အံ့ဘုန်းမြတ် ၈ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)
နအဖ စစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲကို ပြည်သူလူထုတရပ်လုံး ဆန့်ကျင်ဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှု ၂၂ နှစ်ပြည့်နေ့မှာ တိုက်တွန်းနှိုး ဆော်လိုက် ပါတယ်။ နအဖစစ်အစိုးရဟာ စစ်အာဏာရှင်စနစ် ထာဝရတည်မြဲရေးအတွက် နာဂစ်ဆိုင်ကလုံးမုန်တိုင်း ဘေးသင့်ချိန်မှာ ပြည်သူတွေကို လျစ်လျှူရှုပြီး တဖက်သက် အတည်ပြုပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်သွင်းမယ့် ရွေးကောက်ပွဲဖြစ်တာကြောင့် ဆန့်ကျင်ကြပါလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် နိုင်ငံခြားရေးရာ ကော်မတီက ရှစ်လေးလုံး အထိမ်းအမှတ် ထုတ်ပြန်တဲ့ ကြေညာချက်မှာ တိုက်တွန်းထားတာပါ။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဗကသနိုင်ငံခြားရေးရာကော်မတီတာဝန်ခံ ကိုမြင့်နိုင်က
“၂၀၁၀ ရွေးကောက်ပွဲကို ကျနော်တို့ ဆန့်ကျင်ဖို့လိုတယ်။ သပိတ်မှောက်ကန့်ကွက်ဖို့လိုတယ်။ ဒါဟာ ကျနော်တို့ မြန်မာပြည်သူအားလုံးရဲ့တာဝန်ပဲဖြစ်တယ်လို့ ကျနော်တို့ယူဆပါတယ်” လို့ ပြောကြားပါတယ်။
“မဲမထည့်ဘဲနဲ့ သပိတ်မှောက်ဖို့၊ အကြောင်းကြောင်းကြောင့် မဲထည့်ခဲ့ရတယ်ဆိုရင်လည်း တကယ့်ကိုပျက်ပြယ်တဲ့မဲတွေ၊ ကန့်ကွက်မဲတွေ၊ ဖြစ်သွားဖို့ ကျနော်တို့ကြိုးစားဖို့ လိုပါတယ်။ နောက်တချက်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကတင်ပြထားတဲ့အတိုင်း စစ်အာဏာရှင်စနစ်ကို အထောက်အကူပြုတဲ့ ဘယ်နိုင်ငံရေးအဖွဲ့အစည်းကိုမဆို မဲမပေးမိဖို့ပါပဲ။”
နအဖစစ်အစိုးရ ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရှိနေတဲ့အပြင် ရွေးကောက်ပွဲ ဥပဒေဟာလည်း မညီမျှမှုတွေရှိနေတဲ့အတွက်ကြောင့် သာတူညီမျှမှုမရှိတဲ့ ဥပဒေတွေကို ဆန့်ကျင်သပိတ်မှောက်ကြဖို့လည်း လက်ရှိထူထောင်ထားတဲ့ နိုင်ငံရေးပါတီတွေကိုလည်း တိုက်တွန်းထားပါတယ်။
“စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်တဲ့ ပါတီတွေရဲ့ မဲဆွယ်စည်းရုံးခွင့်တွေ၊ သူတို့ မတရားသဖြင့်လုပ်နေတဲ့ ကိစ္စတွေနဲ့ ကျန်တဲ့ပါတီတွေရဲ့ အခွင့်အရေးက အရမ်းကို ကွာခြားနေပါတယ်။ ကျန်တဲ့ပါတီတွေကို ကျနော်တို့တိုက်တွန်းလိုတာက ဒီ ရွေးကောက်ပွဲကိုမ၀င်ဖို့၊ သပိတ်မှောက်ဖို့၊ ကိုဖြိုးမင်းသိန်းလို ရှင်းရှင်းလင်းလင်း ဒီရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ဖို့ ကျနော်တို့တိုက်တွန်းလိုပါတယ်။”
ဒီနေ့ကျရောက်တဲ့ ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီရေး လူထုလှုပ်ရှားမှု ၂၂ နှစ်ပြည့် အခမ်းအနားကို မြန်မာပြည်တွင်းပြည်ပမှာ ဒီမိုကရေစီအင်အားစုတွေက ကျင်းပကြဖို့ ရှိပါတယ်။ လက်ရှိအခြေအနေမှာတော့ ရန်ကုန်အပါအ၀င် မြို့ကြီးတွေမှာ စစ်အစိုးရက လက်နက်ကိုင် အစောင့်အကျပ်တွေ တိုးမြှင့်ချထားတယ်လို့ သိရပါတယ်။
Leave a Reply