စာနယ်ဇင်း, စာပေ, လူငယ်ရေးရာ, ဆောင်းပါး, ရွေးကောက်ပွဲ, နိုင်ငံရေး

လူငယ်တွေ နိုင်ငံရေး လုပ်သင့်တဲ့ အချိန်


မောင်ဝံသ (၂၀၁၀ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့ထုတ် ရန်ကုန်တိုင်းမ် ဂျာနယ် မှာဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ )

လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားဖို့ လိုတယ်၊ လူငယ်တွေ မျိုးချစ်စိတ်၊ တိုင်းချစ် ပြည်ချစ်စိတ် ရှိကြဖို့လိုတယ် စသည်ြဖင့် ယနေ့ခေတ် နိုင်ငံရေး သမားတွေက ပြောနေကြတာဟာ အလကား အားအားယား ယားပြောနေတာ မဟုတ်ပါ။ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ အနာဂတ်ကို တွေးပူမိလို့ ပြောနေ ကြတာပါ။ ဒီပြဿနာက တစ်နိုင်ငံ၊ နှစ်နိုင်ငံ ပြဿနာ မဟုတ်ဘူး။ နိုင်ငံ အတော်များများ ကြုံနေ ရတယ်လို့ သတင်းတွေထဲ ဖတ်လိုက်ရတယ်။

လူငယ်တွေ ရေသာခိုနေလျှင်

လူငယ်တွေ နိုင်ငံရေး စိတ်မဝင် စားတဲ့ ပြဿနာဟာ ပေါ့သေးသေး မဟုတ်ဘူးဗျ။ ဒီအတိုင်း ဆက်သွား နေရင် တိုင်းပြည်ရဲ့ အနာဂတ် ကံဆိုးမိုးမှောင် ကျမယ့်ကိန်းပဲ။ နိုင်ငံရေး စိတ်မဝင် စားဘူး ဆိုတာကို ဆန့်ကျင်ဘက် ယူလိုက်ရင် ကိုယ့်အရေး၊ ကိုယ့်မိသားစု အရေး ကွက်ကွက် ကလေးပဲ စိတ်ဝင်စားတယ်လို့ အဓိပ္ပာယ် ပေါ်နေတာပေါ့ဗျာ။ ကိုယ့် တိုင်းပြည် ကိုယ့်လူမျိုး ဘာတွေပဲ ဖြစ်နေနေ ကိုယ်နဲ့ ကိုယ့်မိသားစုဘ၀ အဆင်ပြေ နေရင်ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေ လူငယ်တွေ ဆီမှာ ကိန်းအောင်း အမြစ်တယ်နေရင် နိုင်ငံရေးကို စေတနာ ပါပါ အရည်အချင်း ရှိရှိနဲ့ လုပ်မယ့် လူကောင်း သူကောင်းတွေ ဘယ်လိုရနိုင်တော့မလဲ။

အရည်အချင်း ရှိသူတွေက နိုင်ငံရေး၊ တိုင်းပြည်ရေးကို စိတ်မ၀င်စားဘဲ ကိုယ်နဲ့ မဆိုင်သလို နေကြရင် အရည်အချင်း မရှိသူတွေက အဲဒီကွက်လပ်ထဲ ဝင်နေရာ ယူကြတော့ မှာပေါ့။ လူ့အန္ဓတွေရဲ့ အုပ်ချုပ်မှုကို နိုင်ငံရေး စိတ်မ၀င်စားဘူး ဆိုတဲ့ လူတွေ ကျေကျေနပ်နပ်ကြီး ခံကြပေါ့။ ဒါပေမယ့် အဲသလို သည်းခံနိုင်ကြတာ မဟုတ်ဘူး။ စိတ်ဆင်းရဲစွာနဲ့ အတင်းအဖျင်း တွေပဲ ထိုင်ပြောနေကြမှာ မြင်ယောင် သေးတယ်ဗျာ။

နိုင်ငံရေးလုပ်ခိုင်းတာလား

သတင်းဂျာနယ် တစ်စောင်နဲ့ ကျွန်တော် တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှာ လူငယ်တွေ နိုင်ငံရေး စိတ်ဝင်စားကြပါလို့ ကျွန်တော် ရေးခဲ့တဲ့ ဆောင်းပါး တစ်ပုဒ်နဲ့ ပတ်သက်ပြီး သတင်းထောက်က မေးခွန်းထုတ်တယ်။ ”လူငယ်တွေ နိုင်ငံရေး စိတ်ဝင်စားဖို့ ပြောတာဟာ နိုင်ငံရေး လုပ်ကြဖို့ တိုက်တွန်း တာပဲလား’’ တဲ့။ ကျွန်တော်က လူငယ်တွေ ကို နိုင်ငံရေး လုပ်ဖို့ မဆိုလိုတဲ့ အကြောင်း၊ စိတ်ဝင်စားဖို့ ပြောခြင်း ဖြစ်ကြောင်း ပြန်ရှင်းပြ လိုက်ရတယ်။

မြန်မာ ဗုဒ္ဓဘာသာ အဆုံးအမမှာ ရှိတယ် မဟုတ်လားဗျာ။ ပထမ အရွယ်မှာ ပညာရှာ၊ ဒုတိယ အရွယ်မှာ ဥစ္စာရှာ၊ တတိယ အရွယ်မှာ တရား ဘာဝနာ လုပ်ဖို့ဆိုတာ။

ကျွန်တော်က အဲဒီ အဆုံးအမကို မှီငြမ်းပြီး ပထမ အရွယ်မှာ ပညာရှာ၊ ဒုတိယ အရွယ်မှာ ဥစ္စာလည်းရှာ၊ နိုင်ငံရေးလည်း လုပ်ကြပါလို့ တိုက်တွန်း ချင်တာပါ။

ယနေ့ခေတ်မှာ ကျန်းမာရေး အသိပို၍ ရှိလာကြတာကြောင့် လူတွေ အသက်ပိုရှည် လာတယ်။ ဒါကြောင့် ဒုတိယ အရွယ်ဆိုတာ အသက် (၄ဝ)ကနေ (၆ဝ-၇ဝ) လောက် အထိတောင် ပြောနိုင်တယ်။ အဲဒီ အရွယ်ပိုင်းဟာ နိုင်ငံရေး လုပ်ဖို့ အကောင်းဆုံး ပဲဗျ။

အသက် (၂၅) နှစ်လောက် ကစပြီး ပညာရေး ပြီးဆုံးကာ လက်တွေ့ လုပ်ငန်းခွင်ထဲ ၀င်မယ်။ (၁၅) နှစ်လောက် အသက်မွေး ပညာ အသီးသီးဖြင့် ဥစ္စာရှာခြင်းကို လုပ်ဆောင်ပြီးရင် ထိုက်သင့်သလောက် အခြေတကျ ဖြစ်လာမယ်။ အဲဒီအချိန်မှာ မျက်နှာလွှဲလို့ ဖြစ်တဲ့ စီးပွားရေး လုပ်ငန်းတွေကို မျက်နှာလွှဲပြီး တိုင်းပြည်နဲ့ လူမျိုးအကျိုး စီးပွားအတွက် မိမိရဲ့ ကိုယ်စွမ်း ဉာဏ်စွမ်းကို ပေးလှူသော အားဖြင့် နိုင်ငံရေး လုပ်သင့်တယ်လို့ ကျွန်တော် ဆိုလိုတာပါ။ နိုင်ငံရေးကို ကာယကံမြောက် ဝင်မလုပ်ခင် လူငယ်ဘဝ တစ်လျှောက်လုံးမှာ နိုင်ငံရေးကို စိတ်ဝင်စားပြီး လေ့လာသုံးသပ်နေဖို့ အလွန် လိုအပ်တယ်။ ဒါမှသာ ကိုယ်တိုင် ၀င်လုပ်တဲ့ အခါ ၀မ်းစာ ပြည့်ပြီးသား လူတစ်ယောက် အဖြစ် လုပ်ကိုင်နိုင်မှာ ဖြစ်တယ်ဗျ။

စင်ကာပူနိုင်ငံကို ကမ္ဘာ့စီးပွားရေး နိုင်ငံဖြစ်အောင် ရှေ့ဆောင် လမ်းပြ လုပ်ခဲ့တဲ့ မစ္စတာ လီကွမ်ယူက စင်ကာပူမှာ အသက် (၄ဝ)ဝန်းကျင် ပညာတတ် နိုင်ငံရေး မျိုးဆက်သစ်များ ပျိုးထောင်ရေး စီမံချက်ရေး ဆွဲဖို့ စင်ကာပူ ၀ါရင့်နိုင်ငံရေး သမားများနဲ့ လက်ရှိ အစိုးရကို ဖိအားပေး တိုက်တွန်းခဲ့တယ်။

အသက် ၄ဝသည် ဘဝရဲ့အလယ်ပိုင်း

လီကွမ်ယူက နိုင်ငံရေး မျိုးဆက်သစ်ကို အသက် ၄ဝ ဝန်းကျင်လို့ သတ်မှတ်တာဟာ အဓိပ္ပာယ် အများကြီး ရှိတယ်။ အလယ်ကောင်ကို ရွေးတဲ့ သဘောဖြစ်တယ်။ အရင် အနှစ် ၂၀နဲ့ နောက်အနှစ် ၂ဝကို ကွင်းဆက် ယူထားတာ ဖြစ်တယ်ဗျ။ သူက နိုင်ငံရေး မျိုးဆက်သစ်ဟာ ပညာတတ်တွေ ဖြစ်ရမယ်၊ အသက် မွေးဝမ်းကျောင်း လုပ်ငန်း အတွေ့အကြုံ ဆည်းပူး ပြီးသူတွေ ဖြစ်ရမယ်လို့ ဆိုတယ်။

စင်ကာပူဟာ အခြားအာရှ နိုင်ငံတွေလို အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု၊ လက်နက်ကိုင် တော်လှန်ရေး စတာတွေ မရှိခဲ့လေတော့ လီကွမ်းယူရဲ့ စိတ်ကူးစိတ်သန်းဟာ သူ့နိုင်ငံ အတွက်တော့ အံဝင်ခွင်ကျ ပဲပေါ့။

ပညာနည်းတော့ ဆင်ခြင်မှုအားနည်း

အခြား အာရှနိုင်ငံတွေ ကတော့ ဗြိတိသျှ၊ ပြင်သစ်၊ စပိန်၊ ဒတ်ခ်ျ၊ ပေါ်တူဂီစတဲ့ ကိုလိုနီ သမားတွေ လက်အောက်ကနေ လွတ်မြောက်ရေး စစ်ပွဲတွေ ဆင်နွှဲခဲ့ရတယ်။ လူငယ်တွေဟာ ပညာရေးပြီးဆုံးအောင် မသင်ခဲ့ရတဲ့ အလယ်တန်းပညာ၊ အထက်တန်း ပညာလောက်နဲ့ တော်လှန်ရေးထဲ ပါဝင်ခဲ့ရာက နိုင်ငံရေးသမား တွေ ဖြစ်လာခဲ့ကြတယ်။ တိုင်းပြည် လွတ်လပ်ရေး ရတဲ့အခါ သူတို့ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ခေါင်းဆောင်တွေ ဖြစ်လာရတယ်။ သို့ပေမယ့် ပညာရေး အခြေခံ နည်းပါးလေတော့ စဉ်းစားဆင်ခြင်မှု အပိုင်းမှာ အားနည်း ကြတယ်။ ရင့်ကျက်မှု နည်းပါးကြတယ်။ ဒီလိုနဲ့ နိုင်ငံ တည်ဆောက်ရေးမှာ လွဲချော်မှုတွေ ရှိခဲ့တဲ့ သာဓကတွေ အများကြီးပဲဗျာ။

နိုင်ငံရေး ပျိုးထောင်မယ်ဆိုရင်

ဒီတော့ လီကွမ်ယူ စိတ်ကူးမျိုးကို လက်တွေ့ ကျင့်သုံးမယ် ဆိုရင်တောင် ယနေ့ခေတ် လူငယ်တွေကို ငယ်စဉ် တောင်ကျေး ကလေးဘဝ ကတည်းက နိုင်ငံရေး ပျိုးထောင် ပေးဖို့လို လိမ့်မယ်။ လူငယ်တွေ အတွက် အဆင့်ဆင့် လေ့ကျင့် ကွင်းဆင်းဖို့ ကျောင်းသား ဘဝမှာကို အဖွဲ့အစည်းနဲ့ လုပ်တတ် ကိုင်တတ်တဲ့ အကျင့်၊ အများရဲ့ ယုံကြည် ကိုးစားမှုကို ခံယူနိုင်မှ ခေါင်းဆောင် ဖြစ်နိုင်တယ် ဆိုတဲ့ အသိတွေကို သွတ်သွင်း ပေးရမယ်။ ဆရာ ဆရာမ အကြိုက်ကို လိုက်လုပ်ပေးရင် ခေါင်းဆောင် ဖြစ်တာပဲ ဆိုတဲ့ အသိမျိုး မဝင်စေရဘူး။ အများရဲ့ဆန္ဒနဲ့ ရွေးကောက် တင်မြှောက်တဲ့ အခါ ပါဝင်ယှဉ်ပြိုင် အရွေးခံမယ်။ ပြိုင်ဘက်တွေ အပေါ် မညစ်ရဘူး။ မတရား အခွင့်အရေး မယူဘူး။ မိမိရှုံးသွားရင် အရှုံးကို ပြုံးပြုံးရင်ဆိုင် ရမယ်။ နိုင်တဲ့ အခါမှာလဲ ရှုံးသူအပေါ် မျှတမှု ရှိရမယ် စတဲ့ အလေ့အကျင့် တွေဟာ ရင့်ကျက်မှုကို ပျိုးထောင် ပေးတာပါပဲ။

မောင်ဝံသ

Advertisements

About ahuntphonemyat

Journalist.

Discussion

No comments yet.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: