သတင်း, ရွေးကောက်ပွဲ, နိုင်ငံရေး

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုညိုထွန်း နိုင်ငံရေးလှုပ်ရှားမှုမှ ရပ်နားမည်


အံ့ဘုန်းမြတ် ၁၂ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)

ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးဖြစ်တဲ့ ရုပ်ရှင်ဒါရိုက်တာ သျှိုညိုထွန်းသိန်း (ကိုညိုထွန်း) ဟာ လက်ရှိ တာဝန်ယူထားတဲ့ UDP ပါတီ ရဲ့ နာယကရာထူးကနေနှုတ်ထွက်ပြီး နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်လှုပ်ရှားမှုတွေ ကိုလည်း ရပ်နားပြီး ဒါရိုက်တာအလုပ်ကိုပဲ ဇောက်ချလုပ်ကိုင်တော့မယ်လို့သိရပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ အထွေထွေအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကိုညိုထွန်းဟာ အသစ်ထူထောင်တဲ့ နိုင်ငံရေးပါတီတခုဖြစ်တဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီ UDP ပါတီရဲ့ နာယကတာဝန်ယူထားရာက တာဝန်ကို ရပ်နားလိုက်တော့မှာပါ။ ရုပ်ရှင်နဲ့ ဗွီဒီယို ဒါရိုက်တာတယောက်အနေနဲ့ နိုင်ငံရေးနဲ့ ပတ်သက်နေတဲ့အတွက် ထုတ်လုပ်သူတွေက ဇာတ်ကားရိုက်ကူးဖို့ ကမ်းလှမ်းမှုတွေ နည်းပါးလာတာကြောင့် အခုလို နိုင်ငံရေးအလုပ်တွေကို ရပ်နားပြီး အနုပညာအလုပ်ကိုပဲ ဇောက်ချလုပ်ကိုင်ဖို့ ရွေးချယ်လိုက်ရတာဖြစ်တယ်လို့ ကိုညိုထွန်းက ပြောပါတယ်။

“ကျနော်တို့က ပါတီတခုဖြစ်မြောက်ဖို့အတွက် ဖြစ်မြောက်ရေးကော်မတီ ထဲမှာပါတယ်။ ပြည်ထောင်စု ဒီမိုကရေစီပါတီ ဆိုပြီးတော့ ထောင်ကြတယ်ပေါ့ဗျာ။ အဲဒီတုန်းကတော့ ဖြိုးမင်းသိန်း ဥက္ကဋ္ဌပေါ့ဗျာ။ အခုတော့ ဖြိုးမင်းသိန်းကလည်း နှုတ် ထွက်သွားပြီ။ ဒီဘက်နောက်ပိုင်း သူတို့ထောင်ပြီးတော့ ကျနော့်ကိုအကြံပေးပါ၊ ကူညီပါ၊ နာယကနေရာက နေပေးပါဆိုလို့ ကျနော်နေပေးလိုက်တယ်။ အဲဒီနေပေးတဲ့ သတင်းတွေက ဂျာနယ်တွေထဲပါသွားပြီးတော့ ပရိုဂျူဆာ တချို့က ကျနော့်ကို လန့်ဖြန့်သွားပြီး မရိုက်ရဲကြတော့ဘူးပေါ့ဗျာ။ အဲဒီတော့ ကျနော့် ဘ၀အနေအထားအရ လောလောဆယ် နိုင်ငံရေးနဲ့ ကင်းမှရမယ်။ ကျနော်အနုပညာ လုပ်ငန်းနဲ့ပဲ ရပ်တည်တော့မယ်။”

ကိုညိုထွန်းဟာ ၁၉၈၈ ခုနှစ် မြန်မာ့ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှုမှာ အသစ်ပြန်လည်ဖွဲ့စည်းတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှာ အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့ပြီး၊ ၁၉၈၉ ခုနှစ်မှာ ‘န၀တ’ စစ်အစိုးရရဲ့ ထောင်ဒဏ်ချမှတ်တာကို ခံခဲ့ရပါတယ်။ ဒီလိုနိုင်ငံရေး နောက်ခံသမိုင်းကြောင်းတွေ ရှိခဲ့ပေမယ့် လက်ရှိအခြေအနေမှာ နိုင်ငံရေးအလုပ်ကို ရပ်နားလိုက်ရပေမယ့်လည်း နိုင်ငံရေးကိုတော့ စိတ်ဝင်တစားနဲ့ အခြားပုံသဏ္ဍာန်တမျိုးနဲ့တော့ လုပ်ကိုင်နေဦးမှာပဲလို့ဆိုပါတယ်။

“နိုင်ငံရေးဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ သို့သော် ကျနော့်ဘ၀အနေ အထားအရ ဒါရိုက်တာဘ၀နဲ့ပဲနေတော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော့်မိသားစုမှာက စီးပွားရေးက ဒီတခုပဲရှိတယ်။ ကျန်တာဘာမှမရှိဘူးဖြစ်နေလို့။ သားသမီးက လည်း သုံးယောက်ဆိုတော့ ကျနော်ဒါရိုက်တာအဖြစ်ပဲ ရပ်တည်တော့မယ်ဗျာ။ လုပ်ချင်တာတွေတော့ရှိတာပေါ့။ သို့သော်ကိုယ့်ဘ၀အခြေအနေအရ ရွေးချယ်စရာက ဒီတလမ်းပဲရှိတော့တယ်။ သို့သော် တသက်လုံး မလုပ်ဖူးလို့တော့ မဆုံးဖြတ်ဘူးပေါ့ဗျာ။ အခြေအနေပေးရင်တော့ နောက်သက်တမ်းမှာပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ကျနော့်ဘ၀အနေအထားအရ အခြေအနေပေးလာရင်တော့လည်း တမျိုးပေါ့။ ဒါပေမယ့်လို့ နိုင်ငံရေးကတော့ ကျနော်အမြဲတမ်း စိတ်ဝင်စားနေမှာပါ။ ဘယ်ဌာနကပဲ ဖြစ်ဖြစ် သတင်းတခု ကြားတယ်ဟုတ်ပါသလား။ ခင်ဗျားအဲ့ဒါကို ဘယ်လိုမြင်ပါသလဲ၊ သုံးသပ်ပေးပါအုံး၊ ဘယ်လိုမြင်လဲ၊ အမြင်လေးတွေ ပြောပါဦးဆိုရင် ကျနော်ကတော့ ပြောနေမှာပဲလေ။”

လက်ရှိ နအဖစစ်အစိုးရ ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေအပေါ်ကို ကိုညိုထွန်းက အခုလို သုံးသပ် ပြောကြားလိုက်ပါတယ်။

“အခုလိုမျိုး ၂၀၁၀ ရွေးကောက်ပွဲလုပ်လိုက်တဲ့ကိစ္စက စစ်အာဏာရှင်ထက်စာရင်တော့ နည်းနည်းတော့ ပိုပြီးတော့ လွတ်လပ် ပွင့်လင်းလာမယ်လို့ ထင်ပါတယ်။ အဲဒီအတွက် တရာ မရရင်တောင် တကျပ်ရရ၊ နှစ်ကျပ်ရရပေါ့ဗျာ။ ကျနော်တော့ ပြိုင်သင့်တယ်လို့မြင်ပါတယ်။ ပြိုင်သင့်တာကလည်း စတန့်ထွင်တာတွေ၊ မရိုးသားတာတွေ၊ မပါသင့်ပဲနဲ့ ရိုးရိုးပြည်သူလူထုအပေါ် ကောင်းစားစေချင်တဲ့စိတ်နဲ့၊ တိုင်းပြည်ကောင်းစားစေချင်တဲ့စိတ်နဲ့ သန့်သန့်ရှင်းရှင်း ရိုးရိုးသားသား တရားမျှမျှတတ ပြိုင်ဆိုင်သင့်တယ်လို့ ကျနော်တော့မြင်ပါတယ်။”

ကိုညိုထွန်းဟာ ၁၉၉၈ ခုနှစ်လောက်မှာ အကျဉ်းထောင်က ပြန်လည်လွတ် မြောက်လာပြီး ၂၀၀၀ ပြည့်နှစ်တွေမှာ အနုပညာ လောကအတွင်း ဒါရိုက်တာသျှိုညိုထွန်းသိန်းအမည်နဲ့ လုပ်ကိုင်ခဲ့ပြီး ဗွီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးဖန်တီး ခဲ့ပါတယ်။

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: