အံ့ဘုန်းမြတ် ၃ သြဂုတ် ၂၀၁၀ (ဒီဗွီဘီ)
နအဖ စစ်အစိုးရအာဘော် မြန်မာ့အလင်းသတင်းစာမှာ ရွေးကောက်ပွဲပျက်ပြားအောင် လုပ်ဆောင်ပြောဆိုရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်နိုင်တယ်ဆိုပြီး ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုနဲ့ ပြစ်ဒဏ်တွေကို ရေးသား ဖော်ပြလာပါတယ်။
ဥပဒေလေ့လာသူတဦး ကလောင်အမည်နဲ့ ‘ရွေးကောက်ပွဲတွင် တည်ငြိမ် အေးချမ်းရေးနှင့် ဒီမိုကရေစီ’ အမည်နဲ့ဆောင်းပါးကို ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရွေးကောက်ပွဲဆိုင်ရာပြစ်မှု၊ ပြစ်ဒဏ်တွေကို ပြန်လည်ရေးသားလာတာပါ။ ရေးသားတဲ့အထဲမှာတော့ ဒီဥပဒေတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ရေးသားတဲ့ အမျိုးသား ညီလာခံကျင်းပနေစဉ် ကတည်းက အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်ဆိုပြီး ပြဌာန်းခဲ့တာလည်းဖြစ်ပါတယ်။ အခုအခါမှာ တော့ ရွေးကောက်ပဲကျင်းပဖို့ပဲ ကျန်ရှိတော့တာကြောင့် ဒီပြဌာန်းဥပဒေတွေထဲက အကျုံးဝင်နေဆဲ ဥပဒေပုဒ်မတွေ၊ ပြစ်မှုတွေနဲ့ ပြစ်ဒဏ်တွေကို ပြန်လည်သတိပေးတဲ့အနေနဲ့ ဖော်ပြလာတာလည်း ဖြစ်ပါတယ်။
ဒီပြစ်မှုတွေထဲမှာတော့ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးတွေကို ထိခိုက်ပျက်ပြား စေရန်နဲ့ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေအောင်လှုံ့ဆော်တာ၊ ဆန္ဒပြတာ၊ ဟောပြောတာ၊ ပြောဆိုတာ ဒါမှမဟုတ် ရေးသားဖြန့်ဝေတာ စတာတွေကို ဖောက်ဖျက် ကျူးလွန်တာ ဖောက်ဖျက်ကျူးလွန်ဖို့ အားထုတ်တာ ဒါမှမဟုတ် အားပေးကူညီ တာတွေဟာ ဥပဒေနဲ့ ငြိစွန်းတယ်လို့ ဖော်ပြထားပါတယ်။
ဒီပြစ်မှုတွေကို လူပုဂ္ဂိုလ်တွေအနေနဲ့ ငြိစွန်းခဲ့မယ်ဆိုရင်တော့ ထောင်ဒဏ် (၅) နှစ်ကနေ အများဆုံး (၂၀) အထိ ချမှတ်နိုင်သလို ငွေဒဏ်လည်း ကျခံရနိုင်ပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ ငြိစွန်းခဲ့မယ်ဆိုရင်တော့ အသင်းကို ကာလသတ်မှတ်ပြီး ရပ်ဆိုင်းထားနိုင်သလို ဖျက်သိမ်းနိုင်တဲ့အပြင် မတရားအသင်းများ ဥပဒေအရ မတရားအသင်းအဖြစ် ကြေညာနိုင်တယ်ဆိုတဲ့အထိ ဖော်ပြထားပါတယ်။ ဒီလိုဖော်ပြလာတာနဲ့ပတ်သက်ပြီး ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေကတော့ အခုလို မှတ်ချက်ပေးပါတယ်။
