အံ့ဘုန်းမြတ် ၉ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)
ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ တင်ပြထားတဲ့ နိုင်ငံရေးပါတီသစ်တွေရဲ့ ပါတီဝင်ဦးရေမှာပါဝင်တဲ့ နိုင်ငံရေးပါတီဝင် တွေကို ဒေသခံထောက်လှမ်းရေးတွေက ကိုယ်ရေးအချက်အလက်တွေ ထပ်ကောက်ယူနေတာနဲ့ပတ်သက်ပြီး ပါတီဝင်စားရင် ပေးသွင်းတဲ့ နိုင်ငံရေးပါတီတွေက လျှော့ပေါ့ပေးဖို့ တောင်းဆိုကြပါတယ်။ ပြီးခဲ့တဲ့လက စတင်ပြီး နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်ကို ပါတီဝင်လူဦးရေစာရင်း တင်ပြခဲ့တဲ့ နိုင်ငံရေးပါတီတွေထဲက ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဒီကနေ့မှာပဲ နေပြည်တော်မှာရှိတဲ့ ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရုံးကို စာပေးပို့ပြီး လျှော့ပေါ့ပေးဖို့ တောင်းဆိုလိုက်တာပါ။ ဒီစာမှာ ပါတဲ့အကြောင်းအရာတွေကို ပါတီဥက္ကဌ ဦးသုဝေက အခုလိုပြောပြပါတယ်။
“ကော်မရှင်မှာ တင်လိုက်တဲ့ စာရင်းထဲက လူတွေကို ကော်မရှင်ကနေ ထောက်လှမ်းရေးကို ပေးလိုက်တယ်လို့သိရတယ်။ ထောက်လှမ်းရေးတွေက လိုက်ပြီးတော့ အိမ်တွေမှာ ကိုယ်ရေးရာဇ၀င်တောင်းတယ်။ ဓာတ်ပုံတောင်းတယ်။ အဲတော့ တိုင်းသူ ပြည်သားတွေက အမှန်အတိုင်းပြောရရင် ထောက်လှမ်းရေးနဲ့ မပတ်သက်ချင်ဘူး၊ ပတ်သက်ရင် ဒုက္ခရောက်မယ်ဆိုတာ သိနေတယ်။ အခု ထောက်လှမ်းရေးတွေ ကိုယ်တိုင်က အိမ်တွေလာတယ်ဆိုတဲ့အခါကျတော့ သူတို့က နဂိုကတည်းက ကြောက်နေတဲ့ လူတွေမို့လို့ ဒီကိစ္စကို ပြန်ဖြေရှင်းပေးပါ။ ပါတီဝင်တွေရဲ့ အချက်အလက်တွေဟာ ပါတီဌာနချုပ်မှာ အားလုံး မှတ်ပုံတင်ထားတာရှိတယ်။ သိချင်ရင် ကျနော်တို့ ဌာနချုပ်ကိုလာပေါ့။ ဘာလို့ အဲလိုတယောက်စီ လိုက်လုပ်တယ်ဆိုတာ ဒါဟာ မဖြစ်သင့်ပါဘူး။ မလုပ်သင့်ဘူး။ အခုတော့ ဒီလိုဖြစ်နေပါတယ်။ အဲဒါလေးကို ဖြေရှင်းပေးပါဆိုပြီးတော့ စာရေး လိုက်တာ။”
ဒေသခံထောက်လှမ်းရေးတွေက ဒီလိုပြုလုပ်တာကြောင့် ပါတီဝင်အဖြစ်ကနေ နှုတ်ထွက်တဲ့အထိဖြစ်လာပြီး စည်းရုံးရေး အခက်အခဲဖြစ်စေတယ်လို့လည်း ဦးသုဝေက ပြောပါတယ်။ ပါတီဝင်တွေရဲ့ ကိုယ်ရေးရာဇ၀င်တွေဟာ ပါတီဌာနချုပ်မှာ ရှိပြီး ဖြစ်တာကြောင့် ဒေသဆိုင်ရာအာဏာပိုင် ထောက်လှမ်းရေးတွေအနေနဲ့လည်း ထပ်သိလိုတဲ့ ပါတီဝင်တွေရဲ့ ကိုယ်ရေးအချက် အလက်တွေကို ပါတီဌာနချုပ်မှာပဲ လာရောက်မေးမြန်းကြဖို့ကိုလည်း ဦးသုဝေက ဒီစာမှာ တိုက်တွန်းလိုက်ပါတယ်။ ပါတီဝင်ဦးရေ တင်ပြဖို့ ပြင်ဆင်နေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းရေးပါတီရဲ့ အထွေထွေအတွင်းရေးမှူး ကိုနေမျိုးဝေကတော့ ဒီအခြေနေကို ဖြတ်သန်းရမယ့်အပေါ် အခုလို ဆိုပါတယ်။
“နိုင်ငံရေးသမားတွေကလည်း ပါတီဝင်ကို သဘောတူလား မတူလားမသိဘူး။ လက်မှတ်တွေ ဘာတွေထိုးတာလည်း လုပ်တတ်တယ်။ အဲတော့ ဟိုဘက်က စစ်ဆေးတဲ့အခါမှာ မေးမှာဘဲ၊ ကျနော်တို့ မြင်တာ။ အဲဒီတော့ ကျနော်တို့ကလည်း လူအများကြီးကိုမထည့်ဘူး။ အာဏာပိုင်ကလည်း စစ်ဆေးလို့ရှိရင် လွယ်အောင် လုပ်တဲ့သူတွေလည်း ဖြေရလွယ်အောင် ၁,၂၀၀ ပဲမှန်းထားတယ်။ အဲတော့ ကြောက်လို့ထွက်ရင်လည်း လူစားပြန်ထိုးပေါ့။ ဒါဘဲရှိတာဘဲ။ ဘာလို့လည်းဆိုတော့ ဒီမှာက ကြောက်နေတယ်ဆိုတာက အကျင့်လို ဖြစ်နေတယ်။ အကျင့်ဖြစ်နေတော့ ကျနော်တို့က တင်ပြလိုက်မယ်။ ပြတဲ့ စာရင်းထဲမှာမှ တချို့က ကြောက်လို့ အဲလိုမျိုးထွက်သွားတယ်ဆိုရင် ရှာပေးပေါ့။ ဒီလိုဘဲ သံသရာကလည်နေမှာဘဲ။”
လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ကော်မရှင်မှာ ပါတီဝင်ဦးရေ တင်ပြထားတဲ့ ခေတ်သစ်ပြည်သူ့ပါတီရဲ့ ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် ကတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လိုအပ်လာပြီလို့ ခုလို သုံးသပ်ပြောဆိုပါတယ်။
“၆ ရက်နေ့မှာတော့ သတင်းစာထဲမှာပါတယ်။ အခုထိတော့ အန်ကယ်တို့ဆီမှာ မတက်သေးဘူး၊ ဒီက စီအီးစီတွေ အကုန်လုံးကို လိုက်ပြီး အတည်ပြုတာတော့လုပ်ခဲ့ တာတွေတော့ ရှိတယ်။ ပါတီစုံနိုင်ငံရေးခေတ်မှာ ပါတီနိုင်ငံရေး ကင်းလို့မရဘူး။ ပြည်သူတွေအားလုံး ဒီပါတီနိုင်ငံရေးကို ကျင့်သုံးပြီးတော့ ကိုယ်စားလှယ်ကောင်းတွေ ရရှိအောင် ဆောင်ရွက်ရုံမှအပ အခြားလမ်းမရှိဘူး၊ အဲလိုမြင်ပါတယ်။”
လက်ရှိအခြေအနေမှာတော့ တိုင်းရင်းသားပါတီခြောက်ခုနဲ့အတူ တစညပါတီ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၊ ခေတ်သစ် ပြည်သူ့ပါတီနဲ့ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်စတဲ့ နိုင်ငံရေးပါတီတွေက ရွေးကောက်ပွဲကျင်းပရေးကော်မရှင်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ-၁၃ (က) နဲ့အညီ စည်းရုံးရရှိတဲ့ ပါတီဝင်ဦးရေတွေကို တင်ပြထားကြပါတယ်။
Leave a Reply