အံ့ဘုန်းမြတ် ၅ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)
၈၈ ကျောင်းသားဟောင်း ဦးဖြိုးမင်းသိန်းဟာ သူဦးဆောင်ပါဝင် ထူထောင်ခဲ့တဲ့ ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌရာထူး ကနေ ဒီနေ့မှာပဲ နှုတ်ထွက်လိုက်ပြီလို့ သိရပါတယ်။ ဒီကနေ့မှာပဲ ဦးဖြိုးမင်းသိန်းဟာ အချက် ၃ ချက်ပါစာကို ‘ပြည်ထောင် စုဒီမိုကရေစီပါတီ’ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကိုပေးပို့ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ အစည်းအဝေးမဲခွဲဆုံးဖြတ်ချက်နဲ့အတူ ပါတီဥက္ကဋ္ဌရာထူးက နှုတ်ထွက်လိုက်ပါတယ်။ ဒီစာထဲမှာတော့ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ထပ်မံတင်းကျပ်လာတဲ့ နိုင်ငံရေးပါတီများဆိုင်ရာမူဝါဒတွေနဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကြိုးပန်းမှုတွေကြောင့် တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ လမ်းမမြင် တော့တဲ့အတွက် ဒီလိုနှုတ်ထွက်ရတာဖြစ်တဲ့အကြောင်း ဖော်ပြထားပါတယ်။
ဒါအပြင် ‘ပြည်ထောင်စုဒီမိုကရေစီ’ ပါတီရဲ့ ရွေးကောက်ပွဲကြိုကာလ လိုလားချက်တွေဖြစ်တဲ့ ပြည်သူတရပ်လုံး နိုင်ငံရေးမှာ ပါဝင်ခွင့်ရှိရေး၊ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ နိုင်ငံရေးမှာ ပါဝင်ခွင့်ရေး၊ နိုင်ငံရေးအင်အားစု တွေကို လွတ်လပ်စွာစည်းရုံးလှုပ်ရှားခွင့်ပြုရေး၊ သတင်းမီဒီယာ လွတ်လပ်ခွင့်ရှိရေးစတဲ့အရာတွေ ဖြစ်ထွန်းတိုးတက်မှု လုံးဝမရှိတာကြောင့် တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ လမ်းမမြင်ရတဲ့အတွက် ဒီလိုနုတ်ထွက်တာပါလို့ ဦးဖြိုးမင်းသိန်းက ဒီစာထဲမှာ ဆိုပါတယ်။ ဒီအကြောင်း အရာတွေနဲ့ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းက
“ကျနော်တို့ဟာ အကောင်းဆုံးဖြစ်နိုင်အောင် ပြည်ထောင်စုဒီမိုကရေစီပါတီရဲ့ ဆောင်ရွက်နိုင်မှုတွေကို ကြိုးစားခဲ့ပါတယ်။ သို့သော် ကျနော်တို့ ကြိုးစားနိုင်တဲ့ စွမ်းဆောင်နိုင်မှုအခြေအနေက ကျနော့်အနေနဲ့တော့ အခုပြည်တွင်းအခြေအနေက ကျနော်အခုလုပ်နိုင်တဲ့ အခြေအနေထက်ပိုပြီး လုပ်နိုင်ဖို့ မဖြစ်နိုင်တော့ပါဘူး။ ဘာကြောင့်လဲဆို တအားကို တင်းကျပ်လာ ပါတယ်။ အဲဒီအနေအထား တွေထဲကနေ ကျနော်က ရပ်ရမှာပေါ့ဗျာ။ အတင်းသူတို့ပုံစံတခုတည်းကို လုပ်ခိုင်းတဲ့အခြေအနေ တခုတည်းကိုတော့ လိုက်ပါဆောင်ရွက်ဖို့ ကျနော့်မှာ သဘောထားမရှိပါဘူး။ အဲဒီအတွက် ကျနော်ရပ်နေလိုက်တာပါ။ ဒီအနေအထားပေါ်မှာ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူမှုရော။ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအခင်းအကျင်းထဲကနေ ဆက်လက် မပါဝင်တော့ဘူးလို့ ဆုံးဖြတ်ခဲ့တာပါ။”
‘ပြည်ထောင်စုဒီမိုကရေစီ’ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးသိန်းတင်အောင်ကတော့ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း မရှိတော့တဲ့ နောက်ပိုင်းမှာလည်း ပါတီရဲ့ မူဝါဒတွေအတိုင်း နောက်ဆုံးအခြေအနေအထိ ဆက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။
“သူပြောတဲ့ တင်းကျပ်မှုတွပေါ့နော်၊ ဒါတွေမဟုတ်ဘူးလို့ တို့လည်း ငြင်းနေတာမဟုတ်ဖူးလေ။ အချက်အလက်တွေက အမှန်တွေပဲလေ။ ဒါပေမယ့် ဒီအချိန်မှာ ရွေးကောက်ပွဲအခင်းအကျင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ရမယ့် အချိန်မဟုတ်ဘူး။ တို့ ကတော့ ရွေးကောက်ပွဲဝင်နိုင်ဖို့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ မဲဆန္ဒရှင်အများစုဟာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်၊ မဲပေးပိုင်ခွင့်ရှိတဲ့အချိန်အထိ တို့ကပြည်သူတွေကို ကိုယ်စားပြုဖို့ ကြိုးစားသွားမှာပဲ။ အဲဒါကြောင့် တို့က ဆက်လက်ပြီးတော့ ပါတီကိုရှင်သန်ပြီးတော့ ရပ်တည်ရှင်သန်ပြီးတော့ ကြိုးပမ်းသွားမှာဖြစ်တယ်။ ရွေးကောက်ပွဲဝင်ရေးဆိုတာ ပြည်သူတွေကို မဲဆန္ဒရှင်ပြည်သူတွေကို လွတ်လပ်ပြီး မျှမျှတတ မဲပေးခွင့်ရရှိနေတဲ့ ကာလအထိ တို့က ရွေးကောက်ပွဲဝင်ဖို့အတွက်ကို ကြိုးစားမယ်။ ပြည်သူအများစုက အခုနပြောသလို လွတ်လွတ်လပ်လပ် မဲပေးခွင့်မရှိတော့ဘူးဆိုရင်တော့ တို့ ရွေးကောက်ပွဲကနေ လှည့်ရင်လည်းလှည့်ရမယ့်။ နုတ်ထွက်တာ လုပ်ရင်လည်း လုပ်ရမယ်။”
မြန်မာနိုင်ငံရဲ့ ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရား မျှတမှုရှိတဲ့ ရွေးကောက်အဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနေကြတဲ့ နိုင်ငံတ ကာအဖွဲ့အစည်းအသီးသီးကို ဦးဖြိုးမင်းသိန်းက အခုလို သတိပေးပြောဆိုပါတယ်။
“လက်ရှိဖြတ်သန်းနေတဲ့ နိုင်ငံရေးပါတီတခုရဲ့ ခေါင်းဆောင်ဟောင်းတယောက်အနေနဲ့ ပြောရမယ်ဆိုရင် လက်ရှိရွေးကောက်ပွဲ အပေါ်မှာ ချမှတ်လာတဲ့ ဒီရွေးကောက်ပွဲကော်မရှင်ရဲ့ အမိန့်ဥပဒေတွေသော်လည်းကောင်း၊ ကြံ့ခိုင်ဖွံ့ဖြိးရေးပါတီရဲ့ အာဏာရပါတီတရပ်လို ပြည်သူလူထုကြားမှာ ဆောင်ရွက်လာတဲ့ အခြေအနေတွေဟာ လက်ရှိရွေးကောက်ပွဲရဲ့ရလဒ်တွေ၊ ရွေးကောက်ပွဲအခင်းအကျင်းတွေရဲ့ ဆောင်ရွက်နေမှု အခြေအနေတွေဟာ လွတ်လပ်ပြီး တရားမျှတနိုင်ဖို့ မရှိဘူးဆိုတဲ့ အခြေအနေကို သက်သေပြနေပါတယ်။ ဒီအခြေအနေအပေါ်မှာ နိုင်ငံတကာက ထိထိရောက်ရောက် မြန်မာနိုင်ငံရေးကိစ္စ အပေါ်မှာ ထိရောက်တဲ့ ဆောင်ရွက်မှုတွေရှိဖို့ လိုအပ်ပါလိမ့်မယ်။ အခုလက်ရှိ ဆောင်ရွက်နေမှု အခြေအနေထက်တော့ နည်းနည်းတိုးပြီး ဆောင်ရွက်သင့်တယ် လို့ပြောချင်ပါတယ်။”
ဦးဖြိးမင်းသိန်းဟာ ၁၉၈၈ ခုနှစ်မှာ လူ့ဘောင်သစ်ပါတီနဲ့ ဗကသအဖွဲ့ဝင်ဖြစ်ခဲ့ဖူးပြီး ၁၉၉၀ ခုနှစ်မှာ အောက်မြန်မာနိုင်ငံ ဗကသ အဖွဲ့ရဲ့ အတွင်းရေးမှူးတာဝန်ယူခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ န၀တစစ်အစိုးရက ထောင် ရ နှစ် ချမှတ်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ တောင်ငူထောင်တွင်းမှာ ထောင်မှုထပ်တိုးခံရကာ ၂၀၀၀ ခုနှစ်မှာ တောင်ငူထောင်ကနေ မြောင်းမြရွှေ့ပြောင်းခံရပါတယ်။ ၂၀၀၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့မှာ ပြန်လည်လွတ်မြောက်လာသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၀ မှာတော့ ပြည်ထောင်စုဒီမိုကရေီပါတီကို ၀ါရင့်ရှမ်းနိုင်ငံရေးသမားကြီး ဦးရွှေအုန်း၊ ၈၈ ကျောင်းသားဟောင်း ဦးသိန်းတင်အောင်တို့နဲ့အတူ စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
Leave a Reply