရွေးကောက်ပွဲ ဆန့်ကျင်ရေး စာကပ်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ ဒီစာတွေထဲမှာတော့ “ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေအရ ပြည်သူတွေအနေနဲ့ မဲပေးခွင့်ရှိသလို ဥပဒေအရ မဲမပေးဘဲ နေပိုင်ခွင့်ရှိသည် ဆိုသည့် စာသားပါရှိပြီး အဝါရောင် မဲပုံးပုံကို ကြက်ခြေခတ်အနီဖြင့် ခတ်ထားကာ အောက်ခြေ၌ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ (၇) ရက်၊ ဥပဒေအရ မဲမပေးဘဲ သပိတ်မှောက်ကြစို့” စတဲ့စာသားတွေပါဝင်တယ်လို့လည်း မန္တလေးမြို့ခံတွေက ပြောပါတယ်။ အလားတူ ရွေးကောက်ပွဲ ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ ရန်ကုန်အပါအ၀င် အခြားနယ်မြို့တွေမှာလည်း ဖြစ်ပေါ်နေပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ နေ့စဉ်သတင်းများ (၂၀၁၀ စက်တင်ဘာ ၂၂)


၂၂ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ ရုပ်မြင်သံကြားထုတ်လွှင့်ချက်များ)

မဲဆန္ဒရှင်စာရင်း မိတ္တူတစ်မျက်နှာ ကျပ် နှစ်ရာ

ဒီလ (၂၀) ရက်နေ့က ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ထုတ်ပြန်ကြေညာခဲ့တဲ့ မဲဆန္ဒရှင် စာရင်းတွေကို နိုင်ငံရေးပါတီတွေအနေနဲ့ ရယူလိုတယ်ဆိုရင် မိတ္တူတစ်မျက်နှာကို ကျပ်နှစ်ရာနဲ့ ကူယူနိုင်မယ်လို့ ကြေညာထားပါတယ်။ ဒီလိုကြေညာထားတာကြောင့် မဲဆန္ဒနယ်တစ်နယ်မှာ ရှိသမျှမဲဆန္ဒရှင်အားလုံးရဲ့ ကိုယ်ရေး အချက်အလက်တွေကို ရယူဖို့ နိုင်ငံရေးပါတီတွေ အခက်တွေ့နေ ကြရပြီး မဲဆန္ဒနယ်အများအပြားမှာ လွှတ်တော်ကိုယ် စားလှယ်လောင်းတွေ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေအနေနဲ့လည်း ဒီစာရင်းတွေအတွက် ငွေကြေးအမြောက်အများ အကုန်ကျခံကြရမယ့် အခြေ အနေမျိုးတွေဖြစ်ပါတယ်။

မဲရုံမှူးသင်တန်း သင်ကြားမှု မလုံလောက်

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က  မဲရုံစောင့်ကြည့်ရေး ရွေးကောက်ပွဲဆိုင်ရာ ရက်တိုသင်တန်း တွေကို ပြည်နယ်နဲ့တိုင်းဒေသတွေအလိုက် ဖွင့်လှစ်ပို့ချလျှက်ရှိနေပါတယ်။ ဒီလိုသင်ကြားပို့ချတဲ့နေရာမှာ သင်တန်းချိန်တိုတောင်းပြီး လုံလောက်တဲ့ သရုပ်ပြမှုတွေထိထိရောက်ရာက် မရှိတာကြောင့် သင်တန်းသားတွေကိုတိုင် မဲရုံစောင့်တာဝန်ကို ဘယ်လိုယူရမလဲဆိုတာနားမလည်နိုင် ဖြစ်နေကြတယ် လို့ သင်တန်းဆင်း မဲရုံစောင့်တာဝန် ယူထားသူအချို့က မီဒီယာတွေကိုပြောပါတယ်။ လက်ရှိအခြေအနေ မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ရွေးကောက်ပွဲကာလအတွင် တာဝန်ထမ်းဆောင်ဖို့အတွက် ပြည်သူရှစ်သောင်း ကျော်ကိုသင်တန်းပေးပြီးပြီလို့ ဆိုပါတယ်။

အစိုးရ၀န်ထမ်းများ ကြိုတင်မဲဖြင့် ပြည်ခိုင်ဖြိုးပါတီကို မဲပေးရမည်

လာမယ့်ရွေးကောက်ပွဲမှာ အစိုးရ၀န်ထမ်းတွေအပါအ၀င် မိသားစုတွေအနေနဲ့ ဆန္ဒမဲပေးဖို့မလိုပဲ ကြံ့ခိုင်ရေးပါတီရဲ့ မဲတွေအဖြစ် ကြိုတင်မဲပေးစနစ်နဲ့ စီမံလုပ်ဆောင်ဖို့ရှိနေတယ်လို့ နေပြည်တော် သတင်းရပ် ကွက်ဆိုပါတယ်။ နေပြည်တော်မဲဆန္ဒနယ်မှာ အစိုးရ၀န်ထမ်းနဲ့ မိသားစုဝင် သုံးသိန်းဝန်းကျင် အပါအ၀င် ဒေသခံပြည်သူတွေလည်းရှိနေပြီး နေပြည်တော်တိုင်းဒေသကြီးရဲ့ မဲဆန္ဒရှင်စာရင်း ဦးရေတွေကိုတော့ ရွေးကောက်ပွဲ တစ်လကျော်သာကျန်ရှိတော့ပေမယ့် တိတိကျကျ မသိရသေးပါဘူး။ အစိုးရ၀န်ထမ်းတွေ မိသားစုဝင်တွေအနေ နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုခဲ့တဲ့ ၂၀၀၈ ခုနှစ် ဆန္ဒမဲပေးစဉ်တုန်းကလည်း ကြိုတင်မဲစနစ်နဲ့ပဲ ထောက်ခံမဲတွေအဖြစ် ပေးခဲ့ကြရတယ်လို့လည်း အစိုးရ၀န်ထမ်းအသီးသီးက ဆိုပါတယ်။ ဒါအပြင် တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလို လက်နက်ကိုင်ဝန်ထမ်းတွေ ကြက်ခြေနီ၊ အရံမီးသတ်လို့ အရံလက်နက်ကိုင် ၀န်ထမ်းတွေအနေနဲ့လည်း ရွေးကောက်ပွဲရက်မှာ မဲပေးခွင့်မရှိပဲ ကြိုတင်မဲအနေနဲ့ပဲ ပေးသွားကြမှာဖြစ်ပါတယ်။ ဒီကြိုတင်မဲ စနစ်တွေနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်ခွင့်တွေနဲ့ပတ်သက်ပြီး ကော်မရှင်က တိတိကျကျ ထုတ်ပြန်ကြေညာ ပေးထားတာမျိုး မရှိသေးပါဘူး။

