အံ့ဘုန်းမြတ် ၁၃ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)
‘နအဖ’ စစ်အစိုးရရဲ့ ရွေးကောက်ပွဲကျင်ပရေးကော်မရှင်က ရွေးကောက်ပွဲကျင်းပပြုလုပ်မယ့်ရက်ကို လာမယ့် နိုဝင်ဘာလ ၇ ရက်နေ့အဖြစ် ဒီကနေ့မှာ သတ်မှတ်ပြီး အမိန့်ကြော်ငြာစာနှစ်ခုနဲ့အတူ တရားဝင်ထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒီထုတ်ပြန်ချက်တွေကို နိုင်ငံပိုင်ရုပ်သံလိုင်းနဲ့ ရေဒီယိုတွေက ဒီကနေ့ နံနက်ပိုင်းက ကြေညာခဲ့တာဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ – ၈ ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ-၃၄ (ဂ) နှင့် နည်းဥပဒေ-၁၆ (ဃ) တွေအရ ၁၃၇၂ ခုနှစ် လတန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက် တနင်္ဂနွေနေ့မှာ လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ သတ်မှတ်ကြေညာခဲ့တာပါ။ ဒါအပြင် လွှတ်တော်အသီးသီးရဲ့ မဲဆန္ဒနယ်တွေအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှုတွေကို သြဂုတ်လ ၁၆ ရက်နေ့မှာ စတင်ပြုလုပ်ရမှာဖြစ်ပြီး နောက်ဆုံး ရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်တယ်လို့လည်း ဒီအမိန့်ကြေညာချက်တွေမှာဆိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စိစစ်မှုတွေကို စက်တင်ဘာလ ၆ ရက်နေ့က ၁၀ ရက်နေ့အတွင်း ပြုလုပ်သွားမှာဖြစ်ပြီး လွှတ်တော်ကိုယ် စားလှယ်လောင်းအမည်စာရင်း တင်သွင်းလွှာမှုတွေကို ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ စက်တင်ဘာလ ၃ ရက်နေ့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ ဆက်လက်တည်ထောင် ခွင့်လျှောက်ထားသည့် ပါတီ ၄၇ ပါတီရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပါတီ ၄၁ ပါတီ အနက် ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရသိရှိရပါတယ်။
၁၉၉၀ ပြည့်နှစ်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုတော့ မေလ ၂၇ ရက် တနင်္ဂနွေနေ့မှာ ကျင်းပခဲ့ပြီး ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂,၂၀၉ ဦးနဲ့ တစ်သီးပုဂ္ဂလအမတ် ၈၇ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။
Leave a Reply