“အရင်တုန်းကလည်း ကော်မရှင်ဥပဒေမှာလည်း ဒါမျိုးတွေပါတယ်။ အခု ဟာတော့ ထပ်ပြီးတော့ လုပ်တာဆိုတော့ Remin လုပ်တာပေါ့။ အစိုးရလည်း မဝေဖန်ရဘူး၊ တခြားပါတီလည်း မပုတ်ခတ်ရဘူးဆိုတာ ဘယ်ထိအောင် ပြောချင်တာလည်း ဆိုတာ မပြောတတ်ဘူး။ အဲဒါကလည်း အကျယ်ကြီးပဲဥစ္စာ အခုထက်ထိအောင်တော့ ဘာမှမဖြစ်သေးဘူး။ ဒါပေမယ့် ကျနော်တို့က အခုစည်းရုံးရေးဆင်းနေတဲ့အခါမှာ အမြဲဘဲ တိုင်းပြည်မှာ ချွတ်ယွင်းနေတဲ့ဟာတွေထဲက ဘာတွေလည်းဆိုတာ အဲဒါတွေကို ကျနော်တို့က အမြဲပြောတယ်။ နောက်ပြီတော့လည်း ဘယ်လိုပြင်ချင်တယ်ဆိုတာပြောတာပေါ့။ အဲဒါတွေက လည်းဘဲ သူတို့ရဲ့ ဥပဒေအရများ ကျူးလွန်တယ်ပြောရင်လည်း ရချင်လည်းရမှာပေါ့။ အခုထက်ထိတော့ ကျနော်တို့ ဘာမှပြောတာဆိုတာ မရှိသေးဘူး။”
ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတွေထဲက ပြည်ထောင်စုဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဦးသိန်းတင်အောင် ကလည်း
“ဒီဥပဒေကတော့ သူတို့ရည်ရွယ်တာ Boycott သမားတွေကို ရည်ရွယ်တာလို့ ထင်တယ်။ အဓိကက ရွေးကောက်ပွဲကို ဖျက်မယ်ထင်တဲ့လူတွေ ကျင်းပလို့မရ အောင်လုပ်မယ့်လူတွေကို ဖယ်ရှားရအောင် ကြိုကာတာပဲ။ နိုင်ငံရေးပါတီတွေအနေ နဲ့က ရွေးကောက်ပွဲကိုပျက်စီးအောင်မလုပ်ဘူး။ ရွေးကောက်ပွဲကို တရားမျှတအောင် လုပ်မှာလေ။ အားလုံးတညီတညွတ်တည်း ဥပဒေအရ အကျိုးသက်ရောက်စေအောင် အဲဒါတွေပဲပြောမှာပဲ။ အဲဒါတွေနဲ့တော့ လုပ်လို့မရဘူး၊ အဲဒီလိုနိုင်ငံရေးပါတီတွေ ပြောဆိုမှုတွေကိုတော့ ဒီဥပဒေက ထိန်းချုပ်လို့မရဘူး။”
နိုင်ငံရေးပါတီများ လုပ်ထုံးလုပ်နည်းဥပဒေတွေအရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်မရပ်တည်တော့ပဲ လူမှုရေးလုပ်ငန်းတွေ ကိုပဲ လုပ်ကိုင်ဖို့ ဆုံးဖြတ်ထားတဲ့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ရှေ့နေ ဦးဉာဏ်ဝင်းကတော့ ဒီဥပဒေတွေနဲ့ပတ်သက်ပြီး အခုလို မှတ်ချက်ပေး ပြောဆိုပါတယ်။
“ရွေးကောက်ပွဲဥပဒေတွေပဲဖြစ်ဖြစ် ရွေးကောက်ပွဲကျင်းပဖို့ပဲဖြစ်ဖြစ်၊ ဝေဖန်တယ်ဆိုရင်တော့ ဝေဖန်သုံးသပ်ချက်တွေက ဘယ်ပြစ်မှုနဲ့မှ မမြောက်ဘူး။ သို့သော် ဒီနေ့အဲဒီမှာရေးထားတဲ့ ဆောင်းပါးတွေအရဆိုရင် ဆွဲချမယ်ဆိုလို့ရှိရင် စိုးရိမ်စရာ ကောင်းပါတယ်။ အနှစ် ၂၀ လုံးလုံး ကျနော်တို့ အတွေ့အကြုံမှာလည်း ရှိပါတယ်။ ဒါကိုလည်း အခုလက်ရှိ ရွေးကောက်ပွဲ ၀င်မယ်ဆိုတဲ့ ပါတီတွေလည်းသိတယ်။ သို့သော် အန္တရာယ်ရှိလို့ မလုပ်ဘူးဆိုပြီး လုပ်သင့်တဲ့ဟာ မလုပ်လို့တော့မဖြစ်ဘူး။ လုပ်သင့်တာတော့ လုပ်ကြမယ်။ ပြောသင့်တာတော့ ပြောကြရမယ်လို့ ကျနော်တို့ အဲလိုပဲယူဆတယ်။”
စိန် ပြီဟေ့…
LikeLike