ဓာတ်ပုံ, သတင်း, သတင်းဓာတ်ပုံ, ရွေးကောက်ပွဲ, နိုင်ငံရေး

ရွေးကောက်ပွဲကျင်းပမည့်ရက်အပေါ် နိုင်ငံရေးပါတီများ လက်မခံနိုင်


အံ့ဘုန်းမြတ် ၁၃ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)

ရွေးကောက်ပွဲကျင်းပရေးကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကျင်းပရက် သက်မှတ်ချက်အပါအ၀င် မဲဆန္ဒနယ်တွေအတွက် လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတွေ တင်သွင်းရမယ့် ကြေညာချက်တွေနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီအများစုက လွှတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွှေးကောက်ပွဲအဖြစ် ပေါ်ပေါက်မလာနိုင်တော့ဘူးလို့ ဝေဖန်ပြောကြား လိုက်ကြပါတယ်။ အဲ့ဒီထဲက ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင်က အခုလို စပြောလိုက်ပါတယ်။

“ကျနော်တို့နိုင်ငံရေးပါတီတွေကို အခုပဲ မနေ့တနေ့က လူဖြစ်စေသတည်းဆို လုပ်လိုက်ပြီး။ အခုပဲ ၁၆ နှစ်ပြည့်စေသတည်း ဆိုပြီး လုပ်လိုက်သလို ဖြစ်သွားတယ်ဗျ။ လုံလုံလောက်လောက် ပါတီတည်ဆောက်ချိန်မပေးဘဲနဲ့ ရွေးကောက်ပွဲကို ဇွတ်အတင်း ၀င်လုပ်တဲ့သဘော ဖြစ်သွားတယ်။ ဒါဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စပဲ။”

“နိုင်ငံရေးကို မသိတဲ့လူတွေ၊ နိုင်ငံရေးကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်တဲ့လူတွေက ကော်မရှင်လူကြီးလုပ်ပြီးတော့ လျှောက်လုပ်နေတဲ့ကိစ္စဖြစ်နေတယ်။ တော်တော် စိတ်ပျက်စရာကောင်းတာပေါ့။ တိုင်းပြည်ဒီမိုကရေစီနိုင်ငံ ဖြစ်ရာဖြစ်ကြောင်း အမှန်လမ်းကြောင်းကိုလည်းမကြည့်ဘူး။ အဲဒီ အတွက် ပြည်သူလူထု ပါဝင်နိုင်တဲ့ အခွင့်အလမ်းကိုလည်းမပေးဘူးဗျာ။ နိုင်ငံရေးလုပ်ရမယ်သူတွေရဲ့ နိုင်ငံရေးသဘော သဘာဝတွေကိုလည်း လေးစားလိုက်နာပြီးတော့ အသိအမှတ်ပြုပေးတာမျိုး မရှိဘူးဗျာ။ ဒီလိုသဘောတွေ အများကြီး ဆောင်နေပါတယ်။ ကြံ့ခိုင်ရေးပါတီတခုတည်း နိုင်ဖို့မဟုတ်ဘူး၊ ကြံ့ခိုင်ရေးပါတီတခုတည်းပဲ သူတို့က အာဏာအပ်ချင်တဲ့ သဘောကြီးက ပေါ်တင်ကြီးဖြစ်သွားပြီပေါ့ဗျာ။ ရွေးကောက်ပွဲကိုတောင် ရွေးကောက်ပွဲနဲ့တူအောင် သူတို့မလုပ်ချင်တဲ့ သဘောပါသွားပြီဗျ။ အဲဒီလိုပဲ အားမနာတမ်းပြောရတော့ မှာပဲဗျာ။ အခြေအနေက အဲဒီကို ရောက်သွားပြီ။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်ချိုချိုကျော်ငြိမ်းကလည်း အခုလို ဆိုပါတယ်။

“၁၉၉၀ ထက်စာရင် ဒိတ်အင်မတန်နည်းပါတယ်။ ပါတီတွေကိုလည်း မပိတ်ပေးသေးဘူး။ အန်တီတို့ကို ရက် ၉၀ ပေးမယ်လည်း ပြောထားတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ သွားပြီးတော့ မကိုက်ညီဘူးပေါ့နော်။ ပြောချင်တာလည်း ပြောလို့မရဘူးလေ။ အချိန်မရှိဘူး အချိန်ရှိတယ် ဘာညာ ဘာမှပြောလို့မှမရဘဲ။ ဒါအစိုးရက ဒါပဲဟေ့ဆိုပြီး ဗမာပြည်ရဲ့ ထုံးစံအတိုင်း အန်တီတို့ကလုပ်ရမှာပါ။ အဲဒီအထဲမှာမှ ပြည်သူတွေရဲ့ မေတ္တာကို အန်တီတို့က ယုံကြည်တယ်။ ပြည်သူတွေရဲ့မေတ္တာကို အားကိုးပြီးတော့ အန်တီတို့ပါလီမန်ထဲ ပြေးဝင်မယ်။”