ပါတီစာစောင်များ ဆက်လက်ထုတ်ဝေ

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပါတီစာစောင်နဲ့ လက်ကမ်းစာစောင်တွေ ထုတ်ဝေခဲ့ပြီးတဲ့ နောက်ပိုင်းမှာပဲ အခြားနိုင်ငံရေးပါတီတွေလည်း ပါတီစာစောင်တွေ ထပ်မံထုတ်ဝေလာကြတာ တွေ့ရပါတယ်။ အဲ့ဒီထဲမှာဆိုရင်တော့ ခေတ်သစ်ပြည်သူ့ပါတီက “ဆင်ချင်သိမြင်အပ်သော ဒီမိုကရေစီအနှစ်သာရများ” စာစောင်၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က “ဒေါင်းအိုဝေ” စာစောင်၊ တစညလို့ လူသိများတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက “တိုင်းရင်းသား သတင်းလွှာ” စာစောင်နဲ့ ရှမ်းပြည်နယ်အခြေစိုက် ထူထောင်ထားတဲ့ ကျားဖြူပါတီလို့ လူသိများတဲ့ “ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်” ပါတီက “ကျားဖြူ သတင်းလွှာ” စာစောင်တွေကို အသီးသီးထုတ်ဝေလာကြတာလဲဖြစ်ပါတယ်။ ကျားဖြူသတင်းလွှာစာစောင်ထဲမှာတော့ ရွေးကောက်ပွဲ ဆိုင်ရာသတင်းတွေ၊ ပါတီစည်းရုံးရေးမူဝါဒတွေ၊ နိုင်ငံရေးအသိပညာပေးဆောင်းပါးတွေနဲ့ သတင်း ဓာတ်ပုံတွေကို ဝေေ၀ဆာဆာဖော်ပြလာတာတွေ့ရပါတယ်ခင်ဗျာ။

ပအိုဝ်းအပစ်ရပ်ပြည့်သူ့စစ်အဖွဲ့ ကြံ့ခိုင်ရေးပါတီအာ ကူညီဆောင်ရွက်မှု ရပ်တံဖို့

ပအိုဝ်းအမျိုးသားလွှတ်မြောက်ရေးအဖွဲ့ ပြောကြား

ရှမ်းပြည်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသမှာ လှုပ်ရှားနေတဲ့ PNA ခေါ် ပအိုဝ်း အပစ်ရပ် ပြည်သူ့စစ်အဖွဲ့အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေတဲ့ စစ်အစိုးရရဲ့ ကြံ့ခိုင်ရေးပါတီကို ကူညီအားပေး ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးနေတာကို ရပ်စဲဖို့ နအဖစစ်အစိုးရကို လက်နက်ကိုင်တော်လှန်နေတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ကပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၂၁ ရက်စွဲနဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်က ကြေညာချက် ထုတ်ပြန်သတိပေးထားတာလည်း ဖြစ်ပါတယ်။

မွန်နာမည်ကြီးတေးသံရှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည်

မွန်နာမည်ကြီး အဆိုတော်တဦးဖြစ်တဲ့ မင်းကျန်ရစ်ဟာ မွန်ပြည်နယ်လွှတ်တော်အတွက် မော်လမြိုင် မြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂) မှာ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီရဲ့ ကိုယ်စားလှယ်လောင်း အဖြစ် ၀င်ရောက် အရွေးခံမယ်လို့ သိရပါတယ်။ ဒါ့အပြင် မင်းကျန်ရစ်ဟာ သူ့ပါတီအတွက် ပါတီစည်းရုံး ရေးသီချင်းတွေကိုလည်း သီဆိုဖြန့်ချိပေးဖို့ စီစဉ်နေပြီလို့လည်း သိရပါတယ်။ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း (၃၄) ဦး ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး မွန်ပြည်နယ်မှ (၂၉) ဦး၊ ကရင်ပြည်နယ်မှ (၄) ဦး၊ တနင်္သာရီတိုင်းမှ (၁) ဦး အသီးသီး ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။

ကျားဖြူပါတီစည်းရုံးရေး ရှမ်းနာမည်ကြီးတေးသံရှင်များ ကူညီ

ကျားဖြူပါတီလို့ လူသိများတဲ့ ရှမ်းတိုင်းသားများဒီမိုကရက်တစ်ပါတီကို ရှမ်းနာမည်ကြီးတေးသံရှင်တွေက ပါတီအောင်နိုင်ရေး ကူညီမယ်လို့ သိရပါတယ်။ ရှမ်းနာမည်ကြီးတေးသံရှင်တွေက ပါတီစည်းရုံးရေး သီချင်းတွေ သီဆိုပြီး ကူညီကြမှာလည်းဖြစ်ပါတယ်။  အဲဒီသီချင်းတွေမှာ ပြည်သူ အတွက်တကယ် အလုပ် လုပ်မယ်ဒီမိုကရေစီ၊ လူ့အခွင့်အရေးငြိမ်းချမ်းရေး၊ ပြည်ထောင်စုအရေးအကြောင်းနဲ့ ကျားဖြူပါတီကို မဲပေးကြဖို့အကြောင်းတွေကို  ဂုဏ်ပြုစပ်ဆိုထားပါတယ်။ ဒီတေးသီချင်းတွေဟာ ပြည်ပမှာရှိတဲ့ ရှမ်းတိုင်းရင်းသားတွေကြားမှာတော့ အင်တာနက်ဝက်ဘ်ဆိုက်တွေက တဆင့် ပြန့်နှံ့နေပြီဖြစ်ပေမယ့် ပြည်တွင်းမှာတော့ တရားဝင်ဖြန့် ချီခြင်းမရှိသေးပါဘူး။

တစညပါတီ ၂၂ နှစ်ပြည့် အခမ်းအနားကျင်းပမည်

ရွေးကောက်ပွဲမှာ ဒုတိယအင်အားအကြီးမားဆုံးနဲ့ ရှေ့ပြေးနေတဲ့ တစညလို့ လူသိများတဲ့ ဦးနေ၀င်း ဦးဆောင်ထူထောင်ခဲ့တဲ့ “မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ” ၀င်ဟောင်းတွေနဲ့ ထူထောင်ထားတဲ့ တစညပါတီရဲ့ (၂၂) ပြည့်အခမ်းအနားကို ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီလ (၂၄) ရက် သောကြာနေ့မှာကျရောက်မယ့် တစညပါတီရဲ့ ၂၂ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်မြို့၊ ဆရာစံလမ်း၊ ကုက္ကိုင်းမှာရှိတဲ့ ပါတီဌာနချုပ်ရုံးမှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး လက်ရှိနိုင်ငံရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း ပါတီတာဝန်ရှိသူတွေက ရှင်းလင်းပြောကြားမယ် လို့လည်း သိရပါတယ်။

ကြံ့ခိုင်ရေးပါတီ၏ အမတ်လောင်းနှစ်ဦးကို ကော်မရှင်က ပယ်ချ

ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ၀င်အ ရွေးခံကြမယ့် ချင်းပြည်နယ်က ချင်းအမတ်လောင်း ၂ ဦးကို လွန်ခဲ့တဲ အပတ်က  ရွေးကောက်ပွဲ ကော် မရှင်ကနေ ပယ်ဖျက်လိုက်ကြောင်း ချင်းသတင်းဌာနမှာဖော်ပြပါတယ်။ ပယ်ဖျက်ခံရသူတွေဟာ ဟားခါးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ပူးဟရမ်ကျဲအိုနဲ့ ထန်တလန်မြိုနယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်လောင်း ပူးငွန်ဟရမ်းတို့ဖြစ်ပါတယ်။ သူတို့ဟာ နိုင်ငံခြားမှာ သွားရောက်နေထိုင်ခဲ့ဖူး တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကော်မရှင်က ပယ်ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာ့ရွေးကောက်ပွဲ ဒီမိုကရေစီနည်းလမ်းမကျဟု အမေရိကန်ဆို

လာမယ့် နိုဝင်ဘာ (၇) ရက် မြန်မာရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီနဲ့ တခြားပါတီတွေပါဝင်ခွင့်မရဘဲ ပယ်ဖျက်ခံရတဲ့အပေါ်  ဒါဟာ စိတ်ပျက်စရာကိစ္စ နောက်တခုဖြစ်တဲ့အကြောင်းနဲ့ မြန်မာရွေးကောက်ပွဲ ဟာ တခုခုတော့ ဖြစ်မှာဖြစ်ပေမယ့် ဒီမိုကရေစီနည်းလမ်းတော့ ကျမှာမဟုတ်ဘူးလို့ အမေရိကန် အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မတ်ခ်တိုနာက ၀ါရှင်တန်မှာမနေ့က ပြုလုပ်တဲ့ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်ခင်ဗျာ။

ရွေးကောက်ပွဲဆိုင်ရာ နေ့စဉ်သတင်းများ (၂၀၁၀ စက်တင်ဘာ ၂၁)


၂၁ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ ရုပ်မြင်သံကြားထုတ်လွှင့်ချက်များ)

မဲရုံများပြားမှုတွေကြောင့် ပါတီတွေအခက်တွေ့

လာမယ့် ရွေးကောက်ပွဲကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးထဲမှာတင် မြို့နယ် မဲဆန္ဒနယ်တွေ အလိုက် မဲရုံစုစုပေါင်း မဲရုံပေါင်း ၆၀၀၀ ခန့်ရှိမယ်လို့ ကော်မရှင်ရဲ့ စာရင်းဇယားတွေကို ကိုးကားပြီးတော့ နိုင်ငံရေးပါတီခေါင်းဆောင်အချို့ဆိုပါတယ်။ အဲ့ဒီထဲမှာတော့ စမ်းချောင်းမြို့နယ်မှာ မဲရုံပေါင်း ၆၀၊ မရမ်းကုန်းမြို့နယ်မှာ ၁၂၅ ရုံ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မှာ မဲရုံပေါင်း ၁၅၀ နဲ့ သင်္ကန်းကျွန်း မြို့နယ်မှာ မဲရုံပေါင်း ၁၂၅ ရုံ တည်ရှိမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရဲ့ နိုင်ငံရေးပါတီတွေကို ထုတ်ပြန်တဲ့ ကြေညာချက်တွေအရ မဲဆန္ဒရှင် ၁၀၀၀ စာအတွက် မဲရုံ တစ်ရုံနှုံး ထားရှိမှာလည်း ဖြစ်ပါတယ်။ ဒီလို မဲရုံတွေများပြားမှုတွေကြောင့် နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းတွေအနေနဲ့ မဲရုံကိုယ် စားလှယ်ထားရှိရေးနဲ့ မဲမသမာမှုတွေကို စောင့်ကြည့်ရေးအတွက် အခက်အခဲတွေဖြစ်စေတယ် လို့လည်း နိုင်ငံရေးပါတီခေါင်းဆောင် အသီးသီးက ဆိုကြပါတယ်ခင်ဗျာ။

မဲဆန္ဒရှင်စာရင်း ပြည်သူအများစု စိတ်မ၀င်စား

ဒီလ ၂၀ ရက်နေ့ကနေ စတင်ပြီး မဲဆန္ဒရှင် အမည်စာရင်းတွေကို ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရုံးတွေမှာ ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်မယ့် ဆန္ဒမဲပေးကြရမယ့် မဲဆန္ဒရှင် ပြည်သူ အများစုကတော့ သူတို့ရဲ့ မဲဆန္ဒစာရင်းတွေကို စိတ်ဝင်စားမှုမရှိကြတဲ့ အခြေအနေမျိုးတွေလည်း ဖြစ်ပါတယ်။ ဒါအပြင် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်တွေကို ဘယ်လိုဘယ်ပုံ အဆင့်ဆင့် ရွေးချယ်ကြရမယ်ဆိုတဲ့ ဆန္ဒမဲပေးစနစ်တွေကိုလည်း တိတိကျကျ မသိရှိကြတဲ့ အခြေအနေမျိုးတွေ ဖြစ်နေတဲ့အတွက် ဆန္ဒမဲစနစ်တွေကို ပညာပေးဖို့ အထူးလိုအပ်နေတယ်လို့လည်း ပါတီခေါင်းဆောင် တွေက အကြံပြုပြောဆိုကြပါတယ်။

ပါတီများ စက်တင်ဘာ ၂၄ ကစတင်ပြီး ရုပ်သံထုတ်လွှင့်မည်

အစိုးရပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားတွေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ ဒီလ (၂၄) ၇က်နေ့မှာ စတင် ဟောပြောတင်ပြနိုင်ဖို့အတွက် ရိုက်ကူးမှုတွေနဲ့ စာမူတင်သွင်းမှုတွေ နိုင်ငံရေးပါတီတွေ စတင်ပြုလုပ် နေကြပြီဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေအနေနဲ့ (၇) မျက်နှာရှိတဲ့ ပါတီဟောပြောချက်တွေကို ပြည်ထောင်စု ရွေးကောက်ပွဲကျင်းပရေးကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ရဲ့ စစ်ဆေးမှုတွေခံယူဖို့ ကြိုတင်တင်ပြနေကြရတာလဲဖြစ်ပါတယ်။ ဒီလ (၂၄) ရက်နေ့မှာတော့ မြို (ခေါ်) ခမီအမျိုးသား ညီညွတ်ရေးအဖွဲ့နဲ့ တိုင်းရင်းသားစည်းလုံးညွတ်ရေးပါတီတို့ကို စတင်ထုတ်လွှင့်မှာဖြစ်ပါတယ်။ တစ်ရက်ကို ပါတီနှစ်ခုနှုန်းနဲ့ နိုင်ငံရေး ပါတီ (၃၇) ပါတီအတွက် (၁၈) ရက်ကျော် ကြာမြင့်မှာဖြစ်ပြီး တစ်နေ့ကို ပါတီတစ်ခု (၁၅) မိနစ်နှုန်းနဲ့ မိနစ် (၃၀) စာ ထုတ်လွှင့်ပေးသွားမှာလည်းဖြစ်ပါတယ်။

တစည အစိုးရအထောက်အပံ့ရယူခြင်းမရှိဟုဆို

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ဟာ အစိုးရဆီက ငွေကြေးအထောက်အပံ့ ရယူခြင်းမရှိသလို စစ်အစိုးရ၀န်ကြီးတွေခေါင်းဆောင်တဲ့ ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ပတ်သက်ဆက်နွှယ်မှု မရှိတဲ့အကြောင်း ဒီဗီဘီကိုပြောပါတယ်။ တစညလို့ လူသိများတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီဟာ အမတ်နေရာ ၉၈၀ လောက်မှာ ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ကိုယ်စား လှယ်လောင်း ၄ ဦးအပယ်ခံထားရတဲ့အတွက် အယူခံဝင်နေတယ်လို့လည်းသိရပါတယ်။ ဒီပါတီဟာ ဦးနေ၀င်ခေါင်းဆောင်ခဲ့တဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီဝင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ပါတီ ဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် စည်းရုံးရေးရက်တိုသင်တန်းပေး

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက သူပါတီရဲ့ စည်းရုံးရေးအတွက် ကိုယ်စားလှယ်လောင်း တွေကို ရက်တိုသင်တန်းတခု ပေးခဲ့တယ်လို့သိရပါတယ်။  ပါတီဥက္ကဌ နအဖဝန်ကြီးချုပ် ဦးသိန်းစိန်နဲ့ ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေက ဒီလဒုတိယပတ်မှာ ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ နေပြည်တော် မှာရှိတဲ့ ပြည်ထောင်စုကြံ့ရေးနဲ့ ဖွံ့ဖြိုးပါတီရုံးချုပ်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီအခမ်းအနားကို စစ်ဘက်ကအနားယူပြီး ဝင်ရောက်အရွေးခံမယ့် ကိုယ်စားလှယ်လောင်း ၃ဝဝ ကျော်အပါအဝင် ကြံ့ဖွံ့အမတ် လောင်း ၄၀၀ နီးပါး တက်ရောက်ခဲ့ကြပြီး လူထုစည်းရုံးရေးတွေမှာ ပြောကြားသင့်တဲ့ အကြောင်းအရာတွေ၊ ဥပဒေရေးရာတွေကို ညွှန်ကြားပို့ချခဲ့တယ်လို့လည်း ကြံ့ခိုင်ရေး သတင်းရပ်ကွက် တွေကဆိုတယ်လို့ ပြည်ပမီဒီယာတွေမှာ  ရေးသား ဖော်ပြနေကြပါတယ်။

တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများ စာနယ်ဇင်းရှင်း

ရွေးကောက်ပွဲအကြိုကာလလှုပ်ရှားမှုတွေ ဘက်မှာဆိုရင်တော့ လာမယ့်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလ အနေနဲ့ ၀င်ရောက်ရှင်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဦးဘတင်ဆွေ၊ ဦးရန်ကျော်အပါအ၀င် (၁၄) ဦးဟာ နိုင်ငံရေးပါတီတွေနဲ့ မဟာမိတ်ဖွဲ့ခြင်း မရှိတဲ့အကြောင်း အသိပေးတဲ့ သတင်းစာရှင်းလင်းပွဲကို ဒီလ (၂၁) အင်္ဂါနေ့က၊ ရန်ကုန်မြို့။ ဆူးလေဘုရားလမ်း မှာရှိတဲ့ ကုန်သည်ကြီးများဟိုတယ်မှာ ပြုလုပ်သွားပါတယ်။ ဒီအခမ်းအနားမှာတော့ ဦးဘတင့်ဆွေ၊ ဦးရန်ကျော် အပါအ၀င် တသီးပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ် (၁၄) ဦးက ဘာကြောင့်ရွေးကောက်ပွဲဝင်ရတယ်ဆိုတဲ့ အကြောင်းအ၇င်းတွေကို အဓိကထား ရှင်းလင်းပြောကြားခဲ့ကြသလို အနာဂတ်မြန်မာနိုင်ငံမှာ အာဏာရှင်စနစ် မပေါ်ထွန်းရေး၊ ဒီမိုကရေစီလမ်းကြောင်းနဲ့ သွေဖီနေတဲ့ ဥပဒေတွေ ပယ်ဖျက်ပေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် ဖော်ဆောင်ကျိုးစားသွားမယ်လို့ တသီးပုဂ္ဂလ လွတ်တော် အမတ်လောင်းတွေက ပြောဆိုကြပါတယ်။

“မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ” ကိုယ်စားလှယ်အချို့ ပယ်ဖျက်ခံရ

တနင်္သာရီတိုင်းနဲ့ ရန်ကုန်တိုင်းအတွင်းမှာ နေထိုင်ကြတဲ့ မွန်လူမျိုးတွေအတွက် ဖွဲ့စည်းထားတဲ့  “မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ” ရဲ့ တိုင်းရင်းသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ချို့ကို ကော်မရှင်က ပယ်ဖျက်လိုက်တယ်လို့လည်း ဒီဗွီဘီမွန်သတင်းကဆိုပါတယ်။ ကော်မရှင်ကနေ အခုလို ပယ်ဖျက်လိုက်တဲ့ အကြောင်းပြချက်ကတော့ ဒီဒေသတွေက မွန်လူမျိုးတွေဟာ မွန်လူမျိုး အစစ်မဟုတ် ကြောင်းနဲ့ သတ်မှတ်ထားတဲ့ နိုင်ငံတော်ရှိ လူဦးရေ စုစုပေါင်း၏ (၀.၁) ရာခိုင်နှုန်း မပြည့်မှီတာကြောင့် ဖြစ်တယ်လို့ အမည်စာရင်းပယ်ဖျက်ခံရတဲ့ အမတ်လောင်းတို့က ပြောပါတယ်။ ဒီလိုပြုလုပ်တာကြောင့် မွန်လူမျိုးတွေအတွက် နစ်နာကြရပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားတွေက လူမျိုးနေရာမှာ မွန်-မြန်မာ ဖြစ်နေရင်လည်း အစိုးရမှ မွန်လူမျိုးအဖြစ် မသတ်မှတ်တဲ့အတွက် အရေအတွက်မပြည့်မီရခြင်း ဖြစ်ပြီး ရန်ကုန်တိုင်းမှာတင် မွန်လူမျိုး သိန်းချီ ရှိနိုင်တယ်လို့တည်း “မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ” ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း နိုင်ကွန်းချမ်းက ပြောပါတယ်ခင်ဗျာ။

ကမ္ဘာငြိမ်းချမ်းရေးနေ့ ရွေးကောက်ပွဲဆန့်ကျင်ရေးပိုစ်စကဒ်တာဖြန့်ဝေ

စက်တင်ဘာ ၂၁ ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လှုပ်ရှားမှုအဖြစ် ‘စစ်မှန် သော ငြိမ်းချမ်းရေးကိုရဖို့ ၂၀၁၀ ရွေးကောက်ပွဲကိုဆန့်ကျင်စို့’ ဆိုတဲ့ ပိုစ်စကဒ်တွေကို ရန်ကုန်မှာ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။ မင်္ဂလာဒုံဈေး၊ ထောက်ကြံ့ဈေး၊ ၀ါယာလက်ဈေးနဲ့ လှည့်တန်းဈေးတွေမှာ ဖြန့်ဝေခဲ့တာလို့ တက်ကြွလှုပ်ရှားသူတွေကပြောပါတယ်။ အလားတူ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်းတော၊ ရသေ့တောင်နဲ့ ဘူးသီးတောင်စတဲ့ဒေသတွေမှာလဲ ပိုစ်စကဒ်တွေကို  ဖြန့်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

ပါတီထူထောင်ခွင့်နောက်ဆုံး အခြေအနေ

လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ကို နိုင်ငံရေးပါတီအဖြစ် ထူထောင် ခွင့်နဲ့ ဆက်လက်တည်ထောင်ခွင့် လျှောက်ထားခဲ့တဲ့ နိုင်ငံရေးပါတီစုစုပေါင်း (၄၅) ခုရှိခဲ့ပြီး။ အဲ့ဒီထဲက တိုင်းရင်းသားပါတီ (၃) ခုကို ထူထောင်ခွင့်မပေးခဲ့ပါဘူး။ ဒါအပြင် ပါတီ (၅) ခုကို နိုင်ငံရေးပါတီများဥပဒေနဲ့အညီ မဆောင်ရွက်နိုင်တဲ့အတွက် ဖျက်သိမ်းခဲ့သလို ပါတီတစ်ခုကိုလည်း မှတ်ပုံတင် ထပ်မံတင်ပြနိုင်ခြင်း မရှိတဲ့အတွက် ဖျက်သိမ်းထားတဲ့အတွက် လက်ရှိအခြေအနေမှာ နိုင်ငံရေးပါတီ ၃၇ ပါတီပဲကျန်ရှိပါတော့တယ်။ ဒီကနေ့အထိ နောက်ဆုံးအနေနဲ့ ပါတီဝင်အင်အားတင်ပြထားတဲ့ ပါတီကတော့ “စည်းလုံး ညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ” ကချင်ပြည်နယ် (စဒက)နဲ့ “ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ” တို့က ပါတီဝင်အင်အားစာရင်း တင်ပြခဲ့ကြပြီး သတ်မှတ်ရက်အတွင်း ပါတီဝင်အင်အားစာရင်း တင်ပြပြီးတဲ့ပါတီ (၃၄)  ပါတီရှိပြီဖြစ်တဲ့ကြောင်း ကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

ရွေးကောက်ပွဲဆိုင်ရာ နေ့စဉ်သတင်းများ (၂၀၁၀ စက်တင်ဘာ ၂၀)


၂၀ စက်တင်ဘာ ၂၀၁၀ (ဒီဗွီဘီ ရုပ်မြင်သံကြားထုတ်လွှင့်ချက်များ)

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စာရင်းတွေစတင်ကြေညာ

ရွေးကောက်ပွဲကျင်းပရေးကော်မရှင်နေ ဒီလ (၂၀) ရက်နေ့မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ စာရင်းကို ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရုံးတွေမှာ စတင်ကြောညာလိုက်ပါတယ်။ ရန်ကုန်မြို့တွင်းက မြို့နယ်အချို့က ရပ်ကွက် တွေမှာ ရယကအဖွဲ့ဝင်တွေက အသံချဲစက်နဲ့ လှည့်လည်ပြီး မဲဆန္ဒရှင်တွေရဲ့ စာရင်းတွေ ကပ်ထားတဲ့အကြောင်း ဒီလ (၁၉) ရက်နေ့ညက ကြေညာခဲ့တယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။ ကျန်တဲ့ မြန်မာ့အနှံက ရပ်ကွက်ကျေးရွာတွေမှာလည်း အလားတူ ကြေညာတာမျိုးတွေရှိခဲ့ပြီး အာဏာပိုင်တွေက နေအိမ်တွေမှာ အိမ်ထောင်စုစာရင်းတွေနဲ့ မဲဆန္ဒရှင်စာရင်းကို လိုက်လံ စစ်ဆေးမှုတွေကို ထပ်မံပြုလုပ်နေတယ်လို့လည်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ဆန္ဒမဲပေးခွင့်ကန့်သတ်

ဒီလ (၂၀) ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်တဲ့ မဲဆန္ဒရှင်စာရင်းမှာ နေအိမ်အကျယ်ချုပ်ကျခံနေရတဲ့  မြန်မာဒီမိုကရေစီ ခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မဲပေးခွင့်မရပဲ တားဆီးပိတ်ပင်ခံထားရတယ်လို့ လည်းသိရပါတယ်။ ဗဟန်းမြို့နယ်၊ ရပ်ကွက်ရွေးကောက်ပွဲကော်မ၇ှင်က ထုတ်ပြန်ကြေညာထားတဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေရဲ့ မဲဆန္ဒရှင်စာရင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမည်ကို ချန်လှန်ထားတာ ဖြစ်တယ်လို့ အေပီသတင်းမှာ ဖော်ပြပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်မရသလို မဲပေးပိုင်ခွင့်ပါထပ်ပြီး ဆုံးရှူံးရတာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူနဲ့အတူနေထိုင်တဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ မ၀င်းမမတို့လည်း မဲစာရင်းမှာမပါဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲ သပိတ်မှောက် ထားသူတစ်ဦးဖြစ်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ပြုစဉ်က ဆန္ဒမဲပေးခဲ့ဘူးပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ပါတီစာစောင်များထုတ်ဝေ

နအဖစစ်အစိုးရ ဗိုလ်ချုပ်ဟောင်း ၀န်ကြီးတွေဦးဆောင်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်ခိုင်ဖြိုးပါတီ သတင်းလွှာစာစောင်တွေကို စတင်ထုတ်ဝေဖြန့်ချိလာပါတယ်။ လစဉ်ထုတ်နဲ့ အပတ်စဉ်ထုတ် သတင်းလွှာတွေ စာစောင် တွေကို စောင်ရေသိန်းချီ ရိုက်နှိပ်ထုတ်ဝေပြီး အခမဲ့ဖြန့်ချိနေတာလည်း ဖြစ်ပါတယ်။ လစဉ်ထုတ် ပြည်ခိုင်ဖြိုးပါတီ သတင်းလွှာမှာ စာမျက်နှာ ၄၀ ပါရှိပြီး စက္ကူအချော ရောင်စုံ ရိုက်နှိပ်ထားတာပါ။ စာစောင်တွေအတွင်း ကြံ့ဖွံ့ပါတီရဲ့ မူဝါဒ၊ အလုပ်သမား လယ်သမားရေးတွေ ဆောင်ရွက်ပေးမယ်စသဖြင့် ဖေါ်ပြမဲဆွယ်ထားတာကို တွေ့ရပါတယ်။ လက်ကမ်းစာစောင် တွေမှာလဲ မဲပေးပုံစံမှာ ပြည်ခိုင်ဖြိုးကို အမှန်ခြစ်ထားတဲ့ နမူနာပုံစံ ဖေါ်ပြထားပါတယ်။ ထူးခြားတာက ဒီသတင်းလွှာတွေမှာ နအဖ ၀ါဒဖြန့်နေတဲ့ လမ်း၊ တံတားကြီးတွေကို သူတို့ပါတီက ပြုလုပ်ထားတဲ့ပုံစံ ဖော်ပြခဲ့တာမို့ ပြည်ခိုင်ဖြိုးပါတီနဲ့ နအဖ အတူတူပဲဆိုတာကို ဖော်ပြသလို ဖြစ်နေတယ်လို့ ဝေဖန် နေကြပါတယ်။ ဒါ့အပြင် စာစောင်ရိုက်နှိပ် စားရိတ် ကြီးမားနေတဲ့အပြင် ပုဂ္ဂလိက စာပုံနှိုပ်စက်တွေက ပုံနှိုပ်ပေးဖို့ ကြောင့်လန့်နေကြတာကြောင့် အခြားပါတီတွေ အခက်အခဲတွေကြားက စောင်ရေ နည်းနည်းဘဲ ထုတ်ဝေနေချိန်မှာ ခုလိုပြည်ခိုင်ဖြိုးက သိန်းချီထုတ်ဝေလာတာကြောင့် အစိုးရပိုင်ပုံနှိပ်စက်တွေကို အသုံးပြု နေတာဖြစ်နိုင်တယ် လို့လည်း ဝေဖန်ပြောဆိုမှုတွေရှိနေပါတယ်။

ဒီမိုကရက်တစ်ပါ (မြန်မာ) ပါတီစာစောင်ထုတ်ဝေ

ဦးသုဝေဦးဆောင်တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ကလည်း “ဒေါင်းအိုးဝေ” လို့ အမည်ရတဲ့  ပါတီစာစောင်ကို ဒီလ (20) ရက်နေ့မှာပဲ ထုတ်ဝေလိုက်ပါတယ်။ ဒီမိုကရက်တစ်ပါတီကနေ ပြီးခဲ့တဲ့လပိုင်းကလည်း “ကဒေါင်း” ရွေးကောက်ပွဲဂျာနယ်ကို ထုတ်ဝေခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကိုဝေဖန် ရေးသားခဲ့တဲ့ ပါတီဥက္ကဌ ဦးသုဝေရဲ့ ဆောင်းပါးမှာ “ကလိန်ကချစ်” ဆိုတဲ့ အသုံးအနှုန်းပါဝင်ခဲ့တာကြောင့် စာပေစီစစ်ရေးကနေ ဆိုင်းငံပစ်ဒဏ်အဖြစ် ဒဏ်ငွေ နှစ်သိန်းကျော် ချမှတ်ခံထားရပါတယ်။

ဟောပြောချက် ပါတီစည်းရုံးရေးအသုံးချမှု ဆရာနေ၀င်းမြင့်ကန့်ကွက်

မန္တလေးက စာရေးဆရာ နေ၀င်းမြင့်ရဲ့ စင်္ကာပူစာပေဟောပြောပွဲ အကြောင်းအရာတွေကို တစည အမတ်လောင်း တစ်ဦးက သူ့ရဲ့ ပါတီစည်းရုံးရေးမှာ ခွင့်ပြုချက်မတောင်းခံပဲ  ဖြန့်ဝေစည်းရုံးခဲ့တဲ့အပေါ် ကာယံရှင်ဖြစ်တဲ့ ဆရာနေ၀င်းမြင့်က ကန့်ကွက် လိုက်ပါတယ်။ ဆရာနေ၀င်းမြင့်ရဲ့ ၂၀၀၉ စက်တင်ဘာ ၉ ရက်က စင်ကာပူနိုင်ငံမှာ စာရေးဆရာ ချစ်ဦးညို၊ စာရေးဆရာမ ဂျူးတို့နဲ့အတူ သွားရောက်ဟောပြောခဲ့တဲ့ စာပေဆိုင်ရာ ဟောပြောချက်တွေကို မင်းဘူးမြို့နယ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) အမတ်လောင်း ဦးခင်လှိုင်က သူရဲ့စည်းရုံးရေးဆိုင်ရာ ဟောပြောချက်နှင့်အတူ စီဒီနဲ့ ထည့်သွင်းဖြန့် ဝေခဲ့တဲ့အပေါ် ကန့်ကွက်လိုက်တာလဲဖြစ်ပါတယ်။

————————

ကေအိုင်အိုကို ရွေးကောက်ပွဲပြီးတာနဲ့ အပျက်ခြေမုန်းမယ်လို့ ကြံ့ဖွံ့ဥက္ကဌဆို

တိုင်းရင်းသားဒေသတွေဘက်က ရွေးကောက်ပွဲအကြိုကာလ သတင်းတွေဘက်မှာဆိုရင်တော့ နအဖစစ်အစိုးရဲ့ နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို လက်မခံတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ကို ရွေးကောက်ပွဲပြီးတာနဲ့ အပျက်ခြေမုန်းပစ်မယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဌ၊ လက်ရှိ နအဖ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်စိန်က ပြောကြားလိုက်ပါတယ်။ ဒီလအတွင်း သူ့ရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်းမှာ ပြည်သူ့စစ်ဖြစ်တဲ့ လဆန်အောင်ဝါနဲ့ အင်ဒီအေ (ကေ) ပြည်သူ့စစ်တပ်ဖွဲ့က လူတွေကို ခေါ်ယူပြီး ပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ နအဖစစ်အစိုးရဘက်ကနေ ကေအိုင်အိုကိုတွေ့ဆုံးဆွေးနွေးဖို့ လမ်းဖွင့်ပေးခဲ့ပြီး၊ နယ်ခြားစောင့်တပ် ဖွဲ့ဖို့ပြောထားခဲ့သလို၊ ပြည်သူ့စစ်တပ်ဖွဲ့ဖို့လည်း ပြောထားပြီး လက်နက်ချ ဖို့နောက်ဆုံး ပြောဆိုထား တာကြောင့် ဒါကိုလက်မခံတဲ့အတွက် အခုတော့ လက်နက်ချ အလင်းဝင်လာရင်တောင် လက်မခံတော့ဘူးလို့လည်း ပြောကြားခဲပါတယ်။ ဒါနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးတာဝန်ခံ ဂျိမ်းလွမ်းဒေါင်ကတော့ စစ်အစိုးရအနေနဲ့ တိုင်းရင်းသားတန်းတူ ညီမျှရေးကို ရာနှုန်းပြည့်မဟုတ်ဘူးဆိုရင်တောင်မှ ထက်ဝက်လောက်ပဲပါရှိမယ်ဆိုရင်ကို ဒီပြောဆိုချက်တွေကို လက်ခံမှာဖြစ်တယ်လို့ ပြန်လည်ပြောဆိုထားပါတယ်။ ကေအိုင်အိုခေါင်းဆောင်းဟောင်း ဒေါက်တာတူးဂျာ ဦးဆောင်တဲ့ “ကချင်ပြည်နယ်တိုးတက်ရေးပါတီ” KSPP ကို လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ပါတီထူထောင်ခွင့် မပေးသလို တသီးပုဂ္ဂလအနေနဲ့ ၀င်ရောက်ယှဉ်ပြိုင်မှုကိုလည်း ကော်မရှင်က ပယ်ဖျက်လိုက်ပြီးတဲ့ နောက်ပိုင်း အခုလို ၀န်ကြီးချုပ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌက ပြောကြားလာတာလဲဖြစ်ပါတယ် ခင်ဗျာ။

မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရတို့ကြား စစ်ရေးတင်မာ

မွန်ပြည်နယ်ဘက်မှာဆိုရင်လည်း မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရကြား စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ ဒီဗွီဘီမွန်သတင်းကဆိုပါတယ်။ စစ်အစိုးရကမ်းလှမ်းထားတဲ့ ပြည်သူ့စစ် အသွင်ပြောင်းလွဲဖို့ကိစ္စကို မွန်ပြည်သစ်ပါတီက တရားဝင်ငြင်းပယ် လိုက်ပြီးတဲ့နောက်ပိုင်း နှစ်ဖက်လုံးမှ စစ်ရေးပြင်ဆင်မှုတွေ ရှိနေတာကြောင့် မွန်ပြည်သစ်ပါတီရဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာအချို့က တိုင်းရင်းသားပြည်သူတွေ ထွက်ပြေးထိန်းရှောင်နေကြရပါတယ်။

ထိုင်းနိုင်ငံရှိ မြန်မာများ မဲပေးဖို့ စီစဉ်

ရွေးကောက်ပွဲကာလအတွင်း မြန်မာ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းနိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတဲ့ ရွေ့ပြောင်းမြန်မာ အလုပ်သမားတွေလည်း ဆန္ဒပေးဖို့အတွက် လူဝန်မှုကြီးကြပ်ရေးဌာနနဲ့ မြန်မာသံရုံးတို့က ပြင်ဆင်နေကြတယ်လို့သိရပါတယ်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ကြားမှာတော့ တလကျော်သာ ကျန်ရှိတော့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဘယ်လိုဘယ်ပုံဆန္ဒမဲပေးကြမယ်ဆိုတာ မသိရှိကြရသေးသလို အသစ်ထူထောင်ထားတဲ့ ပါတီတွေရဲ့ အကြောင်းကိုလည်း မသိရှိရသေးပဲ။ သူတို့ရဲ့ ဆန္ဒမဲတွေ ကြံ့ခိုင်ေ၇းပါတီရဲ့ မဲဖြစ်သွားမှာကို စိုးရိမ်နေကြရပါတယ်။

Categories

%d bloggers like this: