အံ့ဘုန်းမြတ် ၆ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)
နအဖစစ်အစိုးရ ရှေးဆွဲအတည်ပြုပြဌာန်းခဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ကျင်းပပြုလုပ်မယ့် ၂၀၁၀ ရွေးကောက်ပွဲကို အသစ်ထူထောင်ကြတဲ့ နိုင်ငံရေးပါတီတွေရော ပြည်သူလူထုတရပ်လုံးကပါ သပိတ်မှောက်ဆန့်ကျင်ကြဖို့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ဒီကနေ့မှာပဲ တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်စတဲ့ နိုင်ငံရေးအင်အားစုတွေက ရှစ်လေးလုံး မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု ၂၂ နှစ်ပြည့်အကြိုအဖြစ် ဒီကနေ့မှာ ထုတ်ပြန်ကြေညာတဲ့ ကြေညာချက်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ တိုက်တွန်းထားတာပါ။
အချက် ၆ ချက်ပါ ဒီကြေညာချက်ထဲမှာတော့ ‘နအဖ’ စစ်အစိုးရရဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ အတုအယောင်အမျိုးသားညီလာခံက တဖက်သက်ရေးဆွဲပြီး နာဂစ်မုန်တိုင်းကြား အဓမ္မအတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ စစ်အာဏာရှင်စနစ်ကို တရားဝင်ဖြစ်စေမယ့် ရွေးကောက်ပွဲသာဖြစ်တဲ့အတွက် ပြည်သူလူ ထုတရပ်လုံး ဆန့်ကျင်သပိတ်မှောက်ကြဖို့ နှိုးဆော်ထားပါတယ်။ ဒါ့အပြင် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေအနေနဲ့လည်း ဒီရွေးကောက်ပွဲမှာ သမိုင်းတရားခံအဖြစ်မခံပဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်သူလူထုကြီးဘက်မှ ပြတ်ပြတ်သားသား ရပ်တည်ပေးကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာတော် ဦးသြဘာသက အခုလို မိန့်ကြားပါတယ်။
“လက်ရှိ အတိုင်းကိုဘဲ ဦးဇင်းတို့ကနေ ၁၉၈၈ ခုနှစ်ကနေ စပြီးတော့ အဲဒီအချိန်တုန်းကမှ ဦးနေ၀င်းရဲ့ မဆလပါတီကို ပြိုဖျက်အောင် တတိုင်းပြည်လုံး လူထုနဲ့ တိုက်ပွဲဝင်ခဲ့ကြတယ်။ လက်ရှိအချိန်မှာလည်း ဒီ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အတည်ဖြစ်စေတဲ့ ၂၀၁၀ ရွေးကောက်ပွဲကိုလည်း ၁၉၈၈ ခုနှစ်က စိတ်ဓာတ်နဲ့ဘဲ လက်ရှိအချိန်မှာ လိုအပ်ပါတယ်။ ပြည်သူလူထုကလည်း ကိုယ့်တာဝန် ကိုယ်ကျေပြီးတော့ အားလုံးတက်ညီလက်ညီနဲ့ ကြိုးကြိုးစားစားနဲ့ လုပ်ကြပါလို့ပဲ ဦးဇင်းတို့က တိုက်တွန်းချင်ပါတယ်။”
သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာတော်ဦးသြဘာသ မိန့်ကြားခဲ့တာပါ။ ဒီလို ရွေးကောက်ပွဲကို သပိတ်မှောက်ရတာနဲ့ပတ်သက်ပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားတွေ ကိုယ်စားသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုအောင် ကျော်ဆင့်က အခုလို ပြောပါတယ်။
“ဒီမိုကရေစီ ပန်းတိုင်တခုကို သွားမယ်ဆိုရင် ရွေးကောက်ပွဲကို မဖြစ်မနေ ဖြတ်သန်းရမှာပါ။ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတရဲ့လားဆိုတာကို ကျနော်တို့က ပြန်တွက်ရမယ်။ အဲဒါကြောင့် ၂၀၀၈ အခြေခံဥပဒေကလည်း တော်တော်လေးကို ပြဿနာရှိပါတယ်။ အဲဒါကို ပြည်သူလူထုတွေ သိအောင်လုပ်ရမယ်။ ပြည်သူလူထုတွေ သိလာပြီဆိုရင် ပြည်သူလူထုတွေ မဲမပေးရအောင် ပြတ်ပြတ်သားသား မဲမပေးဖို့ ကျနော်တို့က လုပ်ဆောင်ရမယ်။ ပြည်သူလူထုတွေကို ပြောချင်တာတော့ မဲသွားမပေးပါနဲ့။ ပြည်သူလူထုကို ပြောချင်တာ အဲဒါပါပဲ။ မဲပေးလိုက်လို့ရှိရင်ကော ဒီမိုကရေစီ အင်အားစုတွေက နိုင်မလား။ နိုင်ဖို့ရှိလား။ ကျနော်အဲဒါပြန်မေးချင်တယ်။ အခု ၂၀၁၀ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု လုံးဝမဖြစ်ပါဘူး။ ဒီကြံ့ဖွံ့ပါတီတက်ဖို့အရေးကို သူတို့ ပြင်ဆင်နေတယ်ဆိုတာကို အားလုံးလည်း အသိပါဘဲ။”
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မကြည်ဇာတင့်ကလည်း ရွေးကောက်ပွဲ ဆန့်ကျင်ရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။
“ဒီ ၂၀၁၀ ရွေးကောက်ပွဲကို မဲရုံတွေကို မသွားဘဲနဲ့ သပိတ်မှောက်မယ်။ မလွှဲသာလို့ မဲရုံကိုသွားရမယ်ဆိုရင်တောင်မှ ပယ်မဲအနေနဲ့ ဖြစ်အောင်လုပ်ပြီးတော့ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်မှာဖြစ်ပါတယ်။ အခု ပြည်တွင်းမှာ ဆိုရင် ကျောင်းသူ၊ ကျောင်းသားလောကမှာကော၊ ၀န်ထမ်းလောက၊ နောက်အရပ်ထဲမှာပါ၊ ၂၀၁၀ နဲ့ ပတ်သက်ပြီးတော့ ပါယ်မဲလုပ်မယ့် ဦးရေ၊ နောက်ပြီးတော့ လုံးဝမသွားဘူးဆိုပြီးတော့ ခိုင်ခိုင်မာမာရပ်တည်နေတဲ့ ဦးရေတွေလည်းရှိနေပါတယ်။”
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မကြည်ဇာတင့် ပြောခဲ့တာပါ။ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ကလည်း ဒီ ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာမယ့် အစိုးရကို အသိအမှတ်မပြုဖို့ကိုလည်း မကြည်ဇာတင့်က တိုက်တွန်း ပြောဆိုပါတယ်။
Leave a Reply