ဒါအပြင် နိုင်ငံရေးပါတီအတွေအနေနဲ့ ပါတီဝင်စုဆောင်းရေး၊ မဲဆွယ်စည်းရုံး ရေးတွေအတွက်နဲ့ လွှတ်တော်ကိုယ်စားလှယ် အမည်စာရင်းတင်သွင်းရေးနဲ့ အာမခံငွေထားရှိရေးတွေအတွက် ပါတီတွေ အခက်အခဲတွေဖြစ်ပေါ်စေမယ်လို့လည်း အခြားပါတီ ခေါင်းဆောင်တွေကလည်း ဆိုပါတယ်။ အရပ်သားတွေဦးဆောင်တဲ့ ပါတီတွေ ဒီလိုအခက်အခဲဖြစ်အောင် သတ်မှတ်လိုက်တဲ့အပေါ် ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌသစ် ဦးသိန်းဌေးက အခုလို ဝေဖန်လိုက်ပြန်ပါတယ်။

“အခုလို လုပ်လိုက်ခြင်းအားဖြင့် ကျနော်တို့ ပါတီတွေကို ဖျက်ပစ်လိုက်တယ်ပေါ့။ အဲဒီလိုပဲ ယူဆလို့ရတယ်။ အဲဒီလို ဖျက်လိုက်ခြင်းအားဖြင့် ဘာဖြစ်လာ နိုင်လဲဆိုတော့ လွှတ်တော်ထဲကို ဒီမိုကရက်တစ်အင်အားစုတွေက အမတ်လောင်းတွေ နည်းနိုင်သမျှနည်းခြင်းပေါ့ဗျာ။ အဲဒီအတိုင်းသွားမှာကိုး၊ နည်းနိုင်သမျှနည်းအောင်လည်း သူတို့က ဒီအချိုးအကွေ့ကို ချက်ချင်းချိုးပစ်လိုက်တာကိုး။ ချိုးလိုက်တဲအခါမှာ ဒီကျနော်တို့ ဒီမိုကရက်တစ်အင်အားစု ပါတီတွေက နည်းတဲ့နေရာတွေမှာ ပြည်ခိုင်ဖြိုးက တနိုင်ငံလုံးသွင်းသွားမှာကိုး။ နောက်ဆုံးမှာ လွှတ်တော်ထဲမှာ သူတို့ကို အထောက်အကူပြုတဲ့ သူတို့အင်အားစု တွေသာ လွှတ်တော်ထဲမှာ နေရာရရေးလမ်း ကိုချိုးလိုက်တာဗျ။ ကျနော်တော့ အဲဒီလိုပဲ မြင်တယ်။”

‘နအဖ’ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရဲ့ ဒီကြေညာချက်ဟာ လာမယ့်ရွေးကောက်ပွဲကို တရားမျှတမှု မရှိတဲ့ရွေးကောက်ပွဲ အဖြစ်ပိုမို ထင်ရှားသွားစေပြီလို့လည်း ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌသစ် ဦးသိန်းဌေးက ခုလို ဝေဖန်ပြောဆိုလိုက် ပြန်ပါတယ်။

“မနေ့ကအထိ အခင်းအကျင်းကို ကျနော်တို့ သုံးသပ်ထားတာက လွှတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်ချေ အားနည်းတယ်။ ဒီအပေါ်မှာလည်း ကျနော်တို့ပါတီက စဉ်ဆက်မပြတ် အမြဲတမ်းတောင်းဆိုလာတယ်။ ကျနော်တို့ တောင်းဆိုတဲ့အပြင်ကို တောင်းဆိုတဲ့အချက်တွေကိုလည်း ပြည်သူလူထုကို တတ်နိုင်သမျှ အသိပေးတင်ပြခဲ့တယ်။ ကျန်တဲ့ အင်အားစုတွေကိုလည်း အသိပေးတင်ပြခဲ့တယ်။ ဒီနေ့ သူတို့ထပ်ပြီးတော့ ထုတ်လိုက်တဲ့ပုံကို ပြန်ကြည့်လိုက်တော့ ခုနက လွတ်လပ်တယ် ဆိုတဲ့အသုံးအနှုန်းကို ခဏဖယ်ထားပြီးတော့ ဒီနေ့သူတို့ကြေညာချက်အပေါ်မှာ ကျနော်တို့ ဘယ်လိုမျိုး သုံးသပ်လို့ရနိုင်သလဲဆိုတော့ မျှတတဲ့ရွေးကောက်ပွဲ မဖြစ်နိုင်တော့ဘူးလို့ ကျနော်တို့က သုံးသပ်လို့ရနိုင်ပါတယ်။”

နိုင်ငံရေးပါတီအများစုကတော့ ကော်မရှင်ရဲ့ ရွေးကောက်ပွဲကျင်းပရက်အပါအ၀င်၊ လွှတ်တော်ကိုယ်စားလှယ်အမည် စာရင်းတင်သွင်းရေးနဲ့ အခြားမဲဆွယ် စည်းရုံးရေး ကန့်သတ်ချက်၊ ရံပုံငွေရှာဖွေရေးကန့်သတ်ချက် စတဲ့အရာတွေကို လျှော့ပေါ့ပြောင်းလဲပေးဖို့ ပါတီတွေစုပေါင်းတောင်းဆို သွားကြမယ်လို့လည်း ပါတီခေါင်းဆောင်တွေက ဆိုပါတယ်။ ဒီလိုတောင်းဆိုဖို့အတွက် နိုင်ငံရေးပါတီတွေ စုပေါင်းလုပ်ဆောင်ကြဖို့ အချိန်တန်ပြီလို့ မြန်မာ့ဒီမိုကရေစီကွန်ဂရက်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ကိုဝေမှူးသွင်က ဆိုလိုက်ပါတယ်။

“ပါတီအများစုက တကယ်လုပ်သင့်လုပ်ထိုက်တာက ပါတီအများစုက စာပို့ပြီး တယောက်နဲ့တယောက် နှိုးဆော်တာ လုပ်ပြီးတော့ ဒါမှမဟုတ် ပေါင်းပြီးတော့ပေါ့နော် ဒီဟာတွေဟာ မဖြစ်သင့်သေးပါဘူး၊ ဒီဟာတွေက အရမ်းနည်းပါတယ်၊ ဒီဟာ တွေ ဒီဟာတွေကို ပြုပြင်သင့်ပါတယ်ဆိုတဲ့ဟာမျိုးကို ကော်မရှင်ကို ကျနော်တို့က တညီတညွတ်တည်း တောင်းဆိုသင့်တယ်လို့တော့ ကျနော်မြင်တယ်။ အဲဒါက အားလုံးပူးပေါင်းပါဝင်ဖို့ လိုတယ်လို့လည်း ကျနော်ထင်တယ်။ ဖြစ်နိုင်ခြေရှိတယ်လို့လည်းသုံးသပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဟာကအခြေအနေက အဲဒီလိုဖြစ်နေတာကိုး။ ပြီးတော့ကျနော်တို့က စားရတဲ့အနေအထားကအရမ်း ကျပ်တည်းနေတယ်လေ။ အခုဟာက နိုဝင်ဘာ ၇ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်ထွက်လာတဲ့အချိန်ကို သူက အရောက်မခံဘူးပေါ့၊ အဲဒီလိုမျိုး သူတို့က ဆုံးဖြတ်ခဲ့တာ ဖြစ်နေတယ်။”

ဒါအပြင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးလွင်ကတော့ အစိုးရနဲ့ ကော်မရှင်ကို ကန့်ကွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

“လက်ရှိတည်ဆဲ အစိုးရအနေနဲ့က တိုင်းပြည်ကို ပရမ်းပတာပေါ့ဗျာ သိက္ခာမဲ့စွာလုပ်နေမယ်။ ကော်မရှင်ကလည်း ကော်မရှင်သိက္ခာမရှိ။ အစိုးရကလည်း အစိုးရ သိက္ခာမရှိ အဲဒီလိုလုပ်ပြီးတော့ ဒီနိုင်ငံပါတီတွေကို နိုင်ငံရေးပါတီအနေနဲ့ တူတူတန်တန် တည်ဆောက်ဖို့ အချိန်မပေးဘဲနဲ့ အခုလိုမျိုး လုပ်တာကြီးကတော့ ကျနော်တို့က ကန့်ကွက်ရမယ့်ကိစ္စ ဖြစ်သွားပြီဗျ။ ဒါကျနော်တို့ ကန့်ကွက်သွားမှာပါ။ တဖက်က အဲဒါကန့်ကွက်ပြီးတော့ ငုတ်တုတ်တော့ ထိုင်နေလို့တော့ မရဘူးပေါ့။ တတ်နိုင်သ၍ ကျနော်တို့က ပြည်သူကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအခင်းအကျင်း ဖြစ်အောင်တော့ ကျနော်တို့ဆက်လုပ် သွားမှာပဲ။”

လက်ရှိအခြေအနေမှာတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၄၇ ပါတီရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်လျှောက်ထားတဲ့ ပါတီ ၄၁ ပါတီထဲက ပါတီ ၄၀ ကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ၁၉၉၀ ပြည့်နှစ်မှာ လုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုတော့ မေ လ ၂၇ ရက် တနင်္ဂနွေနေ့မှာ ကျင်းပခဲ့ပြီး ပါတီ ၉၃ ပါတီက ကိုယ်စားလှယ်ပေါင်း ၂,၂၀၉ ဦးတို့နဲ့ တစ်သီးပုဂ္ဂလ ၈၇ ဦးတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: