အံ့ဘုန်းမြတ် ၁၀ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)
စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး ဟောပြောမှုတွေ လုပ်ဆောင်ပြီး စစ်အစိုးရ၀န်ကြီးတချို့ ကျောထောက်နောက်ခံရှိတယ်လို့ ဝေဖန်ခံနေရတဲ့ ဦးအေးလွင်တို့ညီအကို ဦးဆောင်တဲ့ပါတီတွေဟာ ပုလဲကွန်ဒိုမှာဖွင့်လှစ်ထားတဲ့ သူတို့ရဲ့ ပါတီဌာနချုပ်ရုံးခန်းတွေကနေ ဖယ်ရှားပေးရတော့မှာဖြစ်ပါတယ်။ ဦးအေးလွင်ခေါင်းဆောင်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နဲ့ ဦးရဲထွန်း ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ရဲ့ ပါတီဌာနချုပ်ရုံးခန်းတွေကို ခုလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပိုင်ရှင်ကဖယ်ရှားခိုင်းနေပါတယ်။ ရန်ကုန်မြို့၊ ဆရာစံလမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းထောင့် ပုလဲကွန်ဒိုရှိ အဲဒီအခန်းတွေကနေ ဖယ်ပေးဖို့ Asia Express ကုမ္ပဏီက တရားဝင်ပြောကြားလာပါတယ်။ ဒီလိုပြောကြားလာတာနဲ့ပတ်သက်ပြီး ဦးအေးလွင်က အခုလိုပြောပြပါတယ်။
“သူတို့ကုမ္ပဏီပိုင်မဟုတ်ဘူး။ သူတို့က ကုမ္ပဏီက ဆောက်နေတာပေါ့။ ဆောက်နေတော့ သူတို့က ဒီဟာကို မြို့တော်စည်ပင်သာယာရေးကော်မတီနဲ့ သူတို့နဲ့ဖက်စပ်ပေါ့။ မြို့တော် စည်ပင် သာယာရေးကော်မတီကို လွှဲရမယ့်ထဲမှာပါလို့ အဲဒါ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဖယ်ပေးဖို့ သူတို့အခန်းတွေ ပြင်ရမှာပေါ့ အဲဒါပြောတာ။”
ဦးအေးလွင် ဦးဆောင်တဲ့ နိုင်ငံရေးအင်အားစုဝင်တွေဟာ ၂၀၀၇ စီးပွားရေး ပိတ်ဆို့မှုဆန့်ကျင်ရေး အမေရိကန်သံရုံးရှေ့ ဆန္ဒပြအပြီး ဒီရုံးခန်းမှာ အဲ့ဒီနှစ် ဇူလိုင်လကစတင်ကာ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်လာတဲ့ အမှတ်-၁ စက်မူ ၀န်ကြီးဌာန၀န်ကြီး ဦးအောင်သောင်းက ဖွင့်လှစ်ခွင့်ပေးခဲ့တာလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုထွက်ပေါ်ပြီး သုံးနှစ်အကြာမှာ ပိုင်ရှင်တွေဘက်က အခုလိုပြောင်းရွှေ့ဖို့ ပြောကြားလာတာလည်းဖြစ်ပါတယ်။ ဒီအပေါ်ကိုတော့ ဦးအေးလွင်က
“ထင်တာမြင်တာတွေကတော့ ပြောကြတာပေါ့။ ဒါပေမယ့် အဓိကတော့ ကုမ္ပဏီတွေနဲ့ နောက်ဆုံး အခန်းပြင်ဆင်တာတို့ ဘာတို့လုပ်ပြီးတော့ သက်ဆိုင်ရာကို အပ်ခါနီးလို့ဆိုပြီး အကြောင်းပြချက်က အဲဒီ လိုပဲပါပါတယ်။ သူတို့စီမံပိုင်ခွင့်ရှိတဲ့ ကာလအထိ သူတို့ပေးထားတဲ့ သဘောပါပဲ။ သူတို့စီမံပိုင်ခွင့်မရှိလို့ သူတို့ပိုင်ရှင်ဆီကို လွှဲရမယ့်အချိန်ရောက်လာလို့ လွှဲရတဲ့သ ဘောဘဲလေ၊ ကျနော်တို့လည်း ထင်မြင်ချက်တော့မပေးချင်ပါဘူး။”
ဌာနချုပ်ရုံးခန်းကို ကမာရွတ်မြို့နယ်ရှိ ရန်ကုန်တိုင်းပါတီရုံးခန်းမှာပဲ ပြန်လည်ဖွင့်လှစ်မယ်လို့လည်း သူကပြောပါတယ်။ ဦးအေးလွင်နဲ့ ဦးရဲထွန်းဦးဆောင်တဲ့ နိုင်ငံရေးပါတီနှစ်ခုဟာ စည်ပင်သာယာပိုင် ဈေးတွေထဲ ပါတီရံပုံငွေအလှူကောက်ခံမှု ကြောင့် မြို့တော်စည်ပင်သာယာရေးကော်မတီက တရားစွဲခံထားရပါတယ်။ ဒီပါတီနှစ်ခုဟာ နိုင်ငံရေးပါတီတွေမှတ်ပုံတင်ခွင့် ပြုပြုချင်း အစောဆုံး မှတ်ပုံတင်ခဲ့တဲ့ ပါတီတွေဖြစ်ပြီး ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ပါတီထူထောင်ခွင့် အစောဆုံး ချပေးခဲ့တဲ့ ပါတီနှစ်ခုဖြစ်သလို လက်ရှိအခြေအနေမှာတော့ ပါတီဝင်ဦးရေ တင်ပြဖို့ ပြင်ဆင်နေဆဲဖြစ်ပါတယ်။
Leave a Reply